Ep-19(Unicode)

6.3K 813 77
                                    





အဝေးပြေးကားလမ်းမကြီးဘေးမှာ စိန်ပန်းပင်တို့ တရွေ့ရွေ့ကျန်နေခဲ့၏။ထိုအပင်တွေရဲ့ မြင်ကွင်းရှေ့က တည်ငြိမ်နေသော မျက်နှာသွင်ပြင်ဟာ ကားမှန်ရိပ်မှာ ထင်ပေါ်နေသည်။သွေးစို့နေသော ဒဏ်ရာတချို့ရှိနေပေမယ့် သူ့မျက်နှာရဲ့ချောမောမှုက ပျောက်ကွယ်မနေ။လက်ထဲက အဝတ်ထုပ်ကို ရင်ခွင်ထဲ ထွေးပိုက်ရင်း သူက ဘာလို့ သဝဏ်အနားမှာရှိနေသလဲဆိုတာမသိပေ။ထွက်လာခါနီး မိုးသောက်နဲ့ ထပ်ပြီး ပြဿနာတက်မှာစိုးသောကြောင့် သဝဏ် လိုက်လာခဲ့တာ။

တရားခံလို့ သတ်မှတ်ပြီး ရဲစခန်းကို အပ်ဖို့လား။လာတုန်းက နှစ်ယောက်၊အပြန်လည်း နှစ်ယောက်ပင်။သို့သော် မတူညီတော့တာက အခု သဝဏ်ဘေးမှာရှိနေတာ မိုးသောက်မဟုတ်ဘဲ ချစ်ရပါသော ဇိုင်း။ဘာရည်ရွယ်ချက်နဲ့ ဆွဲခေါ်လာလည်း မသိပေမယ့် ထူးဆန်းစွာပင် သဝဏ်ရင်ထဲမှာ ကြောက်စိတ်ရှိမနေ။ နှစ်ယောက်ယှဉ်ထိုင်နေတဲ့ ခရီးသည်တင်ကားပေါ်မှာ အုပ်မိုးနေတဲ့ အရိပ်က အရာရာလုံခြုံနေသလို။ဒါပေမဲ့ အခုထိ စကားတစ်ခွန်းမှ မပြောဘဲ မျက်နှာလွှဲထားသည်။

ဘာဆက်ဖြစ်မလဲ မသိတဲ့ အနာဂတ်အတွက် ထပ်ပြီးမတွေးတောနိုင်တာကြောင့် ခုံအနောက်ကို ခေါင်းမှီကာ မျက်လုံးမှိတ်ထားလိုက်တော့သည်။ပုံမှန်အရှိန်နဲ့ သွားနေတဲ့ ကားက တဖြည်းဖြည်း ငြိမ်ပြီး ရပ်လိုက်ချိန်မှ သဝဏ်နိုးတစ်ဝက်နဲ့ရှိနေတုန်း။

အပြင်ကိုလှမ်းကြည့်တော့ ခရီးသည်တချို့ဆင်းသွားပြီး ထမင်းစားနားပေးတာဖြစ်သည်။ထိုအခါမှ ဘေးနားမှာရှိတဲ့ ဇိုင်းဆီကနေ ပထမဆုံး စကားသံကြားရ၏။

"ဒါခဏယူထား"

သယ်လာတဲ့ သူ့ကျောပိုးအိတ်ကို သဝဏ်ဆီပေးပြီး ကားပေါ်က ဆင်းသွားသည်။ထမင်းဆိုင်ဘက်ဝင်ပြီး မှာနေတဲ့ပုံက အမူအရာသာဖြစ်သော်လည်း သဝဏ်နားထဲမှာ သူ့ရဲ့အသံပါ ကြားတဲ့အထိ ဇိုင်းလှုပ်ရှားမှုတို့ကို အလွတ်ရနေတာ။

"ဟေ့ မောင်ရင် "

သဝဏ်လှည့်ကြည့်လိုက်တော့ ဘေးခုံက အဒေါ်ကြီးတစ်ယောက်ပင်။သူမရဲ့လက်တစ်ဖက်က ရင်ဘတ်ကိုဖိပြီးနောက်တစ်ဖက်က ခေါင်းကိုကိုင်ထားသည်။

ပျိုးရန် ရှိသည့် ပန်းတစ်ပွင့်Where stories live. Discover now