Ep-3(Unicode)

6.7K 870 21
                                    





ထင်ထားတဲ့အတိုင်း ရေလှိုင်းနဲ့ မိုးသောက် နှစ်ယောက်လုံး ကျပြီး အအိပ်မက်သော ညီမဖြစ်သူ ယွန်းသော်တာပါ မအောင်ပေ။သူတို့ သူငယ်ချင်းအဖွဲ့ထဲမှာ ဇိုင်းတစ်ယောက်သာ အောင်သည်။ဒါလည်း ဝမ်းနည်းတဲ့ပုံ မပေါက်တဲ့အပြင်  ဇိုင်းအတွက် ဂုဏ်ယူပြီး သူတို့ပါ လိုက်ပျော်နေတာ။

ယွန်းသော်တာက နောက်နှစ် ဆက်မတက်ချင်တော့ဘူးပြောတာကြောင့် အဘနဲ့အမေက ဖိအားလည်းမပေးသလို မအောင်တာကြောင့် ဆူပူမာန်မဲတာလည်းမရှိ။ တော်တော်များများ အောင်ဖို့ ခက်ခဲမှန်းသိတာကြောင့် အများကြီး မမျော်လင့်ထားသော တောသူတောင်သားတို့မှာ ဝမ်းစာအလုပ်ပင်ပန်းမှုထက်ပိုပြီး စိတ်ကိုပါ အပင်ပန်းမခံကြ။သဝဏ်တုန်းကလည်း ကျောင်းထွက်ချင်တယ် တစ်ခွန်းတည်းပြောရုံနဲ့ အဘနဲ့အမေက ခွင့်ပြုသည်။

ဇိုင်းအတွက် သူ့အမေဒေါ်စံမြက ဂုဏ်ယူကာ တစ်ရွာလုံးကို နေ့လယ်စာထမင်း စတုဒီသာကျွေးသည်။ရေလှိုင်းနဲ့ မိုးသောက်ကတော့ သူတို့ခန့်မှန်းတာ မှန်တယ်ဆိုတဲ့ ပုံနဲ့ စာမေးပွဲကျတာတောင် မိန့်မိန့်ကြီးတွေပြုံးလို့ ။နှစ်ယောက်လုံး ယာထဲလိုက်နေပြီဖြစ်တာကြောင့် အဖေနှစ်ယောက်က မဆူပေ။သူတို့အဖေနှစ်ယောက်ကလည်း အဘနဲ့အမေတို့နဲ့ တစ်ရွာတည်းသားတွေဆိုတော့ ခံယူချက်တွေက အတူတူပဲ။

နေ့လယ်စတုဒီသာအတွက် ဝိုင်းကူလုပ်ပေးပြီး  ဇိုင်းနဲ့ သဝဏ်က ဘုန်းကြီးကျောင်းမှာ သန့်ရှင်းရေး အလှည့်ကျအတွက်သွားရသည်။သူတို့ရွာမှာ ဘုန်းကြီးကျောင်းနဲ့ ရွာဦးစေတီရင်ပြင် သန့်ရှင်းဖို့အတွက် လူငယ်တွေကို အသင်းအဖွဲ့ပုံစံမျိုးလုပ်ပေးထားသည်။ နှစ်ယောက်တစ်တွဲဖြစ်ပြီး တစ်ပတ်မှာ တစ်ရက်စီ အလှည့်ကျ၏။

ရွာမှာရှိတဲ့ လူငယ်တွေကို မဲနှိုက်ခိုင်းပြီး နှစ်ယောက်တစ်တွဲလုပ်ပေးထားတာဖြစ်သည်။တကယ်တော့ သဝဏ်နဲ့ အတူတူ ရက်ကျတာက ဇိုင်းမဟုတ်ဘဲ မဲနံပါတ်တူတဲ့ မိုးသောက်ဖြစ်သည်။ ဇိုင်းက ရေလှိုင်းနဲ့ တစ်တွဲ။

ထိုအခါ ကိုယ်ချစ်တဲ့လူနဲ့ ကုသိုလ်အတူယူချင်သော သဝဏ်ရဲ့ လောဘက အတူတူရှိနိုင်ဖို့ ကြိုးစားတော့သည်။ မိုးသောက်နဲ့ ရေလှိုင်းတို့နှစ်ယောက်ရဲ့ ပြိုင်ဆိုင်မှုကို မီးလောင်ရာ လေပင့်ပေးလိုက်တာ။နှစ်ယောက်အတူလုပ်မှ ဘယ်သူပိုပြီး သန့်ရှင်းနိုင်မလဲဆိုတာသိဖို့ သဝဏ်နဲ့ ရေလှိုင်း မဲလဲလိုက်ကြသည်။ ဒီလိုနဲ့ ရွာဦးစေတီ ယုဇနပင်အောက်မှာ တံမြက်စည်းလှည်းနေတဲ့ ဇိုင်းကျောပြင်အား သဝဏ်တစ်ဝကြီး ငေးခွင့်ရလေပြီ။

ပျိုးရန် ရှိသည့် ပန်းတစ်ပွင့်Where stories live. Discover now