Part-34

4.5K 396 12
                                    

[Unicode]
"ရောင်းရင်းတို့ ဟိုမှာဗျ ဟိုမှာ"

ဒိဗ္ဗ၏ အသံကြောင့် ကျန်ငါးယောက်ကလည်း လေပွေကြားကို အာရုံစိုက်ကာကြည့်လိုက်ကြ၏။
အခြားသူများ၏အာရုံကလည်း ထိုပုံရိပ်များအပေါ်တွင်သာကျရောက်လျက်။

စာဖတ်ခန်းတွင်ထိုင်နေသည့် ဇေယျရှေ့သို့ ရှင်ယမင်းဖြူက ဒေါသတကြီးရောက်ချလာ၏။

"ဒါက ဘာပါလဲ အရှင်"

ရှင်ယမင်းဖြူက သူမလက်ထဲကိုင်လာသည့် အရွယ်အစားသိပ်မကြီးသည့် ပန်းချီကားချပ်အား ဇေယျကို‌ဖြန့်ပြလိုက်သည်။

ဇေယျကအေးအေးဆေးဆေးပင်။

"မြင်တဲ့အတိုင်းပဲလေ"

ထိုပန်းချီကားမှာ အခြားတော့မဟုတ်။ ကိုယ်ရံတော်တပ်မှူးကြီးစက္က၏ နောက်တွင် ညာလက်ရုံးအဖြစ် ဇေယျ၏ခမည်းတော် ဘုရင်ကြီးအား ခစားနေသည့် သူရဇ္ဇ၏ပုံ။
ပန်းချီကားကိုဆွဲစဥ်က ဇေယျမှာအိမ်ရှေ့စံဘဝသာ ရှိသေးသောကြောင့် အချိန်ကာလကြာမြင့်လှပြီ ဖြစ်သော်ငြား ကောင်းမွန်သော ဆေးသားနှင့် လက်ရာကြောင့် လွန်စွာအသက်ဝင်လှသည်။

"မိဖုရားခေါင်ကြီးက ကိုယ်တော့် ခွင့်ပြုချက်မရှိဘဲ ကိုယ်တော့်အိပ်ဆောင်ထဲ ဝင်ခဲ့တယ်နဲ့တူရဲ့"

ဇေယျက စာဖတ်နေရင်း ရှင်ယမင်းဖြူအား စကားဆိုလာ၏။
ရှင်ယမင်းဖြူကတော့ ဒေါသကြောင့် တဆတ်ဆတ်တုန်ယင်နေ၏။ အရှင်ကြီးရဲ့အိပ်ဆောင်ထဲမှာ ကိုယ်ရံတော်တပ်မှူးသူရဇ္ဇ ငယ်ရွယ်စဥ်အခါက ပန်းချီကားချိတ်ဆွဲထားတာ ဖြစ်သင့်ရဲ့လား။ ပြီးတော့ ပန်းချီကားကိုဆွဲတဲ့လူက ဘယ်သူများထင်သလဲ။ ဇေယျကိုယ်တိုင်ပဲ။

"စိုးရွံ့မိပါတယ်အရှင်... ကျွန်တော်မျိုးမနဲ့အတူ နန်းသွေးနန်းလျာရရှိအောင် မကြိုးပမ်းလေတာ ကိုယ်ရံတော်တပ်မှူးကြောင့်များလား အရှင်"

ဇေယျက စိတ်ရှုပ်ဟန်ဖြင့် မျက်ခုံးများကိုတွန့်ချိုးလိုက်ကာ လေသံခပ်အေးအေးဖြင့်။

"ဟုတ်တယ်ဆိုရင်ရော"

ရှင်ယမင်းဖြူကတော့ မယုံနိုင်စွာ မျက်လုံးများပြူးကျယ်လျက်။

ကိုယ့်ရဲ့အရှင်-My Lord[Completed]Where stories live. Discover now