Chapter -18

8K 1.1K 215
                                    

Unicode

တိမ်တိုက်ငယ်၏ ဦးခိုက်မှု ၉

အရေးပေါ်ကားတစ်စီး မောင်းထွက်သွားသည် ဆေးရုံ အ‌ဆောက်ဦးကြီးက ဝင်ခါနီးနေရောင်အောက်မှာ လိမ္မော်ရောင် သန်းလို့နေသည်။ ဆောင်းနှင့်အညီ နေဝင်ချိန်မြန်တာကြောင့် ဒီရက်တွေမှာ ညနေ၆နာရီဝန်းကျင်လောက်ဆိုလျှင်ပင် သိသိသာသာ မှောင်ချင်နေတတ်သည်။

နေချိုမောင်တစ်ယောက် အလှပန်းပင်များစိုက်ပျိုးထားရာ လမ်းတစ်လျှောက် ငေးကြည့်နေမိတာ နာရီဝက်မကတော့။ ဝတ်ထားသည့် ဂျင်းဘောင်းဘီထက်မှပင် စူးနေအောင်ကိုက်သည့် ခြင်တွေရဲ့ဒဏ်ကို အောင့်ခံနေရသည်။ စိတ်ရှည်လက်‌ရှည်စောင့်နေမိသူက အချိန်ကျသည့်တိုင်အောင် ထွက်မလာသေးပါ။ နာရီဝတ်နေကျမဟုတ်တာကြောင့် အချိန် ဘယ်လောက်ရှိပြီဆိုတာလည်း သေချာမသိနိုင်။ သို့သော် အရင်ရက်တွေဆိုရင် မီးရောင်ဖျော့ဖျော့အောက် ကျောပိုးအိတ်ကို တစ်ခြမ်းလွယ်ထွက်လာတတ်သည့် scrub suit စိမ်းပြာရောင်နုနုက ဒီလောက်ဆို သူ့အနားရောက်နေတတ်ပြီ။

အထဲဝင်စောင့်လို့ ရပေမဲ့ လူတွေအများကြီး သွားလာ ဆူညံနေတဲ့ကြား ထိုင်နေဖို့ သူစိတ်မပါပါ။ ပူပူညံညံတွေနဲ့ အသားမကျသည့်အပြင် ဒီနေရာမှာ ဆိုင်ကယ်ပေါ်ထိုင်စောင့်နေရတာက တစ်မျိုးတစ်မည် သူ့ကိုယ်သူ ခန့်ညားသလိုဖြစ်စေတာကြောင့်လည်း ပါပါသည်။

ဟော... အဖြူရောင် ရှူးဖိနပ်ဖြူဖြူက သူလှမ်းကြည့်နေမိသည့် လမ်းပေါ်သို့ ရောက်လို့လာပြီ။ အမှောင်ရိပ်သန်းသွားပြီဖြစ်သာ ညဉ့်နက်နက်မှာ ဝင်းဝါသည့် အသားရည်က ထင်းနေ၏။ "လေးကန်နေတယ် ဘာဖြစ်လာတာလဲ" ပွစိပွစိ လုပ်တတ်တာ သူ့အကျင့်မဟုတ်ပေမဲ့ ခေါင်းငိုက်စိုက်ကျလျက် သက်ပြင်းတချချနှင့် လျှောက်လာသူကိုမြင်တော့ ပါးစပ်ကို မထိန်းလိုက်နိုင်။ ကာယကံရှင်က လမ်းတစ်ဝက်လောက်ရောက်မှ သူ့ကို မြင်ပုံရသည်။ တပ်ထားသည့် maskကို ဘတ်ခနဲချွတ်ကာ ခြေလှမ်းတို့ကိုအရှိန်မြှင့်လိုက်၏။

"ရောက်နေတာ ကြာပြီလား။ ဆောရီး လူနာတအားကျနေလို့"

"မကြာသေးဘူး"

friEND(COMPLETED)Where stories live. Discover now