Chapter -17

7.3K 945 161
                                    

Unicode

တိမ်တိုက်ငယ်၏ ဦးခိုက်မှု ၈

"ငါတို့...စကား ခဏပြောရအောင်"

အစမရှိ အဆုံးမရှိပြောလိုက်မိသော စကားရဲ့နောက်မှာ ကိုယ်ရောသူပါ ဆေးရုံရှေ့က‌ ကော်ဖီဆိုင်လေးဆီရောက်လာခဲ့ကြသည်။ခွန်းနစ်က သောက်နေကျ နှပ်ကော်ဖီတစ်ခွက်မှာပေမဲ့ သူကတော့ ဘာမှမမှာပါ။ စိတ်များဆိုးနေသေးသလားဟု ကွက်ကြည့်ကွက်ကြည့် လုပ်မိသည့်တိုင် သူ့မျက်နှာက ပကတိငြိမ်သက်လွန်းခဲ့သည်။ ဒေါသ၊ မကျေနပ်မှု၊ ရန်လိုခြင်း စတဲ့ အရိပ်အယောင်ရယ်လို့ နည်းနည်းမှဖမ်းမရ။ ခြောက်သွေ့သွေ့ အသားအရည်ထက်မှာ ဖြူသည့် အမှုန်အမွှားတချို့ကပ်နေကာ သူ့ကြည့်ရတာ နွမ်းနယ်နေပုံရသည်။

အတော်ကြာသည်အထိ သူရောကိုယ်ပါ စကားမစမိကြ။အငွေ့တထောင်းထောင်းထ‌နေသည့် ခွန်းနစ်ကော်ဖီခွက်ကိုသာ သူစိုက်ကြည့်နေခဲ့သည်။ အကြာကြီး တိတ်ဆိတ်နေခဲ့ကြပြီးနောက် ခွန်းနစ်ဖက်က စကားစချိန်မှာလည်း သူ့ထုံးစံအတိုင်း လှိုက်လှိုက်လှဲလှဲမရှိလှ။

"ဝေဖြိုးနိုင် လှမ်းခေါ်တာလား"

"အင်း"

"အော် ငါ့ကိုရောပဲ။ သူ့ ကြည်ရတာ တော်တော် စိတ်ပူနေပုံပဲ"

"အင်း"

"အလုပ်ကရော အဆင်ပြေရဲ့လား"

"အင်း"

"ဒီရက်ပိုင်း ရာသီဥတုတအားအေးတာနဲ့ နေရတာ သိပ်တော့ မကောင်းဘူးနော်"

‌တစ်ချိန်လုံး အောက်စိုက်ကျနေခဲ့သော သူ့မျက်ဝန်းသေတွေ ကိုယ့်ဆီရောက်လာသည်။ သို့သော် တစ်ခဏသာဖြစ်ကာ ပြီးတာနှင့် ခေါင်းကိုငြိမ့်လျက် "အင်း" ဟုသာဖြေ၏။

"ငါ့ကို စိတ်ဆိုးနေတုန်းလား"

အစောက ခပ်တိုးတိုးပျံ့လွင့်နေခဲ့သော ကော်ဖီဆိုင်တွင်းမှ သီချင်းသံက အချိန်ကိုက် လုပ်ထားသလားမှတ်ရအောင် တိတ်လို့သွားသည်။ ဆိုင်ရှင်ကပဲ နောက်တစ်ပုဒ်ရွေးနေလေသလား၊ သီချင်းကပဲ ဆက်မလာတော့လေသလား အပ်ကျသံပင် ကြားနိုင်လောက်သည့် အခြေအနေမှာ ခွန်းနစ် တံတွေးမြိုချဖို့ပင် မရဲနိုင်။ သူ ပြန်ပြောလာမည့် စကားက "အင်း" များဖြစ်နေလျှင် ဘယ်လိုလုပ်ရမလဲဆိုသည့် မေးခွန်းထဲက ခေါင်းထဲမှာ ပြည့်နှက်လို့လာခဲ့သည်။

friEND(COMPLETED)Where stories live. Discover now