Part 23

667 37 0
                                    

ဖေဖော်ဝါရီလသို့ ရောက်သည့်တိုင် အအေးဓါတ်သည် မလျော့သေး။ မနက်ခင်းတိုင်း မြူနှင်းများကျဆင်းမှုကြောင့် လမ်းများကိုပင် ကောင်းစွာမမြင်ရ။ အရှေ့ဘက်တွင်ရှိသော ရှမ်းရိုးမတောင်တန်းကြီးသည်လည်လည်း မြူနှင်းများကြား မှုန်ပျပျ။

ယနေ့သည် ကျောင်းပိတ်ရက် ဖြစ်လေသောကြောင့် ကျွန်တော်သည် အိပ်ရာ‌ပေါ်ရှိ စောင်ပုံထဲမှ ရုန်းမထွက်နိုင်သေး။ မနက် ခုနှစ်နာရီ ထိုးမှန်းသိပေမယ့် ပေကပ်ကာပင် ဆက်အိပ်နေလိုက်တော့သည်။ ဘေးဘက်ခုတင်က ကောင်း ကတော့ မနက်စောစောထပြီး အားကစားရုံသွားလေရဲ့။

နိုးနေတာ ကြာ‌ပြီဖြစ်သော်လည်း အိပ်ရာထဲတွင် ဆက်ကွေးနေလိုက်သည်။ မကြာမီပင် အခန်းတံခါးဖွင့်သံနှင့်အတူ ကောင်း ပြန်ရောက်ပြီမှန်း သိလိုက်တော့သည်။

"လင်း...ခုထိမထသေးဘူးလား...ရှစ်နာရီတောင် ထိုးတော့မယ်...ထတော့လေ..."

ကောင်း ကတော့အမြဲတမ်း အဲ့လိုပဲ။ မနက်ခင်းဆို သူကိုယ့်သူ အမေကြီးကျလို့။ နောက်ကျတဲ့ ထိအိပ်လို့လည်းမရ။ ကျွန်တော်လည်း သူပြောတာကို ပြန်မဖြေဘဲ ပေကပ်ကာ ဆက်အိပ်နေလိုက်၏။

"လင်းရေ...ထတော့လို့...ထထ...ကန်တင်းကမနက်စာ ဝယ်လာတယ်။မင်းကြိုက်တဲ့ တိုဖူးနွေးရယ် လက်ဖက်ရည် ကျစိမ့်လေးရယ် ဝယ်လာတယ်....ထထ...."

"...."

"လင်းရေ...မင်းမထသေးရင် ငါ မင်းခုတင်မှာ လာအိပ်မှာနော်...မင်းက မထချင်တော့ ငါလာပြီ"

ကောင်း ကျွန်တော့် ကုတင်မှာ အိပ်လို့ မဖြစ်ပါ။ ဟိုတစ်ခေါက်တုန်းကလို ရင်ခုန်သံတွေ မြန်လာမှ ဒုက္ခဖြစ်နေဦးမည်။ကောင်း ကျွန်တော့် အိပ်ရာနား မရောက်ခင် မြန်မြန်ပင် စောင်ပုံထဲမှ ထလိုက်တော့သည်။ အပျင်းကြောဆန့်ပြီးခါမှ ကောင်း ကိုကြည့်လိုက်တော့ ကျွန်တော့်ကို ပြုံးပြီးကြည့်နေသူကို တွေ့လိုက်ရသည်။

အခုမှ အိပ်ရာထဲက ထိုးထွက်လာတဲ့ ကျွန်တော့်ပုံစံသည် ကြည့်ရအတော်ဆိုးနေမည်မှန်း ကျွန်တော် သိလေသောကြောင့် မျက်နှာသုတ်ပဝါတစ်ထည် နှင့် ဆပ်ပြာခြင်းကို ယူပြီး ရေချိုးကန်ရှိရာသို့ အမြန်ပင် ထွက်လာလိုက်၏။

A Thorn In My Heart(နှလုံးသားထဲကဆူးတစ်ချောင်း)(Complete)Where stories live. Discover now