Chapter-36

6.8K 915 58
                                    

Unicode

တိမ်ညိုလေး၏ သရုပ်မှန် ၈

လက်တွေ့လား အိပ်မက်လား... သို့မဟုတ် ထင်ယောင်ထင်မှား ဖြစ်ခြင်းပေလား...။

တစထက်တစ ရှင်းလင်းပြတ်သားလာသည့် အသံကို အားစိုက်နားထောင်ရာမှ နှာဖျားဆီတိုးဝင်လာသည့် ပိုးသတ်ဆေးနံ့တွေ။ နှစ်အတော်ကြာ ရင်နှီးခဲ့ပေမဲ့ မရတာကြာပြီဖြစ်သော ထိုအနံ့များက နှာခေါင်းအရိုင်းအတွက်တော့ သိသာလွန်းနေသည်။ အသိစိတ်ကပ်လာခြင်း၏ နောက်မှာ အားယူကာ ထလိုက်ချင်သည့်တိုင် လေးပင်လွန်းသည့် မျက်ခွံတို့နဲ့ အားချင်းမပြိုင်နိုင်။

"ဆရာဝန် ဆရာဝန်သွားခေါ်ချေ"

စိတ်လှုပ်ရှားစွာ ကြားနေရသည့် ထိုအသံက အစိမ်းသက်သက်မဟုတ်ခဲ့။ ခြေသံတွေနှင့်  တံခါးဖွင့်သံတွေနောက်မှာ "ဆရာ...ဆရာ ဒီမှာ သတိရလာပြီထင်တယ်" ဆိုသော အော်သံကိုပါ ထပ်မံကြားလိုက်ရသည်။ အမြင်အာရုံကို အလုပ်မပေးနိုင်သေးခင်ဖြစ်၍ အကြားအာရုံရဲ့ စွမ်းရည်ကပဲ ပိုတိုးစွမ်းဆောင်နေလေသလား။ ထို အသံပိုင်ရှင်၏ စကားသံနောက်မှာ ဇဝေဇဝါဖြစ်နေသော အတွေးတို့က သေချာသလောက်ဖြစ်လို့သွားသည်။ ချက်ချင်းပဲ ခွန်းနစ် ရင်အစုံဟာ တဖိုဖိုလှိုက်ခုန်လို့လာ၏။

"Vital signယူမယ် ဆရာမ"

ရောထွေးနေသည့် ရေမွှေးနံ့တွေ၊ ခန္ဓာကိုယ်အနှံ့ထိတွေ့မှုတွေကြား တစ်စုံတစ်ယောက်ရဲ့ ဘုရားစာ ရွတ်ဆိုသံက တတွတ်တွတ်နှင့်။

"ကျွန်တော် ပြောတာကြားရင် မျက်တောင်လေးခတ်ပြနော်"

ကြိုးစားကာ ခွန်းနစ် မျက်ခွံလေးကို လှုပ်လိုက်သည်။ လှပ်ခနဲ... နှုတ်ခမ်းကိုပါ ဖွင့်ဟလိုက်ပေမဲ့ ခြောက်သွေ့လွန်းသော လည်ချောင်းကြောင့် ဘာကိုမှ မပြောနိုင်။

"တော်ပါသေးတယ်... ဘုရား ကယ်လို့သာပဲ"

"သိပ်မကြာခင် သတိဝင်လာတော့မှာပါ အန်တီ။ လောလောဆယ်တော့ ခဏလောက် ပြန်နားလာပါစေဦး။ ကျွန်တော် ဆရာကြီးဆီ အကျိုးကြောင်း Informလိုက်ပါဦးမယ်"

"ဟုတ်ကဲ့ ပါ ဆရာ။ ကလေး လိုအပ်တာမှန်သမျှ အကုန်လုပ်ပါ။ ကျွန်မတို့ဆီလည်း ပြောပါဆရာ"

friEND(COMPLETED)Where stories live. Discover now