Chapter - 29

2.6K 331 6
                                    

Unicode

ခရစ္စမတ်နေ့မှာ တဖွဲဖွဲကျနေခဲ့သော နှင်းစက်လေးများက ရုတ်တရက် ရပ်သွားခဲ့ပြီး ရာသီဥတု ကြည်လင်လာသည်။

အချိန်အတော်ကြာ ကွယ်ပျောက်သွားခဲ့သော အပြာရောင်ကောင်းကင်နှင့် တိမ်ဖြူတိမ်စိုင်များက ကျန်းမန့်ကို သက်တောင့်သက်သာဖြစ်စေသည်။ သူမ စားပွဲပေါ်ခေါင်းတင်ထားလျက် ပြတင်းပေါက်ကို လှမ်းကြည့်နေရင်း ငြိမ်းချမ်းမှုအနှစ်သာရကို တမြိန့်မြိန့်ခံစားနေသည်။

ကျန်းဟွေ့ဖန်းနှင့် သူမ နောက်ဆုံးတစ်ခေါက် စကားပြောပြီးကတည်းက သားအမိနှစ်ယောက် ပွင့်ပွင့်လင်းလင်းဆွေးနွေးကာ အခေါ်အပြောရှိလာခဲ့သည်။ သူမ၏ ကြိုးစားအားထုတ်မှုနှင့် ဆွဲဆောင်မှုအောက်တွင် ကျန်းဟွေ့ဖန်းက လက်ထပ်ပြီး ကလေးယူရန် စိတ်ကူးကို လုံးဝလက်မခံခဲ့ပေ။ သို့သော် နည်းနည်းအလျှော့ပေးလာပြီဖြစ်သည်။

ဦးလေးရွှီကလည်း ပြောခဲ့သည့်အတိုင်း သူမ မျှော်မှန်းချက်တွေကို စိတ်မပျက်စေခဲ့ဘဲ ပြင်းထန်စွာ ထိုးစစ်ဆင်ခဲ့သည်။ တစ်ပတ်အတွင်းမှာပဲ ကျန်းဟွေ့ဖန်းကို ချိန်းတွေ့ဖို့ အကြိမ်ပေါင်းများစွာ မေးခဲ့သည်။ ထို့အတူ ကျန်းဟွေ့ဖန်းကလည်း အလွန်ပျော်ရွှင်နေသည်ကို သူမ အတိုင်းသားမြင်နေရလေသည်။

ဦးလေးရွှီ သည် ယုံကြည်စိတ်ချရသော ယောက်ျားတစ်ယောက်ဖြစ်ပြီး ကျန်းဟွေ့ဖန်းကိုလည်း အလွန်နှစ်သက်သည်ပင်။

အားလုံးငြိမ်းချမ်းနေသည့်နောက်တွင် သူမ စိတ်ချမ်းသာနေရသော်လည်း လီဝေအတွက်မူ ရာသီဥတုက မသာယာပေ။

သူ စိတ်တိုနေရသည်။

ဒီမနက် သူ ကျောင်းရောက်တော့ ကျန်းမန့်ရဲ့ စားပွဲပေါ်မှာ လက်ဆောင်သေတ္တာဗူးပေါင်းများစွာကိုတွေ့လိုက်ရသည်။ မသိမသာ တစ်ချက်လှမ်းကြည့်လိုက်သောအခါဝယ် သူ မသိသည့် ကျောင်းသားများက သူမအတွက် ပြင်ပေးထားသော ခရစ္စမတ်လက်ဆောင်ထုပ်များဖြစ်ကြောင်း သိခဲ့ရသည်။

အချို့သော လက်ဆောင်ဗူးများတွင် စာတပ်ထားသည့် အသည်းပုံစတစ်ကာများ ကပ်ထားသေးသည်။ သူ့အမြင်တွင် ထိုစာများက အလွန်ရုပ်ဆိုးလွန်းသည့် စကားလုံးများဖြစ်သည့်အပြင်၊ ရေးထားသည့် ပုံစံက ကမောက်ကမနှင့် ဟန်လုပ်သော ရှုပ်ရှုပ်ရှပ်ရှပ် ဝန်ခံစာများဖြစ်သည်။

(Completed) An Encounter With Your Younger Self (Myanmar Translation)Where stories live. Discover now