Chapter-23

7.2K 997 149
                                    

Unicode

တိမ်ညိုလေးလည်း အနွေးဓာတ်လိုပါတယ် ၄

တလိမ့်လိမ့်ထွက်နေသော မီးခိုးလုံးများဖြင့် ပြည့်နှက်နေသော အခန်းတွင်းမှာ ဖြစ်သည်။ ခွန်းနစ်ကုဋေက မနက်ကပဲ ဝယ်လာသည့် အသစ်စက်စက် ပလပ်စတစ် ခုံပုလေး‌ထက်တွင် ထိုင်လျက် မျက်ခုံးများမှာ တွန့်ချိုးလျက်ရှိ၏။ မျက်ခမ်းစပ်များမှာ မီးခိုးငွေ့များ၏ အရှိန်ကြောင့် ပူစပ်ကာ နေရခက်နေသလို ပြင်းလွန်းသည့် ရနံ့ကြောင့် နှာခေါင်းတစ်ခုလုံးပါ မွန်ထူနေသည့်တိုင် ဘာမှပြောနိုင်ခြင်းလည်း မရှိပေ။

"ခြင်ဆေးခွေထွန်းရင် အသက်ရှူကြပ်တယ်" လို့ ပြောမိလိုက်ကာမှ နနွင်းဓာတ်ကို အိတ်လိုက်ဝယ်လာသည့် လူကို ပြောစရာစကားပင် ကုန်နေပြီမို့ လုပ်ချင်တိုင်းသာ လုပ်ပါတော့ဆိုကာ လွှတ်ထားလိုက်ရခြင်းလည်း ဖြစ်၏။

အိမ်ပေါက်ဝမှာ ငုတ်တုပ်ကြီးထိုင်ကာ မီးဖိုငယ်လေးရဲ့ အပေါ်စီးမှနေ၍ တဟူးဟူး မှုတ်နေသူကတော့ ပူရကောင်းမှန်း ၊ မွန်းရကောင်းမှန်းလည်း တစ်ခုမှ သိပုံမရချေ။ နေချိုမောင်က သူ့တစ်ကိုယ်လုံး နနွင်းဓာတ်တွေပါစွဲသည်အထိ အားကြိုးမာန်တက်ကို နနွင်းမီးဖို ဖိုနေခဲ့တာဖြစ်သည်။ ငယ်ငယ်က အဆုတ်အခြေနေနှင့်သာဆို သေချာပေါက် ချောင်းတဟွတ်ဟွတ်ဆိုးကာ အသက်ရှူခက်သွားနိုင်ပေမဲ့ ဟိုးအရင်ကတည်းက အိမ်မှာ ရင်းနှီးနေသည့် ရနံ့ဖြစ်တာရော၊ အားကောင်းနေပြီဖြစ်သည့် အဆုတ်ကျန်းမားရေး၏ ကျေးဇူးပါ ပေါင်းကာ ယခုလိုနေနိုင်တာဖြစ်၏။

"ခြင်ကိုက်ရင် မကောင်းဘူး"

သူ့ခြေထောက်တစ်ခုလုံး ရစရာမရှိအောင် ခြင်ကိုက်ဖုတွေ ပေါက်နေတုန်းကတော့ ဘယ်လိုနေခဲ့သည်မသိ။ ခွန်းနစ်ကိုတော့ ခြင်ကိုက်မခံရစေနှင့်ဆိုကာ ဆရာကြီးလုပ်နေသူအား တစ်ခါတစ်လေတော့ နားလည်ရန် ခက်လွန်းပါသည်။ အရေပြား ဆရာဝန်နှင့် ပြကာ ကုပေးထားရသည့် သူ့ခြေထောက်ကို မြင်တိုင်း ဘယ်လိုများနေလာခဲ့ရပါလိမ့်ဟု စိတ်မကောင်းဖြစ်ရသူက အခုတော့ ခွန်းနစ်ကို ခြင်ကိုက်မခံဖို့ တိုက်တွန်းရင်း၊ လက်တွေ့ အကောင်အထည်ပါ ဖော်ပေးနေ၏။ ဒါက သူ့ကျေးဇူးတင်နည်း တစ်မျိုးပေလား။ တွေးရင်း စိတ်ရှုပ်လာသည့်အခါ လက်တွေကို လေထဲမှာခါယမ်းလျက် မီးခိုးငွေ့များကို ဖြိုခွဲပစ်လိုက်၏။

friEND(COMPLETED)Where stories live. Discover now