အခန်း ၇၈၂ ကျန်းဝမ်ဟောက်ကို လျော်ကြေးတောင်းမယ်

1.2K 136 0
                                    

[Unicode]
အခန်း ၇၈၂ ကျန်းဝမ်ဟောက်ကို လျော်ကြေးတောင်းမယ်

လော့ကျုံးမင်က သူ့ဆီမှလျော်ကြေးပြန်လိုချင်နေသည်ကို ကြားလိုက်ရတော့ ကျန်းဝမ်ဟောက် မကျေမနပ်ဖြစ်သွားသည်။ လော့ကျုံးမင်ကို ပြဿနာအကြီးကြီးတက်အောင် လုပ်ခဲ့သူမှာ သူဆိုတာ မှန်သော်လည်း သူ့အတွက် ပြဿနာကို ဖြေရှင်းပေးပါမည်ဟု သဘောတူကာ ငွေပင်ယူထားပြီးမှတော့ ဖြစ်လာသည့်အကျိုးဆက်အတွက် လော့ကျုံးမင်သာ ဆက်လက်တာဝန်ယူသင့်သည်မဟုတ်လား?

ကျန်းဝမ်ဟောက် မနေနိုင်စွာနှင့် သူ၏မကျေနပ်ချက်ကို ထုတ်ပြောတော့သည်။  “ကျုံးမင်၊ ဒါတော့ မတရားဘူးနော်။ မင်း ငါ့ငွေကိုယူပြီး ငါ့အစား ဒီပြဿနာကို ရှင်းပေးပါ့မယ်လို့ ကတိပေးထားပြီးသားပဲ၊ ဒီတော့ ဖြစ်လာတဲ့အကျိုးဆက်ကို မင်းပဲတာဝန်ယူသင့်တယ်မဟုတ်လား? ဘာလို့ ငါက မင်းကိုလျော်ကြေးပြန်ပေးရမှာလဲ? ပြဿနာကို မင်းတာဝန်ယူဖြေရှင်းနိုင်ပါမယ်လို့ ယုံကြည်ချက်မရှိနေရင် မင်းအစကတည်းက အလုပ်ကို လက်မခံပါနဲ့လား?”

ကျန်းဝမ်ဟောက် ပြောသွားသည်ကလဲ မှန်ပေ၏။ လော့ကျုံးမင် သူ့ငွေကိုယူကာ ကူညီဖို့ သဘောတူထားပြီးမှတော့ ဖြစ်လာသမျှ ပြဿနာကိုလဲ လော့ကျုံးမင်သာ ဖြေရှင်းသင့်ပေသည်။ သို့ပေမည့် လော့ကျုံးမင်ကတော့ သူက ကျန်းဝမ်ဟောက်၏ ထောင်ချောက်ထဲကျသွားရသည်ဟု ခံစားရကာ ကျန်းဝမ်ဟောက်ဆီမှ လျော်ကြေးပြန်တောင်းသည်က မမှားဟုလဲ တွေးမိသည်။

“မင်းငါ့ကိုချောက်ချတာလေ! အဲ့ဆိုင်ပိုင်ရှင်အကြောင်း ငါမင်းကိုထပ်မေးခဲ့သေးတာပဲ၊ ဒါပေမယ့် မင်းဘာပြန်ပြောခဲ့လဲ။ သူကဘာအရေးပါတဲ့လူမဟုတ်ပါဘူးလို့ မင်းပြောခဲ့လို့ ငါမင်းကို ကူညီဖို့ သဘောတူခဲ့တာလေ။ ဒါနဲ့များ မင်းဘက်က ဘာမှတာဝန်ယူစရာမလိုဘူးလို့ ထင်နေတယ်ပေါ့?” လော့ကျုံးမင် ဒေါသသံဖြင့်ပြန်မေးလိုက်သည်။

ကျန်းဝမ်ဟောက်လဲ မျက်မှောင်ကြုတ်သွားရသည်။ သူလဲ အလှပြင်ဆိုင်ပိုင်ရှင်ကို အရေးပါသည့်လူမဟုတ်ဟု ထင်ခဲ့ကာ ယခုမှ ဆိုင်ပိုင်ရှင်၏အာဏာလွှမ်းမိုးနိုင်စွမ်းကို သိပြီး အံ့အားသင့်သွားရခြင်းဖြစ်သည်။

ဖီးနစ်သွေးစက် Book-4 (ဘာသာပြန်)Where stories live. Discover now