[Unicode]
အခန်း ၆၆၁ ၁၀နှစ်ဆိုတာ သိပ်မကြာပါဘူးလေးစားမှုကိုပြသသည့်အနေဖြင့် ထန်ဟိုင်ဖုန်း ထိုင်ပြီးမှသာ လင်ရှောင်းထင်နှင့် ချောယတို့ ပြန်ထိုင်ခဲ့ကြသည်။
“အဖေ၊ သူက သမိုင်းမှာ အသက်အငယ်ဆုံးဗိုလ်ချုပ်ဖြစ်လာတဲ့ လင်မိသားစုရဲ့ အကြီးဆုံးမြေးလေ။” ထန်ယွင်ဖန်း မိတ်ဆက်ပေးလိုက်သည်။
“ဘာ?” ထန်ဟိုင်ဖုန်းလဲ အတော်လေး အံ့အားသင့်လို့သွားသည်။
“မင်းက-မင်းက သခင်ကြီးလင်ရဲ့မြေးလား?”
“ဟုတ်ပါတယ်၊ သခင်ကြီးထန်။” လင်ရှောင်းထင် အတည်ပြုပေးလိုက်သည်။
“အံ့ဩစရာမရှိတော့ပါဘူး။ ဒါကြောင့် မင်းကို ပထမဆုံးစမြင်တုန်းက ရင်းနှီးတယ်လို့ ခံစားရတာကိုး။”
ထန်ဟိုင်ဖုန်းနှင့် သခင်ကြီးလင်တို့သည် ငယ်စဉ်အခါက တစ်ဦးနှင့်တစ်ဦး သိကျွမ်းခဲ့ကြဖူးပေမည့် ရင်းနှီးမှုတော့မရှိပေ။ သခင်ကြီးလင်၏ အကြီးဆုံးသားဖြစ်သည့် လင်ရှောင်းထင်၏ဖခင်နှင့်လဲ သခင်ကြီးထန် အကြိမ်ရေများစွာ တွေ့ဆုံခဲ့ဖူးသည်။ လင်ရှောင်းထင်သည် သူ၏ဖခင်နှင့်ရုပ်ရည်သွင်ပြင် ဆင်တူလှတာကြောင့် သူ့ကို ထန်ဟိုင်ဖုန်း ပထမဆုံးအကြိမ်ဆုံရတုန်းက ရင်းနှီးသလို ခံစားမိခဲ့ခြင်းဖြစ်သည်။ သို့ပေမည့် နှစ်ပေါင်းများစွာလဲ ကြာခဲ့ပြီဖြစ်ကာ ထန်ဟိုင်ဖုန်း၏ မှတ်ဉာဏ်များလဲ ယိုယွင်းလို့နေပြီဖြစ်တာကြောင့် လင်ရှောင်းထင်ကို မြင်မြင်ချင်းမမှတ်မိခဲ့ခြင်းဖြစ်သည်။
လင်ရှောင်းထင်က သူအသိတစ်ယောက်၏သားဖြစ်နေတာကြောင့် ထန်ဟိုင်ဖုန်း၏ လင်ရှောင်းထင်အပေါ် ပြုမူပုံပို၍ နူးညံ့လာပေမည့် သတိကတော့ မလွတ်သေးပေ။
“မင်း နင်းနင်းနဲ့ဆက်ဆံရေးကို ဘယ်လိုအခြေအနေထိ တွေထားလဲ?”
“တစ်သက်လုံးစာအတွက်ပါ။ နင်းနင်းက အခုထိ ငယ်သေးတယ်ဆိုပေမယ့် သခင်ကြီးတို့သာ သဘောတူမယ်ဆို အရင်ဆုံး ကျွန်တော်တို့ စေ့စပ်ထားလို့ရပါတယ်။” လင်ရှောင်းထင်ပြန်ဖြေလိုက်သည်။ တကယ်တမ်းတွင်တော့ ကုနင်းကိုလက်ထပ်ယူဖို့ရန်ပင် အချိန်ဆွဲမနေချင်တော့ပေ။