Part 18

730 45 0
                                    

တစ်ပတ်ကြာမြင့် ပြီးသည့်နောက် ကောင်း
ရန်ကုန်မှ ပြန်လာခဲ့လေသည်။ ပေါင်းပေါင်း ကလည်း ကျွန်တော်တို့ အိမ်တွင် ရောက်နေသဖြင့် မေမေကတော့ ကောင်း ကိုပါ အိမ်တွင်နေရန် ပြောနေလေသည်။

"သားကောင်း မေကြီးတို့အိမ်မှာပဲ နေပါကွယ်
မနန်းလည်း ပြန်မလာသေးဘူးမလား...ပေါင်းပေါင်း ကလည်း ဒီမှာပျော်နေတာ သားရဲ့"

"ဟုတ်ကဲ့ မေကြီး ကျွန်တော်က ကိစ္စမရှိပါဘူး...ဒါပေမယ့် လင်းလေးက...."

ကျွန်တော့်ဘက် မြားဦးလှည့်လာသည့် ကောင်းကြောင့် ကျွန်တော် ဝင်မပြောရင် မကောင်းသဖြင့် မေမေတို့ စကားဝိုင်းထဲ ဝင်ရပြန်သည်။

"မင်းဘာသာ ဒီအိမ်မှာ နေချင်နေ မနေချင်နေ...ငါ့ကိုတော့ ပြဿနာ လာမရှာနဲ့"

ကျွန်တော် ဘုတောကာ ပြန်ပြောလိုက်တော့ မေမေက ဝင်ဟန့်လေသည်။

"သား...‌ဘယ်လိုပြောလိုက်တာလဲ...သားကောင်းကို အားနာစရာကြီး"

"ကိစ္စမရှိပါဘူး မေကြီး ....အဲ့ဒါဆို လင်းလေး...ကိုယ် မင်းလက်ခံတယ်လို့ ယူဆလိုက်ပြီနော်"

ကျွန်တော်လည်း ကောင်း ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး ခေါင်းကိုသာ ငြိမ့်ပြလိုက်တော့သည်။ ကောင်း ကတော့ ဝမ်းသာနေတဲ့ မျက်နှာကြီးနဲ့ ပြုံးဖြီးနေပြီးနောက် ပေါင်းပေါင်းကို မေးလာလေသည်။

"မေကြီး ဒါနဲ့ သမီးကောဟင်"

"ပေါင်းပေါင်းလေးက သူ့ဒေါ်ဒေါ် နဒီ နဲ့ ဈေးလိုက်သွားတယ်လေ...မင်းမမကလည်း ပေါင်းပေါင်းလေးဆို ချစ်မှချစ်..."

ကျွန်တော်လည်း ပြောစရာ စကားမရှိတော့သဖြင့် ကျွန်တော့် အခန်းဆီသို့သာ တက်ခဲ့လိုက်သည်။ မေမေကတော့ ကောင်း နှင့် စကားကောင်းနေဆဲ။ကောင်းကလည်း မေမေတို့နှင့် မတွေ့တာ တစ်ပတ်ပင်ရှိပါသော်လည်း ရေပတ်မဝင်အောင်ပင် စကားပြောနေလေသည်။

'ဟူး....ကောင်းက သားအရင်း မဟုတ်လို့သာ တော်တော့တယ်...သားအရင်းများဆို ငါတောင် ဘယ်ချောင်သွားနေမလဲ မသိတော့ဘူး...'

ကျွန်တော့် အတွေးတွေကို ရုတ်သိမ်းလိုက်ပြီး စာကြည့်စားပွဲဆီ သွားထိုင်လိုက်ကာ ကလေးတွေ ဉာဏ်စမ်းဖြေထားသော အဖြေစာရွက်ကို စစ်နေလိုက်သည်။ ထိုအချိန်တွင် ကျွန်တော့် ပခုံးနှစ်ဖက်ပေါ်သို့ ကျရောက်လာသော ‌လက်နှစ်ဖက်...။

A Thorn In My Heart(နှလုံးသားထဲကဆူးတစ်ချောင်း)(Complete)Where stories live. Discover now