Chapter-3

9.5K 1K 23
                                    

Unicode

ကွဲထွက်နေသော တိမ်တိုက်ညိုကလေး ၃

"မောင်သန့်ထူးမောင်"

"ရှိပါတယ် ဆရာမ"

"မောင်မင်းခန့်သူ"

"ရှိပါတယ် ဆရာမ"

"မရတီချို"

"ရှိပါတယ် ဆရာမ"

ဇွန်လ၏ အဦးဆုံးရက်ဟာ တက်ကြွလတ်ဆတ်မှုတို့နှင့် ပြည့်နှက်လို့နေသည်။ကျောင်းသားတို့၏ စိတ်လှုပ်ရှားမှုအပြည့်နှင့် ပြောသံဆိုသံတွေကြောင့် သုံးလတာ တိတ်ဆိတ်နေခဲ့သော ကျောင်းတော်ကြီးကလည်း ရက်အတော်ကြာမှ ပြန်လည်အသက်ဝင်လာခဲ့လေပြီ။

တစ်မနက်လုံး တကျွတ်ကျွတ် ပွက်ဆူညံခဲ့သော ကျောင်းခန်းကတော့ လက်ရှိမှာ ဆရာမ၏ နာမည်စာရင်းခေါ်သံအောက်တွင် မီးကိုရေနဲ့ငြှိမ်းထားသလို ရှဲခနဲဖြစ်နေ၏။ အလယ်တန်းမှ အထက်တန်းသို့ ပြောင်းရသည့် ပထမဆုံးရက်ဖြစ်သည့်အတွက် အားလုံးရဲ့ ခံစားချက်တွေ ထူးဆန်းနေကြတာလည်း ပါပါလိမ့်မည်။ အမြဲမြင်နေတွေ့နေခဲ့ရသော သူငယ်ချင်းတွေပင် ရုပ်ပဲပြောင်းသလိုလို၊ အရပ်ပဲရှည်လာသလိုလို ဖြစ်နေကာ အလယ်တန်းကျောင်းများမှ စုပေါင်းရောက်လာကြသည့် ကျောင်းသားတွေအတွက်လည်း အသစ်အဆန်းသဖွယ် ဖြစ်နေကြတော့၏။

ခွန်းနစ်အတွက်တော့ ယခုနှစ်မှ ကျောင်းကြီးကို စတင်ပြောင်းလာခြင်း ဖြစ်သည့်အတွက် အနည်းငယ်ရင်ခုန်မိတာတော့ အမှန်ပင်။ ယခင်ကျောင်းမှ သူငယ်ချင်း တော်တော်များများက အဆောင်တွေဝင်သွားကြသည့်အပြင်  အတူရောက်လာသည့် သူငယ်ချင်းတွေနှင့် အတန်းတူမကျတာကြောင့် ကိုယ့်ကိုယ်ကိုယ် ဧည့်သည်တစ်ယောက်လိုသာ ခံစားရသည်။

ဒါတင်မကသေး အခြားကိစ္စတစ်ခုလည်း ရှိနေသည့်ခွန်းနစ်မှာ အတန်း၏ ရှေ့ပိုင်းမှတဆင့် နောက်သို့မသိမသာလှည့်လိုက်၊ သိသိသာသာလှည့်လိုက်ဖြင့် ပထမဆုံးသော ကျောင်းတက်ရက်မှာပင် အတော်အလုပ်ရှုပ်လျက်ရှိပါသည်။

အနာဆေးမထည့်ပဲ ထိုင်နေတာလားဆိုသည့် ပူပန်မှုဟာ လူကိုရတက်မအေးစေနိုင်ပါ။ အတန်းနောက်ဆုံးခုံမှာ ထိုင်နေသူက တိုက်တိုက်ဆိုင်ဆိုင် နဝမတန်း (B)ရဲ့ ကျောင်းသားအဖြစ် ခွန်းနစ်နှင့် အတန်းဖော်ဖြစ်နေသည်။ ခေါင်းထဲ ခဏခဏနေရာယူရုံတင်မက အခုတော့ တစ်နှစ်လုံး အတူတူဖြတ်သန်းရအုန်းမည်။ ထိုမျှလောက် ဆန်းပြားသည့်ရေစက်ကို မအံ့ဩနိုင်သေး၊ လောလောဆယ်မှာတော့ ကိုယ့်ကြောင့်ထိခိုက်သွားသည့် ခြေထောက်ကိုတွေးရင်း နေမရထိုင်မရဖြစ်နေရ၏။

friEND(COMPLETED)Where stories live. Discover now