အပိုင်း( ၆၂) ကောင်းမျိုးနွယ် အမျိုးသမီး

301 35 2
                                    


ရော့ယွိ့ဆိုသည့်အတိုင်းပင် ကျုံးလီမြို့သည် မြို့ကြီးတစ်မြို့ဖြစ်ပြီး ၎င်း၏ စည်ကားပုံနှင့် ခမ်းနားပုံမှာ ယခင် လုထိုင်မြို့၊ဝမ့်ရှန်းမြို့များနှင့် လုံးဝ ယှဥ်မရပေ။ ထို ကြီးမားသော အပြာရောင်ကျောက်တုံးကြီးများဖြင့် တည်ဆောက်ထားသည့် မြင့်မားလှသည့် မြို့တံတိုင်း မျှော်စင် ၏ ခမ်းနားလှသော ပုံစံကိုသာ ရှုလိုက်ပါ။ ကျယ်ပြောလှသော လမ်းမကြီးတစ်ခုက မြို့တံခါးအနောက်မှ ဖြန့်ကျက်သွားပြီး ဘေးတစ်ဖက်တစ်ချက်တွင် လူနေအိမ်များနှင့် တောင်ပံဖြန့်၍ ပျံသန်းနေဟန် တံစက်မြိတ်များပါသည့် ပွဲကြည့်စင်များ တည်ရှိသည်။

မြို့အတွင်း၌ လူများဖြင့် ကြက်ပျံမတတ် စည်ကားနေပြီး မတူကွဲပြားသည့် စည်ကားသက်ဝင်နေသော မြင်ကွင်းကို ပေးစွမ်းနေသည်။ လင်းလုံနှင့် ကျုံးမင်ရန်တို့ နှစ်ဦးလုံးအတွက် ဤသို့သော မြင်ကွင်းမျိုးမှာ ပထမဆုံးဖြစ်လေရာ မည်သည့်အရာမဆို အသစ်အဆန်းဖြစ်ကာ စိတ်ဝင်စားဖို့ ကောင်းနေကြပြီး နှစ်ယောက်သားမှာ ဘာမှမဖြစ်သလို မနေနိုင်ကြတော့ဘဲ အစောကြီးကတည်းကပင် အရိပ်ပင်မမြင်ရအောင် ထွက်ပြေးသွားကြနှင့်ပြီဖြစ်သည်။ နောက်ဆုံး၌ ရော့ယွိ့တစ်ယောက် နေ့တစ်ဝက်ခန့် အားထုတ်ပြီးမှသာ ရှုပ်ရှက်ခပ်နေသော လူအုပ်ကြီးအတွင်းမှ သူတို့အား တူးထုတ်လာနိုင်တော့သည်။

"အဲ့လူက အစွမ်းထက်လိုက်တာ ! ဘာသိုင်းတွေ လေ့ကျင့်တာလဲ ! " လင်းလုံမှာ စိတ်လှုပ်ရှားနေဆဲဖြစ်ပြီး ထို ဓားတောင်ပေါ်တွင် တက်ပြနေသည့် ပညာရှင်အား လက်ညိုးထိုးလျက် ရော့ယွိ့အား တစ်တွတ်တွတ် မေးနေ၏။

ရော့ယွိ့က ရယ်လိုက်ပြီး " လက်လှည့် ပြကွက်လေးပါပဲ။ အစစ်မဟုတ်ဘူး "

" ဒီလိုပြောလို့တော့ မရဘူး " ကျုံးမင်ရန်က မေးစေ့ကိုပွတ်လိုက်ပြီး ဓားတောင်ပေါ်တက်နေသည့်လူ၏ လှုပ်ရှားမှုများကို အသေအချာ စူးစိုက် ကြည့်လိုက်၏။ မည်သို့ကြည့်ကြည့် ထိုဓားများအားလုံးသည် ရေခဲနှင့်နှင်းများကဲ့သို့ တောက်ပနေပြီး အတုနှင့်မတူပေ။ " ဆရာပြောတာက သာမန်လူတွေထဲမှာလည်း တစ်မူထူးခြားတဲ့သူတွေ အများကြီးရှိတယ်တဲ့။ ဒီမှာလည်း တစ်ယောက်ရှိနေမယ်လို့ မထင်ထားဘူး။ ဒီ ဓားတွေလှံတွေကို မကြောက်တဲ့ သိုင်းကို သင်ယူနိုင်ရင် အမြတ်အများကြီးရမှာ သေချာတယ် "

Love and redemption (琉璃美人煞)Myanmar Translation Where stories live. Discover now