Chapter-38

7.7K 895 77
                                    

Unicode

တိမ်ညိုလေး၏ သရုပ်မှန် ၁၀

"အဆင်ပြေတဲ့နေရာမှာ ချလို့ရပါတယ် အန်တီ။ ပြီးတော့ ဒီနားမှာ ခဏထိုင်ပါဦး။အန်ကယ်လည်း နားပါ။ ကားပေါ်က ပစ္စည်းတွေ ကျွန်တော် ဆက်ချလိုက်ပါ့မယ်"

ကုပ်ကုပ် ကုပ်ကုပ်နှင့် အနားက ထွက်သွားသည့် ကျောပြင်ကျယ်တစ်ခု ခပ်လှမ်းလှမ်း ရောက်သွားသည်ဆိုလျှင်ပဲ ဒေါ်ကြည်ဟာ သူ့မျက်နှာချင်းဆိုင်က ကွပ်ပျစ်ပေါ်မှာ ထိုင်လျက် မျက်လုံးများက စောစောက ကျောပြင်ဆီ ကပ်မတတ်ပါသွားသည့် သားဖြစ်သူထံ အကဲခတ်ကြည့်လိုက်သည်။ သူမ နည်းတူပင်၊ အမျိုးသားဖြစ်သူ ကိုတိုးဟာလညး ထွက်သွားသူကိုတစ်လှည့် သားဖြစ်သူကို တစ်လှည့်ကြည့်ကာ သက်ပြင်းတိုးတိုး ခိုးလို့ချ၏။

"နေ့လည်စာ အမေတို့ စားချင်တာရှိလား"

"နေပါစေ။ ဆန်ရှိတယ်မို့လား။ ထမင်းတစ်အိုးတည်လိုက်မယ်။ ဆေးရုံတက်တုန်းက ထည့်လာတဲ့ အခြောက်အခြမ်းတွေ ရှိသေးတာနဲ့ အတော်ပဲ"

"မဟုတ်တာ။ ခုမှ ဆင်းလာလာချင်း ပင်ပန်းပါတယ်။ ချက်မနေနဲ့တော့။ တစ်ခုခု ဝယ်လိုက်မယ်"

"မင်းက ဘယ်လိုသွားဝယ်မှာလဲ။သူများကိုလည်း ဇွတ်ခိုင်းမနေနဲ့လေ။ သင်တန်းက ပြန်ရောက်ကတည်းက ဆေးရုံဆင်းဖို့ ကိစ္စနဲ့လံုးပမ်း နေရတာ။ သူမနားရသေးဘူး"

တစ်လျှောက်လုံး နေချိုနှင့် ပက်သက်ပြီး အစနပင်မဖော်အောင် တိတ်ဆိတ်နေခဲ့သည့် မေမေ့ဆီမှ ကြားလိုက်ရသည့် စကားကြောင့် ခွန်းနစ် မျက်ခုံးပင့်မိမတတ်ဖြစ်သွားသည်။ နှစ်ယောက်ရဲ့ ပက်သက်မှုကို မသိကျိုးကျွံပြုရင်း လုံးဝ စိတ်မဝင်စားပါသလို နေခဲ့သည့် မေမေက ‌နောက်ပိုင်း နေချို ဆေးရုံလာကြည့်ချိန်ဆို မုန့်ဝယ်ဆိုကာ နာရီဝက် တစ်နာရီခန့် ရှောင်ပေးသွားတတ်၏။ သူမကို ကြည့်ရတာ အလုံးစုံ လိုက်လျောခြင်းမဟုတ်သည့်တိုင် စွက်ဖက်ကာ ဇွတ်အတင်း တားဆီးမည့် ဆန္ဒမျိုးတော့ မရှိမပေါ်။

ငါ ဘာမှတတ်နိုင်တဲ့တာမှ မဟုတ်လေပဲဟု စိတ်လျှော့ထားလေသလား၊ သို့မဟုတ် တခြားသော နည်းလမ်းတစ်ခုကိုပဲ ခေါင်းအေးအေးထားကာ စဉ်းစားနေလေသလား။ ဆေးရုံဆင်းမည့်နေ့မတိုင်ခင် ကိုကိုကြီးရဲ့ "တောင်ကြီး လိုက်ချင်လား" ဆိုသည့်အမေးကို ခွန်းနစ်ခေါင်းခါချိန်မှာ မေမေ့မျက်နှာက ထိန်းမရအောင် ပျက်ယွင်းသွားခဲ့တာ မြင်ပါသည်။ ဖေဖေ့ပင်လျှင် " တစ်လလောက် လိုက်နားပါလား" ဟု ချော့မော့ပြောသေးပေမဲ့ မေမေ့ဆီမှ ဘာတိုက်တွန်းချက်မျိုးမှ ရောက်မလာခဲ့ပါ။

friEND(COMPLETED)Where stories live. Discover now