Part-35

4.5K 400 16
                                    

[Unicode]
တိမ်ယံရှင်းက လေပွေကို အားမလျော့အောင် ထိန်းထားလျက် တစ်ဖက်နန်းဆောင်ထဲက မဒီနှင့်နဒီအားတစ်ချက်လှမ်းကြည့်၏။

နင်တို့နဲ့နောက်မှရှင်းမယ် ဆိုတဲ့သဘော။ မဒီနှင့်နဒီကတော့ ကြောက်အားလန့်အားဖြင့် မျက်ရည်များပင်ဝဲလို့။

တိမ်ယံရှင်းဆိုတဲ့ ပေါတောတော ကောင်လေးကို ဇေယျမှန်းမသိဘဲ တစ်မျိုးပြီး တစ်မျိုးပြဿနာရှာခဲ့တာ သူတို့တွေပဲမဟုတ်လား။

လေပွေထဲတွင် မူလကပုံရိပ်များပျောက်ကွယ်ပြီး အခြားပုံရိပ်များ အစားထိုးဝင်ရောက်လာ၏။

"အရှင်... ကျွန်တော်မျိုးမနှင့်အတူ ဥယျာဥ်တော်ထဲ ‌အညောင်းအညာပြေ လမ်းလျှောက်ထွက်တော်မူပါ"

"ကျစ်... အသင့်ဘာသာ အသင်သွားလို့ရရက်နဲ့၊ ကိုယ်တော်အလုပ်ရှုပ်နေတာမတွေ့ဘူးလား"

ဇေယျ၏စကားကြောင့် ရှင်ယမင်းဖြူ မျက်နှာရှုံ့မဲ့ပစ်လိုက်သည်။ သူမကို လာတောင်းရမ်းတဲ့ အခြားတိုင်းပြည်က မင်းသားတွေကိုတောင် ငြင်းပစ်ခဲ့တာ။ ဇေယျလို အင်အားကြီးတိုင်းပြည်ကဘုရင်ရဲ့ မိဖုရားခေါင်ကြီးဆိုတဲ့ နေရာကိုမက်မောလို့။ အခုတော့ သူလိုချင်တဲ့ မိဖုရားခေါင်ကြီးနေရာတော့ ရပါရဲ့။

ဇေယျက သူ့ကို ဇနီးမယားလို သဘောမထားတဲ့အပြင် သူ့ရဲ့သားဦးကို ဒီတိုင်းပြည်ရဲ့ နန်းလျာဖြစ်ခွင့်တောင်မပေး။ သူမရဲ့ သားတော်က နန်းလျာဖြစ်မှ ဒီတိုင်းပြည်တစ်ခုလုံးကို သူမတို့ပိုင်တဲ့တိုင်းပြည်လက်အောက် သိမ်းသွင်းလို့ရမည်မဟုတ်လား။

"အရှင်မင်းကြီး... ကျွန်တော်မျိုးမကို သနားညှာတာသောအားဖြင့် ဒီတစ်ခါပဲ မျက်နှာသာပေးတော်မူပါ"

"ကိုယ်တော်အလုပ်ရှုပ်နေတယ်"

ဇေယျက ရှင်ယမင်းဖြူကို မော့တောင်မကြည့်။ ရှေ့ကပေရွက်ကိုသာ အာရုံစိုက်နေ၏။ ဇေယျ အလုပ်ရှုပ်နေတယ်ပြောပြီး ပေရွက်ပေါ်မှာ စုတ်တံတစ်ချောင်းနဲ့ ဟိုခြစ် ဒီခြစ် လုပ်နေတယ်ဆိုတာ ဇေယျနောက်မှာ ရပ်နေတဲ့ သူရဇ္ဇသာမြင်သည်။

သူရဇ္ဇရဲ့အတွေးကတော့ စိတ်ဆိုးနေတဲ့ဇေယျကို ရှင်ယမင်းဖြူက မရမကချော့နေတာပေါ့။ ဒီလင်မယားအချစ်စမ်းနေကြတာကိုး။

ကိုယ့်ရဲ့အရှင်-My Lord[Completed]Where stories live. Discover now