Ep-6(Zawgyi)

1.9K 69 2
                                    








ပုံမှန်ထက် သာယာသော မနက်ခင်းတစ်ခုဖြစ်သည်။
ကြားနေရသော ကျေးငှက်အသံ၊စပါးနှံ့သင်းသော လေပြေညင်း။နောက်ဆုံး
မျက်နှာပေါ် ကျရောက်လာတဲ့ နေရောင်ခြည်ကအစ နွေးမြမြ။တကယ်တော့ နေ့တိုင်း အရှေ့ရပ်ဝန်းကနေ နေထွက်လာတာ အတူတူပါပဲ။ နေနဲ့ ကမ္ဘာအကွာအဝေးမပြောင်းလဲသ၍ မြင်နေရတဲ့ နေလုံးရဲ့အရွယ်အစားနဲ့ အလင်းရောင်ဟာ ပြောင်းလဲခြင်း ကြီးကြီးမားမား ရှိမည်မဟုတ်။ သို့သော် သဝဏ်ရဲ့ စိတ်ထဲ ဒီနေ့မှာတော့ မျက်လုံးပွင့်လာတာနဲ့ အလိုလိုပြုံးမိတဲ့အထိ ကြည်နူးနေသည်။ပုံမှန်ဖြတ်သန်းနေရတဲ့ နေ့တွေထဲမှ ပျော်ရွှင်ရသော နေ့ တစ်နေ့။

မနက်ခင်းလုပ်စရာရှိတဲ့ အလုပ်တွေကို တက်ကြွစွာပင် မြန်မြန်ဆန်ဆန်အပြီးဖြတ်သည်။ထို့နောက် ရေချိုးပြီး ပါးပေါ်မှာ မြဲနေကျ သနပ်ခါးလည်း မပါမဖြစ်။ယောကျာ်းလေး တစ်ယောက်ကို သနပ်ခါးနဲ့ လိုက်ဖက်ပါ့မလားဟု ထင်ကောင်း ထင်နိုင်သော်လည်း  ငယ်စဉ်ကတည်းက လိမ်းလာသော သဝဏ်ရဲ့ မျက်နှာသွယ်သွယ်တွင် ထူးခြားတဲ့အရာလို့ မမြင်။အတူတွဲတွေ့နေကျ မြင်ကွင်းတစ်ခုလိုပင် လိုက်ဖက်လှသည်။

သနပ်ခါးလိမ်းပြီးတော့ ကျောက်ပြင်ကို နှီးဇကောအသေးလေးနဲ့ ပြန်အုပ်ကာ ခြံထဲဆင်းလာသည်။ထို့နောက် ကွပ်ပျစ်ပေါ်တက်မှ မှီသော ယုဇနပန်းကိုင်းတစ်ချို့ကိုခူးယူလိုက်၏။ယုဇနပန်းက အပင်ပေါ်မှာ တစ်ရက်ကျော်တာနဲ့ ပွင့်ဖက်လေးတွေ ကြွတေတ်တာကြောင့် ဒီနေ့မနက်မှ ပွင့်သော အခိုင်တို့ကိုရွေးပြီး  ခူးလိုက်သည်။ လက်ထဲရောက်လာတဲ့ အဖြူရောင် ပန်းခိုင်လေးများကို ဂရုတစ်စိုက်ကိုင်ကာ လိုချင်တဲ့ပမာဏရပြီဆိုမှ ကွပ်ပျစ်ပေါ်က ပြန်ဆင်းလိုက်သည်။

သင်းပျံ့​သော ပန်းရနံ့နဲ့အတူ တစ်ယောက်သောသူ၏ မျက်နှာလေးအား မြင်ယောင်လာသည်။ ကိုယ်က တစ်ယောက်ယောက်ကို သဘောကျမိတဲ့အခါ အဲ့ဒီလူကြိုက်နှစ်သက်သော အရာလေးကို မြင်လိုက်ရုံဖြင့် သူ့ရဲ့ပုံရိပ်လေးပါ အတူတွဲ ပါလာတာမျိုး။

အခုလည်း ဇိုင်း သဘောကျတယ်ဆိုတဲ့ ယုဇနပန်းတွေကိုကြည့်ရင်း မမြင်ရတာကြာပြီဖြစ်သော သူ့မျက်နှာလေးကို ပြန်မြင်ယောင်လာသည်။စကားပြောတဲ့ အခါ မျက်ခုံးထူထူ ပင့်လျက် သွက်လက်နေသောသူ။စကားနည်းသော်လည်း ပြောမိရင်တော့ မနှမြောတတ်။တခြားလူနဲ့ စကားနည်းပြီး သဝဏ်နဲ့ဆို အများကြီးပြောဖြစ်တဲ့အချိန်တိုင်း  ငါနဲ့မှဆိုတဲ့ ပျော်ရွှင်မှုလေးက အတိုင်းမသိပေ။ဒီနေ့က အဲ့ဒီကောင်လေး မြို့သားကြီးအဖြစ်နဲ့ ပြန်လာတော့မယ့် နေ့။

ပျိုးရန် ရှိသည့် ပန်းတစ်ပွင့်Where stories live. Discover now