Part 29

617 31 3
                                    

ညနေစာ စားပြီးသည့်နောက် ပေါင်းပေါင်းနှင့်အတူ scrabble game ကစားပြီး၊ ဘုရားစာပါ ကျွန်တော် သင်ပေးရပြန်သည်။ ပေါင်းပေါင်းသည် ဉာဏ်ကောင်းသူဖြစ်၍ ဩကာသ ကန်တော့ချိုးကို ကျွန်တော် တိုင်ပေးသည့်အတိုင်း မှန်ကန်စွာ လိုက်ဆိုနေလေ၏။

အိမ်အောက်ထပ် မီးဖိုခန်းတွင်တော့ ကောင်း သည် အိုးခွက်ပန်းကန်များကို ဆေးကြောနေလေသည်။ ကောင်း အပေါ်ထပ် တက်လာချိန်တွင် ပေါင်းပေါင်းလည်း ဘုရားရှိခိုးလို့ ပြီးလေပြီ။

"လင်းလေး ကော်ဖီသောက်တော့မလား...ကိုယ်ဖျော်ခဲ့မယ်လေ..."

"အာ...ဒီနေ့တော့ မသောက်တော့ပါဘူး...နေ့လည်က လည်ထားတော့ ပင်ပန်းပြီး အိပ်ချင်နေပြီ...ကော်ဖီသောက်လိုက်ရင် အိပ်မပျော်ဘဲ ဖြစ်နေလိမ့်မယ်..."

ကျွန်တော်ပြောလိုက်သည့် စကားတို့ကြောင့် ကောင်း ၏မျက်နှာသည် သုန်မှုန်သွားလေတော့သည်။ ကျွန်တော်လည်း ရယ်ချင်စိတ်ကို မနည်းထိန်းပြီး ခပ်တည်တည်သာ နေနေလိုက်သည်။

"လင်းလေး...နေ့လည်က ကိုယ့်ကို ကတိပေးထားတယ်လေကွာ..."

"ဘာများလဲ..."

ကျွန်တော် သူ့ကို အံ့ဩတကြီး မေးလိုက်တော့ လူယုတ်မာအထာနှင့် ရယ်ပြီးနောက် စကားစလာတော့၏။

"အဟက်...လင်းလေးက မေ့သွားပြီပေါ့...မင်းသတိရအောင် ကိုယ်ကပဲ ပြောပြပါတော့မယ်..coffee...အဟွတ်...အဟွတ်...အဟွတ်..."

ကောင်း စကားမဆုံးမီ ကောင်း၏ ကျောပြင်ကို အားဖြင့်ခပ်ပြင်းပြင်း ရိုက်ချလိုက်မိတော့သည်။ ကလေးရှေ့မရှောင် ဘာမရှောင် ပြောချတော့မည့် ကောင်းကို ဤနည်းဖြင့်ပင် အမြန်နှုတ်ပိတ်လိုက်ရ၏။ ပေါင်းပေါင်းကတော့ မျက်လုံးလေး ကလယ်ကလယ်ဖြင့် ကျွန်တော်တို့နှစ်ယောက်ကို ကြည့်နေလေသည်။

"လင်းလေးရယ် မင်းက လုပ်ရက်လိုက်တာ...ကိုယ့်ကျောပြင်ကို အောင့်သွားတာပဲ..."

"ဒါကတော့ စကားကို အခြေ‌အနေကြည့်ပြီး ပြောလေ...ကလေးရှေ့ကို ဘာတွေလျှောက်ပြောမှာလဲ"

"ကိုယ်က ဘာပြောရသေးလို့လဲ...coffee time လို့ပြောမို့လေ...မင်းပဲ ပင်ပန်းနေပြီဆို အဲ့ဒါကြောင့် coffee စောစောသောက်ပြီး စောစောအိပ်ရအောင်လို့လေ..."

A Thorn In My Heart(နှလုံးသားထဲကဆူးတစ်ချောင်း)(Complete)Where stories live. Discover now