Chapter-1

26.4K 1.2K 52
                                    

Unicode

ကွဲထွက်နေသော တိမ်တိုက်ညိုကလေး

တဖြူးဖြူးတိုက်နေသော လေ၏အဟုန်တွင် ကုက္ကိုပင်အိုထက်မှ အရွက်ဟောင်းများ မြေသို့ဒရောသောပါး ပြုတ်ကျလို့လာကြသည်။
အရိပ်ငယ်တစ်ခုသည် သက်တမ်းရင့် အပင်ကြီး၏ အောက်တွင်ရှိသော ဝါးကွပ်ပျစ်ထက်ဝယ် သေးကျုံ့စွာထိုင်နေလျက်ရှိ၏။လူငယ်ကား လူကောင်အားဖြင့် သေးလှသည်မဟုတ်သော်လည်း ကုန်းသောခါးနှင့် ငိုက်စိုက်ကျနေသော ခေါင်းကြောင့် ဤသို့မြင်ရခြင်းဖြစ်လိမ့်မည်။ထို့အပြင် ဝတ်ဆင်ထားသော ချည်သားလက်ရှည် ခပ်ညစ်ညစ်ကိုပါထည့်ပေါင်းသောအခါ ကြည့်လိုက်ရုံနှင့် နွမ်းလျသော ခံစားချက်ကိုဖြစ်ပေါ်လာစေ၏။

"သွက်သွက်သာ သွားတော့။ တော့် သားဝောာ်မောင်က ဟိုမှာ ကောက်နေပြီ ကိုတူးရဲ့"

အမျိုးသမီးတစ်ဦး၏ လောဆော်သံနောက်မှာ ခြေတံရှည် အိမ်အိုထက်မှ ပြေးဆင်းသွားသော အသက်၅၀အရွယ် အမျိုးသားကြီးက အပင်အောက်ရှိ လူငယ်လေးထံ ဦးတည်လိုက်သည်။ ပါးစပ်မှလည်း "ဖိုးသားရေ" ဆိုသည့် တကြော်ကြော်အော်သံကိုပြုကာ သူ့ထံအာရုံ‌ရောက်လာစေရန် ကြိုးပမ်းလျက်ရှိ၏။ လူငယ်က ခေါင်းမော့ခြင်းမရှိပဲ ငြိမ်သက်မြဲငြိမ်နေသောအခါ အမျိုးသားကြီးက သက်ပြင်းချရင်း ငိုက်စိုက်ကျနေသော ခေါင်းလုံးလုံးလေးကို အသာပွတ်လိုက်လေသည်။

"ကိုကိုကြီးအတွက် လိုတာတွေပို့နေလို့ နောက်ကျသွားတာပါ။ ဖေဖေ မင်း ဆရာကြီးကို ဝင်ပြောပေးပါ့မယ်ကွ"

မော့ကြည့်လာသော မျက်ဝန်းတို့ဟာ အိပ်ရေးမဝသည့်နှယ် ညိုလို့။ ဖြူဝင်းသော အသားအရေနှင့်မှမလိုက် နှုတ်ခမ်းသားတို့က ညိုမဲနေသည်။

"အ အဟွတ်.. အဟွတ်"

ကမန်းကတမ်း ပါးစပ်ကို လက်ကိုင်ပုဝါနှင့်အုပ်လျက် ချောင်းဆိုးလိုက်သည့်အခါ ဦးခင်မောင်တူးဟာ သားဖြစ်သူ၏ ကျောပြင်ကို အသာပွတ်ကာ "ရရဲ့လား" ဆိုတာကို မဖြေမချင်း ဆက်တိုက်မေးတော့၏။

"သား ဒီနေ့ ဆေးသောက်ထားတယ်မို့လား"

"မနက်၆ခွဲ ပုံမှန်အတိုင်း ကျွန်မတိုက်ထားပါတယ်တော်။ ကလေးက ဒီလထဲ ပိုပိန်သွားသလိုပဲ။ ‌နောက်ရက်ချိန်း ကျောက်ဆည်ရောက်ရင် ဆရာမကို အားဆေး ပိုကောင်းတာ ထည့်ခိုင်းရမယ်"

friEND(COMPLETED)Where stories live. Discover now