အပိုင်း (၆၅)မင်္ဂလာဝတ်စုံနှင့် လူငယ် (၁)

487 41 1
                                    

နှစ်ဦးသား ငှက်မွှေးကဲ့သို့ ပေါ့ပါးစွာ ဘေးခန်းမသို့ ပြန်လာချိန်တွင် လက်ဖက်ရည်အိုးမှာ တစ်အိုးပင် လဲလှယ်ပြီးသွားလေပြီ။ လင်းလုံတို့မှာ စိတ်မရှည်စွာ စောင့်ဆိုင်းနေကြရင်း သူတို့နှစ်ယောက်ဝင်လာသည်ကို မြင်လျှင် ချက်ချင်း ဝိုင်းအုံလျက် မေးလာတော့သည်။ " ဘယ်လိုလဲ။ ဘာစုံစမ်းလို့ ရခဲ့လဲ "

ယွီစီးဖုန့်က လက်ကိုယမ်း၍ သူတို့အား အသံတိုးရန် အချက်ပြလိုက်ပြီး အထဲသို့ လျှောက်လာပြီးမှ ပြုံးလျက် ဆိုသည်။ " ကိစ္စကြီးကြီးမားမား တစ်ခုပဲ။ လက်စသတ်တော့ အဲဒီ နတ်သမီးက ယောကျ်ားတွေထက်တောင် အစွမ်းထက်နေသေးတာကိုး။ နှစ်တိုင်းခင်ပွန်းလေးယောက်တောင် လက်ထပ်ယူတာ !"

ထို့နောက် သူက ပင်မခန်းမတွင် ကြားသိခဲ့ရသမျှ ကိစ္စအား ပြန်လည်ပြောပြလာသည်။ လင်းလုံမှာ ထိုစကားများအား ကြားလျှင် ဆွံ့အသွားပြီး ပြောသည်။
" ဒီလို ကိစ္စမျိုး ရှိသေးတယ်! အဲဒီ နတ်သမီးက တကယ်ပဲ မကောင်းဆိုးဝါးလား "

ရွှမ်ကျီးက ပြောလာသည်။ "ပြောရရင် ဒီမနက် ဟို ဘိုးဘေးခန်းမမှာ ရှိတုန်းက နတ်သမီး ကြွလာတဲ့အချိန်မှာ ငါ မိစ္ဆာချီအနံ့ ရလိုက်သလိုပဲရယ် "

ကျုံးမင်ရန်က မျက်မှောင်ကြုတ်လိုက်လျက် " မိစ္ဆာချီ
က အနံ့ခံလို့ရတာလား ။ဒါဆို နင်ပြောကြည့် ဘယ်လိုအနံ့မျိုးလဲဆိုတာ "

သူဘယ်တုန်းကမှ မိစ္ဆာချီအား အနံ့ခံ၍ ရမှန်း မကြားဖူးခဲ့ပေ။

ရွှမ်ကျီးသည် ခေတ္တမျှ ထိတ်လန့်သွားပြီး " အာ အနံ့က....." သူမလည်း မည်သို့သော အနံ့မျိုးဆိုသည်ကို မပြောတတ်ပါ။သို့သော် အနံ့ရလိုက်သည်နှင့် သိသင့်သည် မဟုတ်လော။

"နင်တို့ ဘယ်တုန်းကမှ မိစ္ဆာချီကို အနံ့မခံဖူးဘူးလား "

ကျုံးမင်ရန်က အကျယ်ကြီးရယ်လိုက်ပြီး " ငါကတော့ အနံ့မခံနိုင်ဘူး။ တစ်ယောက်ယောက်က အနံ့ခံနိုင်တယ်ဆိုတာကိုလည်း မယုံဘူး " သူက ရွှမ်ကျီး၏ နဖူးကို အသာအယာ ရိုက်လိုက်ပြီး ထပ်မံ ရယ်လိုက်ရင်း "
နင့်မှာ ဘာလို့ အမြဲတမ်း ထူးထူးဆန်းဆန်း ကိစ္စတွေအများကြီး ရှိနေရတာလဲ။တကယ့်ကို ထူးဆန်းတဲ့ ကလေးပဲ "

Love and redemption (琉璃美人煞)Myanmar Translation Where stories live. Discover now