အပိုင်း (၆၃) နတ်မင်း၏ ဆင့်ခေါ်မှု

293 30 0
                                    

မျိုးနွယ်စုဘိုးဘေးခန်းမမှာ ကောင်းမျိုးနွယ်စုတောင် ခြေရင်း ဟုန်ဇယ်ကန် နံဘေးတွင် တည်ရှိသည်။

နှစ်လပိုင်း ပူဇော်ပသပွဲ မရောက်သေးသည့်တိုင် ဘိုးဘေးခန်းမရှေ့တွင် အစောကြီးကတည်းက လူများပြည့်ကြပ်နေပြီဖြစ်ပြီး ရေကန်အတွင်းတွင်လည်း အပျော်စီးလှေငယ်လေးများနှင့် ပြည့်နှက်နေကာ ကမ်းခြေတစ်လျောက်တွင်မူ ပို၍ လူများတိုးမပေါက်အောက်ပင် ဖြစ်နေပြီး လမ်းမှာ သွားလာရန်ပင် မလွယ်ကူလှပေ။

မြင်းလှည်းက တစ်ဖက်ကမ်း ခပ်ဝေးဝေးတစ်နေရာတွင် ရပ်တန့်သွားပြီး အားလုံး လှည်းပေါ်မှဆင်းလိုက်ကြသောအခါ တစ်ဖက်ကမ်းတွင် နှစ်ထပ်သုံးထပ်ခန့်မြင့်မည့် လှပသော ဘုရားကျောင်းတစ်ခုကို မြင်လိုက်ရလေသည်။ ဘုရားကျောင်းရှေ့တွင် ကျောက်စာတိုင်ငါးခုရှိပြီး ကျောက်စာတိုင် ထက်၌ မီးအိမ်မှာ ရောင်စုံပိုးထည်များဖြင့် အလှဆင်ထားပြီး ပိုးထည်များ ဝဲလွင့်နေပုံမှာ အမှန်ပင် ရင်သက်ရှုမောဖွယ်ရာ မြင်ကွင်းဖြစ်ပြီး သာမန် မင်းမျိုးမင်းနွယ်များပင်လျှင် ဤကဲ့သို့သော မြင်ကွင်းမျိုးကို လိုက်လံတုပနိုင်မည်မဟုတ်ချေ။

ကျုံးမင်ရန်က တစ်ဖက်ကမ်းရှိ ပျားပန်းခတ်မျှ သွားလာလှုပ်ရှားနေကြသော လူအုပ်ကြီးကိုမြင်လျှင် မျက်မှောင်ကြုတ်လိုက်လျက် ဆိုသည်။ " ဘယ်လိုဖြစ်ပြီး ဒီလောက်လူများနေတာလဲ။ ပူဇော်ပသပွဲက မရောက်သေးဘူးမလား "

ဖန်းယိကျန်းက ရယ်လျက်ပြောသည်။ " ကျုံးသူရဲကောင်းလေးက မသိပဲကိုး။ မကြာခင်ရက်ပိုင်းအတွင်းမှာ နတ်သမီးက ကိုယ်ထင်ပြပြီး ဘုရားကျောင်းအတွင်းမှာ ဒီနေ့ တောင်ပေါ်သွားပြီး သူ့ကို ခစားရမဲ့ လူတွေရဲ့ စာရင်းကို ထားခဲ့မှာလေ။ ဒါကြောင့် အားလုံးဒီမှာ စုစည်းပြီးစောင့်ဆိုင်းရင်း နတ်ဘုရားမ ရွေးချယ်တာခံရပြီး နတ်ဘုရားကံကြမ္မာကို ခံစားနိုင်ကြဖို့ မျှော်လင့်နေကြတာ "

ထိုစကားကိုကြားလျှင် အားလုံးမှာ တိတ်ဆိတ်သွားကြတော့သည်။ သူတို့အားလုံးသည် ငယ်စဥ်ကတည်းက နတ်ဘုရားအဖြစ် စံမြန်းရန် ကျင့်ကြံလာခဲ့ကြသူများဖြစ်သည့်တိုင် ဂိုဏ်းကြီးငါးဂိုဏ်းလုံးတွင် ရှေးယခင်ခေတ်မှ ယနေ့ထိတိုင် ထိပ်ဆုံးမှ အောက်ခြေအထိ အမှန်တကယ် နတ်ဘုရားအဖြစ် စံမြန်းနိုင်သူ သို့မဟုတ် နတ်ဘုရားများကို မြင်တွေ့ဖူးသူမှာ ရှားပါးလှသည်။မမျှော်လင့်ဘဲ ဤ ကောင်းမျိုးနွယ်တောင်ခြေတွင် နေထိုင်သည့် အစစ်အမှန်နတ်မင်းတစ်ပါးရှိနေသည့်အပြင် နှစ်တိုင်း လူငယ်ယောကျ်ားလေးများကို ရွေးချယ်သည့် အဖြစ်မျိုးကို အမှန်တကယ် မကြားဖူးကြပေ။

Love and redemption (琉璃美人煞)Myanmar Translation Where stories live. Discover now