Chapter- XXIX

2K 241 157
                                    

"အဖျားကတော့.. နည်းနည်းကျသွားပါပြီ။ စိုးရိမ်ရတဲ့အခြေအနေမဟုတ်တော့ဘူး"

သူ.. ဆရာဝန်နဲ့အတူသက်ပြင်းလိုက်ချမိ၏။ အားနည်းနေတဲ့ခန္ဓာကိုယ်လေးကဆေးပြင်းတွေရဲ့ဒဏ်၊ ရာသီဥတုရဲ့ဒဏ်တို့ကြောင့်ခန္ဓာကိုယ်အနှံ့အနီစက်တွေထွက်လာသည်အထိအပြင်းအထန်ဖျားသည်။ သို့ပေမယ့်.. တော်သေးတယ်လို့ပြောရမည်.. အဘယ်ကြောင့်ဆိုသော် ICU ထဲရောက်သည့်အထိဆိုးရွားတဲ့အခြေအနေမဟုတ်ခဲ့လို့။

"အကျိတ်ရဲ့အရွယ်အစားကသိသိသာသာကျုံ့သွားပြီဆိုပေမယ့် white blood cell count ကလုံးဝကျမသွားတာခက်တယ်။ radiation ကိုလည်းအရမ်းအပြင်းစားတွေပေးလို့မရဘူး။ side effect တွေရဲ့ဒဏ်ကိုလူနာ ခံနိုင်ရည်မရှိတော့မှာစိုးရိမ်ရတယ်။ အခုကျန်တဲ့ section အတိုင်းဆက်ကုကြည့်မယ်။ ဆက်ကုကြည့်လို့မှ white blood cell count ပုံမှန်မဖြစ်ဘူးဆိုရင်တော့..."

ဆရာဝန်ကစကားကိုဆက်မပြောသေးဘဲရပ်ထားပြီးသက်ပြင်းနောက်တစ်ကြိမ်ထပ်ချပြန်တော့သူ့ရင်ထဲအပူလှိုင်းကြီးတစ်ခုဖြတ်ပြေးသွားသလိုပင်..အံကြိတ်ဖို့တောင်အားမရှိတော့သယောင်ဖြစ်သွားရသည်။

"သိထားပြီးသားမဟုတ်လား..radiotherapyနဲ့အကျိတ်ကိုအမြစ်ပြတ်အောင်ကုသနိုင်ချေ 5.6% ပဲရှိတယ်ဆိုတာကိုလေ"

အသက်ကိုခပ်ပြင်းပြင်းရှူထုတ်လိုက်ရင်းလက်ဖဝါးနှစ်ဖက်ကိုဖြန့်ပြီးမျက်နှာအပ်ချလိုက်သည်။ အခုသူ့ရင်ထဲမှာခံစား​နေရသမျှကိုအရာတစ်ခုနှင့်နှိုင်းပြဆိုရင်​တောင်ဘာနှင့်မှနှိုင်းယှဥ်ပြစရာမရှိ​အောင်ရင်မှာ​မျှော်လင့်ချက်တို့ဆုံးရှုံးကြေကွဲနေရကာအရာအားလုံးဆောက်တည်ရာမဲ့နေရသည့်အဖြစ်။

"ကျွန်တော်ကလည်းဆရာဝန်ဆိုတော့ဆေးပညာရှုထောင့်ကကြည့်ပြီးဖြစ်နိုင်ချေရှိတာကိုပဲခန့်မှန်းပြီးပြောပြတာပါ။ ဒါပေမယ့်.. ဆေးပညာနဲ့တောင်ရှင်းပြလို့မရတဲ့ထူးဆန်းအံ့ဖွယ်တွေလည်းကြုံလာနိုင်တာပဲလေ။ အခုချိန်မှာလူနာရော၊ လူနာရှင်တွေပါအားလုံးပင်ပန်းနေကြတာသိပေမယ့်.. စိတ်မလျှော့လိုက်ပါနဲ့"

ဆရာဝန်ကသူ့ပခုံးကိုခပ်ဖွဖွပုတ်ပြီးအနားကနေထွက်သွားတော့သူအခန်းရှေ့မှာပဲငူငူငိုင်ငိုင်ကြီးရပ်ကျန်နေခဲ့သည်။ တံခါးလက်ကိုင်ဘုပေါ်တင်ထားသည့်သူ့လက်တွေကတုန်ယင်နေပြီးရင်​တွေတဒိတ်ဒိတ်ခုန်​နေသည်။ ဒူး​ချောင်တယ်ဆိုတာ​ခွေကျသွားမတတ်​တုန်လာတာကို​ပြောတာမှန်းအခုမှနားလည်လိုက်​တော့သည်။ဆရာဝန်က​တော့ radiation ရဲ့ဘေးထွက်ဆိုးကျိုးတွေကတခါတလေမှတ်ဉာဏ်တွေကိုကမောက်ကမဖြစ်စေတတ်တယ်လို့ပြောသွားပေမယ့်.. သူကြောက်သည်။ သူ့ကိုထပ်ပြီးမမှတ်မိတော့မှာကို သူကြောက်ပါသည်။

Can We Become Strangers? (✔️)Where stories live. Discover now