Chapter 40

284 63 7
                                    

{Unicode}

[Vol-2: Chichén Itzá]
အကာအကွယ်

ယွီဟောက် ဆွေးနွေးခန်းအတွင်းမှ ထွက်လာခဲ့ချိန် ကျိုးရှန်းနှင့်သူ့အဖေ၏ ပဋိပက္ခမှာ အဆုံးသတ်သွားပြီဖြစ်၏။ ကျိုးလိုင်ချွင်းကမူ သင်ကြားရေးဒါရိုက်တာကို ဆက်တိုက်တောင်းပန်ခယနေခဲ့ပြီး ရွှဲလုံနှင့်သင်ကြားရေးဒါရိုက်တာတို့က သွေးစုပ်ဖြူရော်နေသောမျက်နှာများဖြင့် အပြင်ထွက်သွားကြလေသည်။

"ဒီခွေးမသားလေး......"

ကော်ရစ်တာအလယ်တွင် ရပ်နေရင်း ကျိုးလိုင်ချွင်းက ကျိုးရှန်း၏ခေါင်းကိုတောင် ရိုက်ပြလိုက်သေးသည်။

ကျိုးရှန်းကမူ ယွီဟောက်ထံ အဓိပ္ပာယ်ပါပါအကြည့်တို့ ပစ်လွှတ်နေခဲ့ရာ မမျှော်လင့်ဘဲ ရုတ်တရက် ခေါင်းအရိုက်ခံလိုက်ရသဖြင့် နောက်တစ်ကြိမ်ပေါက်ကွဲကာ ထအော်တော့၏။ 

"မလုပ်နဲ့လို့!"

သားအဖနှစ်ယောက် နောက်တစ်ပွဲနွှဲတော့မည့်အရေးကို တွေ့သောအခါ ယွီဟောက်ခမျာ မြန်မြန်ပြေးလျက် ကျိုးရှန်းကို ဆွဲခွါလိုက်ရတော့သည်။ ကျိုးလိုင်ချွင်းတစ်ယောက် အုပ်ချုပ်ရေးမှူးကို မြင်လျှင်မြင်ချင်း သူမအနားကပ်ကာ တောင်းပန်တိုးလျှိုးလို့နေစဉ် ကျိုးရှန်းကမူ စိတ်ညည်းညူနေသည့် မျက်နှာဖြင့် ကောလိပ်အဆောက်အဦး၏ အနောက်ဘက်အခြမ်းတွင် ဆေးလိပ်သောက်ရန် ထွက်ခွါသွားသည်။

"ငါ စက်ဘီးပြိုင်ပွဲဆီမီးဖိုင်နယ်ကနေ အပယ်ခံလိုက်ရတယ်"

ကျိုးရှန်းကဆိုလာခဲ့သည်။

"ဆောရီး, ငါမင်းကို ဩစတြေးလျလိုက်မပို့နိုင်တော့ဘူး"

"ဘာကြီး? ဩစတြေးလျ?"

ရုတ်တရက် အစမရှိမဆုံးမရှိ သတင်းအချက်အလက်ကို ကြားလိုက်ရသောအခါ ယွီဟောက်စိတ်အစဉ်တို့မှာ တခနမျှ ဇဝေဇဝါဖြစ်သွားရတော့သည်။

ကျိုးရှန်း, "ဘာမှမဟုတ်တော့ဘူး"

သူကဆိုရင်း ကောလိပ်အနောက်ဘက်ခြမ်းရှိ သစ်တောအုပ်ကြီးဆီသို့ ငေးကြည့်လို့နေခဲ့ကာ တန်ပြန်တုံ့ပြန်နိုင်မည့် ဖြစ်နိုင်ချေများကို နှိုင်းချင့်စဉ်းစားနေပါသည့်နှယ် မျက်ခုံးနှစ်ဖက်အကြားမှာ နက်နက်ရှိုင်းရှိုင်းကို ကျုံ့ဝင်လို့နေတော့သည်။  ယွီဟောက်မှ ထထွက်သွားတော့မည်ကို သတိပြုမိသောအခါ သူက မျက်မှောင်ကြုတ်ကာ မေး၏။

Duo Meng《夺梦》// Seizing Dreams TranslationWhere stories live. Discover now