Ep-15(Unicode)

5.9K 737 42
                                    






ဖွဲမီးစက်သံ တစ်ဒုတ်ဒုတ်ကြားက လူတချို့ရဲ့ တီးတိုးသံတို့ ထိုးဖောက်ပြန့်လွင့်နေသည်။မီးသီး၊မီးချောင်း လင်းထိန်နေသော သူကြီးအိမ်မှာ လူစည်နေသော်လည်း   ကောင်းသော စည်ခြင်းမဟုတ်။

ရွာမှာ ကြိုးဆွဲချတဲ့ အလောင်းကို နာရေးဖြစ်သည်မှာ အခုနဲ့ဆို ဒုတိယအကြိမ်။ပထမက သူကြီးမိန်းမ၊မိုးသောက်ရဲ့အမေ။သူမရဲ့ ကင်ဆာကို မခံစားနိုင်တော့တဲ့အဆုံး ဆေးရုံမှာပဲ အဆုံးစီရင်သွားတဲ့အခါ ၁၀နှစ်သား မိုးသောက်ယံအတွက် အိမ်မက်ဆိုးဟာ နှစ်ခုတစ်ပြိုင်တည်းဖြစ်ပေါ်ခဲ့သည်။ပထမတစ်ခုက ကြိုးဆွဲချသေတဲ့အလောင်းကိုမကြည့်ရဲတော့တာ။နောက်တစ်ခုက သူကိုယ်တိုင်မြင်ခဲ့တဲ့အမေဖြစ်သူရဲ့အလောင်းရှိသော ဆေးရုံ။

ယွန်းနဲ့အတူ သဝဏ်တို့တွေ မိစုနာရေးမှာလာကူပေးကြသည်။လူကြီးတွေထိုင်နေသော ဝိုင်းကို အကြမ်းရည်ပို့ပြီး  ဖျာခင်းထားသော ထောင့်ဆုံးက ဝိုင်းကိုလှမ်းကြည့်လိုက်တော့ မိုးသောက်ကိုတွေ့ရသည်။ဘေးမှာရေလှိုင်းနဲ့ ဇိုင်းက စကားပြောနေပေမယ့် သူက တစ်ခွန်းမှမပြော။ သဝဏ်လှမ်းကြည့်နေရင်းမှာပဲ သူကြီးနဲ့ မိစုအမေက မိုးသောက်နားအသာကပ်ကာ လက်တို့ခေါ်သွားသည်။နှစ်ယောက်လုံးမျက်နှာမှာ ပူပန်မှုတို့က မြင်လိုက်တာနဲ့ ကူးလာသလို သဝဏ်ပါ ပင့်သက်ရှိုက်လိုက်မိသည်။

ခဏအကြာ သူကြီးနဲ့အတူ အိမ်အောက်ထပ်ဝင်သွားသော မိုးသောက်က ဒုန်းစိုင်းပြန်ထွက်လာ၏။အနောက်မှ မိစုအမေရဲ့ မသဲမကွဲအော်ခေါ်သံကိုပါကြားလိုက်ရသည်။မီးစက်သံနဲ့အတူ ဖဲဝိုင်းထဲ ဈာန်ဝင်နေကြတာကြောင့် သူတို့ကိုလှမ်းကြည့်နေတဲ့ သဝဏ်သာ ကောင်းကောင်းကြားနိုင်ပြီး  ဇိုင်းတို့ထိုင်နေတဲ့ဝိုင်းကနေ ချစ်စိန်ကိုဆွဲခေါ်သွားသည်။ထိုအခါ ရေလှိုင်းနဲ့ ဇိုင်းက အနောက်ကလိုက်သွားတာကြောင့် သဝဏ်လည်းလိုက်ကြည့်တော့ အိမ်ရဲ့အနောက်ဘက် လူမရှိတဲ့နေရာမှာ အော်ဟစ်နေသော မိုးသောက် အသံ

"မင်း မသိဘူးဆိုတာ ဖြစ်နိုင်ပါ့မလား  ဟမ်!"

"ကိုမိုးသောက်ကျုပ်ပြောတာ ဘာလို့မယုံတာလဲ မိစုကို ကျုပ်ချစ်ပေမယ့် ဒီလိုမကြံဘူးဗျ"

ပျိုးရန် ရှိသည့် ပန်းတစ်ပွင့်Where stories live. Discover now