EPISODE • 12 •

360 35 3
                                    

Episode • 12 •
Unicode Version

ယခုအချိန်ကား second semester ဒုတိယစာသင်နှစ်အတွက် စာမေးပွဲဖြေပြီးသွားပြီမို့ အားလက်ချိန် ကျောင်းပိတ်ရက်ဖြစ်‌လေသည်။ ကျောင်းပိတ်ရက်ဆိုပေမယ့် ဟိဏ်းကတော့ ဆန်ဆိုင်ကိစ္စတွေ‌ လိုက်လုပ်နေရတာကြောင့် အပြင်သွားဖို့ဘက်ကို အာရုံသိပ်မရောက်ဖြစ်ပေ။ သို့သော်လည်း ဒီနေ့တော့ ဘာအလုပ်ကိစ္စ၊ ဆန်ဆိုင်ကိစ္စမှမလုပ်ပါ။ ဒီနေ့ဟိဏ်းတစ်ယောက်တည်း မုန့်သွားစားမည်။ သုတနိုင်ကိုလည်း မခေါ်တော့ပါ။

သုတနိုင်လည်း အခုတလော သူ့မိသားစုရေးရာကိစ္စများရှုပ်နေသောကြောင့် ဖြေရှင်းနေရသည်။ သုတနိုင် အဆင်ပြေလို့ ဆက်သွယ်လာတဲ့အချိန်ကြမှ သုတနိုင်ရင်ဖွင့်သမျှကို သူအကုန်လုံး နားထောင်ပေးမည်။ ခင်မင်ရင်းနှီးရတဲ့ အချစ်ဆုံးသူငယ်ချင်းတွေဆိုတာ အမြဲတမ်း ဆက်သွယ်နေစရာမှမလိုတာ။ တစ်ဦးလိုအပ်ချိန်မှာ တစ်ဦးကအနားမှာရှိနေပေးရင်ပင် ပြီးပြည့်စုံနေပြီလေ။

ဒီနေ့ မြေနီကုန်းက August drink and fried chicken မှာသွားစားမည်ဟု ဟိဏ်းတွေးထားသည်။ စားစရာရော၊ သောက်စရာပါ တစ်ခါတည်းရတဲ့ August drink and fried chicken မှာ ဟိဏ်း တစ်ခါမှမစားဖူးပေ။ ဆိုင်အရှေ့က ခဏခဏ ဖြတ်နေပေမယ့် ဆိုင်အထဲတော့ တစ်ခါမှ မရောက်ဖူးခဲ့ပါ။ ထို့အပြင် August နှင့် မျက်နှာချင်းဆိုင် ဘေးချင်းကပ် J'donuts ဆိုင်မှာတော့ donuts တွေ ခဏခဏ သွားဝယ်လေ့ပေမယ့် August ကိုတော့မဝင်ဖူးပေ။ ဒီနေ့တော့ဟိဏ်းတစ်ယောက်တည်း အပီအပြင် သွားစားလိုက်ပါဦးမယ်‌လေ ဟုတွေးတောကာ ပြင်ဆင်လိုက်‌သည်။

•••••

လွန်ခဲ့တဲ့ရက်ပိုင်းက မမက donuts စားချင်တယ်ဟုပြောတာကြောင့် သော်ဝေအောင် မမ မှာတဲ့ဟာကို မြေနီကုန်းက J'donuts တွင် သွားဝယ်ရန် အိမ်မှ လမ်းလျှောက်ကာထွက်လာလိုက်သည်။

မနီးသော်လည်း အဝေးကြီးမဟုတ်တဲ့အပြင် ကားဖြင့်သွားလျှင် ကားရပ်ရသည့် နေရာရှုပ်နေမည်စိုးတာကြောင့် ကားမယူပဲ လမ်းလျှောက်၍သာသွားလိုက်သည်။

မြေနီကုန်းလူကူးတံတားပေါ်သို့အရောက်တွင် တံတားလက်တန်းကို လုံးဝမထိ၊ မကိုင်ပဲ လက်ပိုက်ကာရပ်နေသည့်အပြင် ဟံသာဝတီအဝိုင်းဘက်ရှိရာသို့ မျက်နှာမူကာကြည့်နေသော ကောင်လေးတစ်‌ယောက်ကို တွေ့လိုက်သည်။ ပါလေရာ ငပိချက် ပစ္စည်းနှစ်ခု ဖြစ်တဲ့ ဦးထုပ်နဲ့ထီးကတော့ မပါမဖြစ်။

Destiny or FateWhere stories live. Discover now