Final

3.5K 276 255
                                    

လရောင်မှိန်မှိန်တွင်နက်ပြာရောင်ကောင်းကင်ထက်မိုးတိမ်မဲများစုရုံးချီတက်၍ လေပြင်းကျကာလျှပ်စီးတို့ဝင်းဝင်းလက်နေသောညတစ်ညဖြစ်ပါ၏။ မိုးသီးမိုးပေါက်တို့ကရန်စွယ်တကြီးနှင့်သဲသဲဖောက်ဖောက်ကျရောက်လျက်ရှိရာ အရှိန်ဖြင့်အပြေးနှင်နေသောသူတို့ကားခေါင်းမိုးပေါ်သို့မိုးပေါက်တို့သည်ကျောက်ခဲနှင့်ပစ်ပေါက်သကဲ့သို့စင်ပက်ဝင်မှန်နေ၏။ တစ်ချက်တစ်ချက်ထွက်ပေါ်လာတဲ့မိုးခြိမ်းသံကြီးကလည်းမြေကြီးကိုတုန်ဟီးစေလျက်ကားမီးရောင်မှလွဲ၍တလောကလုံးအမှောင်ဖုံးနေ၏။ ဤကဲ့သို့..ဆိုးရွားလှတဲ့ရာသီဥတုနှင့်အပြိုင်သူ့ရင်၌လည်းအပူလှိုင်းအဖုံဖုံကဝိုင်းအုံကြွနေပါတော့သည်။

"အသက်ကလေး"

သူ့ရဲ့ခေါ်သံတိုးတိုးကိုအသက်ကလေးကပြန်လည်တုံ့ပြန်ခြင်းမပြုပါ။ မျက်နှာလေးကသွေးရောင်မရှိတော့အောင်ဖြူဖတ်ဖြူရော်နှင့် နှုတ်ခမ်းတွေလည်းပြာနှမ်းနေသည်။ နှလုံးခုန်သံကလည်းတစ်ချက်တစ်ချက်နှေးနှေးသွားတာမို့တစ်ခုခုများဖြစ်သွားရင်.. ဆိုသည့်အတွေးကအခါမလပ်နှိပ်စက်လွန်းနေတာကြောင့်သူ့ရင်အစုံဟာမွန်းကျပ်လျက်ဆောက်တည်ရာမရနိုင်ဘဲနှလုံးသွေးတို့ကတဆတ်ဆတ်အတိုးမြန်လာ၏။ သူကမိုးရေတို့ဖြင့်ရွှဲရွှဲစိုနေသော်လည်းပူနွေးနေသည့်အသက်ကလေးရဲ့ကိုယ်လေးကိုရင်ခွင်တွင်ပွေ့ဖက်ထားရင်းအေးစက်နေသည့်လက်ချောင်းလေးများအား ဆုပ်ချေကာမကြာမကြာအာငွေ့ပေး၍နွေးစေလိုက်သည်။

"အတွင်းရေးမှူးမင်.. ဆေးရုံကိုရောက်ဖို့လိုသေးလား"

"နောက် ၁၀ မိနစ်လောက်ဆိုရင်ရောက်.. "

"မြန်မြန်.. မြန်မြန်လေးမောင်းစမ်းပါ"

စိတ်လောကြီးစွာဖြင့်အမိန့်ပေးလိုက်တော့အတွင်းရေးမှူးမင်ကသူ့ကိုအထွန့်မတက်ဘဲကားကိုအရှိန်ထပ်မြှင့်လိုက်သည်။ ဒီရာသီဥတုအခြေအနေမှာကားကိုအရှိန်ပြင်းပြင်းမောင်းနေရတာခက်ခဲမှန်းသိပေမယ့်သူ့အတွက်တစ်စက္ကန့်တိုင်းကအနိမ့်ဆုံးမျှော်လင့်ချက်ကိုပြည့်ဝဖြည့်ဆည်းနိုင်ဖို့အထောက်အကူဖြစ်နေတော့လည်း..

Can We Become Strangers? (✔️)Where stories live. Discover now