Chapter -6

8.5K 936 50
                                    

Unicode

ကွဲထွက်နေသော တိမ်တိုက်ညိုကလေး ၆

ပထမအကြိမ် အမှားလုပ်လျှင် မတော်တဆဖြစ်ပြီး ဒုတိယအကြိမ် အမှားလုပ်လျှင် တိုက်ဆိုင်မှုဖြစ်သည်။အကယ်၍ တတိယအကြိမ်ထိ မှားမည်ဆိုလျှင်သော ထိုကိစ္စဟာ ပေါ့လျော့ခြင်းဖြစ်သွားကာ အပြစ်ကြီးခြင်းသို့ ရောက်တတ်၏။

အပေါ်မှာ ပြောခဲ့သည့်အတိုင်း မိုးကာလအတွင်း တတိယမြောက် မိုးမိသည့်အကြိမ်မှာ ခွန်းနစ် ဒဏ်ခတ်ခံရပါသည်။ အခြားတော့မဟုတ်။ အားနည်းလှသည့် အဆုတ်က ပြင်းပြင်းထန်ထန်အအေးပတ်ကာ ကျောက်ဆည်‌အထိ အပြေးလွှားဆေးခန်းပြရသည့် အဖြစ်ရောက်သွားခြင်းပင်။ ကံကောင်း၍ ဆေးရုံတက်ရခြင်းမရှိသော်လည်း တစ်ပါတ်လောက် အိမ်ထဲမှ အိမ်ပြင်မထွက်ရတော့ပါ။

ပိုစိတ်ညစ်စရာကောင်းသည်က ခွန်းနစ်၏ ကျန်းမာရေးကို အကြောင်းပြု၍ ဖေဖေနှင့်မေမေ စကားများကြခြင်းပင်ဖြစ်သည်။ ရိုးရာမပျက် အလုပ်များသည့် ဖေဖေက ကျောင်းကြိုရန်ပျက်ကွက်သည့်အတွက်သာ ခွန်းနစ်ဤမျှ နေမကောင်းဖြစ်ရခြင်းဟု မေမေကဆိုသည်။ ဖေဖေကလည်း ဒီတစ်ကြိမ်တော့ ငြိမ်မနေချေ။မိသားစု နေရေးထိုင်ရေးအတွက် ဝင်ငွေရှာနေရသည်ကို ဆင်ခြေပေးကာ မေမေ့အား နားမလည်ရကောင်းလားဟု ခွန်းတုန့်ပြန်၏။ထိုသို့ သူ့လွှဲချငါ့လွှဲချနှင့် နောက်ဆုံး မေမေငိုသောအခါ ခွန်းနစ်ပါ မျက်ရည်ခိုးကျရ၏။‌အသံထွက်၍တော့ မငိုဖြစ်ပါ။ ခွန်းနစ်ငိုတာ သိလျှင် မေမေပိုဒေါသထွက်မည်မှန်း သိတာကြောင့် ကျောင်းစာအုပ်တွေကို ဖတ်ဟန်ဆောင်ရင်း ကျိတ်ငိုရတာဖြစ်ပါသည်။

ထိုသို့ ‌မိသားစု၏ မုန်တိုင်းထန်သောအခါမျိုးတွင် ခွန်းနစ်မှာ ပြင်းပြင်းထန်ထန် သတိရစရာဆို‌၍ တစ်ဦးသာရှိသည်။ လွဲစရာမလိုလောက်အောင်ပင် အိမ်၏ ဆည်းလှည်းလေးဖြစ်သော အစ်ကိုဖြစ်သူသာဖြစ်၏။ ကိုကိုကြီးရှိလျှင် ဖေဖေနှင့် မေမေကြားမှာ ရန်ဖြစ်ဟစ်အော်သံများ မကြားရတတ်ချေ။ နှစ်ဖက်စလုံး စိတ်ပျော့အောင်ချော့တတ်ဟော ကိုကိုကြီးစကားတွေအောက်မှာ အိမ်ရဲ့အခြေအနေက တိမ်ကင်းစင်သော ကောင်းကင်ပြာကြီးသဖွယ် ကြည်လင်သွားတတ်သည်။

friEND(COMPLETED)Where stories live. Discover now