အပိုင်း ( ၄၇) တောင်အောက်ဆင်းခြင်း

354 54 11
                                    


နှစ်သစ်ကူးပြီးသည်နှင့် တောင်အောက်ဆင်းကာ လေ့ကျင့်ကြမည့် လူငယ်တပည့်များမှာ အသီးသီး ရှိုယန်တောင်မှ ထွက်ခွာသွားကြတော့သည်။

ရွှမ်ကျီး၊လင်းလုံနှင့် အခြားသူများသည်လည်း သုံးရက်မြောက်နေ့တွင် ထွက်ခွာသွားခဲ့ကြသည်။ မည်သည့်နေရာကို သွားရမည်ဟု သတ်မှတ်ထားခြင်းမျိုး မရှိသော်လည်း တစ်နှစ်အတွင်း ရှောင်းယန်ဂိုဏ်းသို့ ပြန်မသွားရန်မှာ တင်းကြပ်ထားသည့် စည်းကမ်းဖြစ်ပေသည်။

သူတို့ သုံးယောက်သည် တောင်ခြေရှိ တည်းခိုခန်းတွင် တစ်ညတာ တည်းခိုကြပြီး သူတို့၏ အနာဂတ် ခရီးစဉ်များကို ဆွေးနွေးတိုင်ပင်ကြလေသည်။

"ငါတို့ အရင်ဆုံး ဖူယွိကျွန်းကို သွားကြရင်ကော "လင်းလုံသည် အလွန်ပင်စိတ်လှုပ်ရှားနေပြီး လုံးဝကို တောင်အောက်ဆင်း၍လေ့ကျင့်သည်ဟု မခံစားရဘဲ အပျော်ခရီးထွက်လာသကဲ့သို့ပင်။

ကျုံးမင်ရန်သည် ယခုလေးတင်မှ ယောက်ဟွားဓားသိုင်းအား လေ့ကျင့်၍ပြီးသွားသောကြောင့် ဆံပင်များမှာ ချွေးများစိုရွှဲနေလေသည်။ သူက သူမဆွဲထားသည့် မြေပုံအား ကြည့်ကာ ခေါင်းယမ်းလျက်ပြောလိုက်၏။ "မသွားတာကောင်းမယ်။ ငါတို့က ကစားဖို့ထွက်လာတာမဟုတ်ဘူးလေ။ ဘယ်ကိုသွားရမလဲဆိုတာနဲ့ ဘယ်နေရာမှာ မိစ္ဆာတွေနဲ့လူယုတ်မာတွေ ခြောက်လန့်နေတယ်ဆိုတာ သိဖို့ အရင်ဆုံး ဆုံးဖြတ်ရင်ကော"

လင်းလုံက ရင်ဘတ်ပေါ်ရှိ ကျစ်ဆံမြှီးလေးအား ကိုင်ကာ ဆော့နေရင်း နှုတ်ခမ်းစူလျက် ဆိုသည်။" ဒါပေမဲ့ သူများက တုန်းဖန်းဦးဦးကို သွားတွေ့ချင်တာပါဆို။ ပြောရရင်
အရင်တစ်ခေါက် က ရွှမ်ကျီးက တုန်းဖန်းဦးဦးရဲ့ ဇနီးကို မမြင်လိုက်ရဘူးလေ။သူများက ငါတို့နောက်ပိုင်း အားရင်သွားကစားကြမယ်ဆိုပြီး ဆုံးဖြတ်ထားသေးတယ်။ ရွှမ်ကျီး နင်လည်း သွားချင်တယ်မလား"

သူမက မြန်မြန်ဆန်ဆန်ပင် မဟာမိတ်ကိုဆွဲထည့်လိုက်၏။
  
ရွှမ်းကျီးက မြေပုံကိုကြည့်လိုက်ကာ ခဏလောက်လေ့လာလိုက်ပြီးနောက် ​ဆိုသည်။ "ဖူယွိကျွန်းက အရှေ့အရပ်မှာ ရှိတာ။ ငါတို့တကယ်လို့ ဓားပျံစီးသွားမယ်ဆိုရင်တောင် နေ့တစ်ဝက်လောက်သွားရလိမ့်မယ်။ငါ့မှာ အကြံတစ်ခုရှိတယ်။ ငါတို့ ဒီခရီးကို ဓားပျံမစီးဘဲ ခြေကျင်ပဲသွားကြရင်မကောင်းဘူးလား။ ဒီလိုဆိုရင် ခရီးက လအနည်းငယ်လောက် အချိန်ကြာပြီး ​​အခန့်သင့်ရင် မိစ္ဆာတွေနဲ့လူယုတ်မာတွေ သောင်းကျန်းနေတဲ့ သတင်းကိုလည်း မေးလို့ရနိုင်မယ်လေ"

Love and redemption (琉璃美人煞)Myanmar Translation Where stories live. Discover now