(Zawgyi code)
ရာသီဥထုက သိသိသာသာ ပူကာအိုက်စက်နေတယ်။
တနေ့ခင်းလုံး နေပြင်းပြင်းပူထားတဲ့အတွက် ကတ္တရာလမ်းမဟာလည်း နေ၀င်သွားပေမယ့် အခုထက်ထိ အပူရှိန်က တငွေ့ငွေ့နဲ့၊ အသောမသတ်နိုင်သေး။
အက်ဖီ(Effy) အတွက်ကတော့ ဒီနေ့ဟာ ပြဿဒါးနေ့လို့ ခေါင်းစဉ်တပ်လို့ရတယ်။
မနက်မိုးလင်းတည်းက ရင်ဆိုင်ခဲ့ရတဲ့ အခက်ခဲတွေက အများအပြားရယ်။
အဲဒီထဲမှာ အဆိုးဆုံးကတော့ ဒယ်ဒီဟာ နေရင်းထိုင်ရင်း အက်ဖီ့ကို ဟိုဖက်ခန်းက မိုးထိဆိုတဲ့ကောင်နဲ့ တစ်ခုခုဖြစ်နေတယ်ဆိုပြီး ဒက်ထိကြီး စွပ်စွဲတဲ့ကိစ္စပါပဲ။
တကယ်တော့ အက်ဖီ့အတွက် အဲဒီမိုးထိဆိုတဲ့ကောင်က ဘာဆိုဘာမှမဟုတ်ဘူး။
နောက်ပြီး မိုးထိကို အက်ဖီကိုယ်တိုင်ကလည်း သိပ်မခင်ဘူးဆိုတော့ သူငယ်ချင်းပါလို့တောင် ပြောလို့မရတာကို ဒက်ဒီက မိုးထိနဲ့စကားပြောရင် ပြုံးရယ်နေတာပဲ...
နင် အဲဒီကောင်လေးနဲ့ ကြိုက်နေတာလား အက်ဖီ...
နှုတ်ခမ်းပဲ့ချင်း မီးမှုတ်ချင်တာလား...
သူနေတဲ့အဲဒီတိုက်ခန်းက သူ့အဖေကို Company က ပေးနေထားတဲ့တိုက်ခန်းနော်...
ဒယ်ဒီ့ထက်တောင် သူ့အဖေက ရာထူးနိမ့်သေးတယ်၊ နင် ဒါမျိုးကို စိတ်ကစားနေတာလား... စတဲ့... စတဲ့ ဒယ်ဒီ့စွပ်စွဲချက်များဟာ...
အက်ဖီ့ကို စိတ်ကျဉ်းကြပ်စေတာ အမှန်ပဲ။
ဒါ့အပြင် မာမီကလည်း အက်ဖီရယ် နင် လူတွေနဲ့စကားပြောရင် ပြုံးရယ်ပြီး မပြောစမ်းနဲ့ဟယ်၊ နင့်ကိုကြည့်လိုက်ရင်လေ မသိရင် နင်ကပဲ အထာပေးနေသလိုလိုကြီးလို့ ပြောသေးတာ။
အက်ဖီဟာ ပင်ကိုယ်တည်းက ပြုံးရွှင်ပေါ့ပါးစွာနေတတ်တယ်။
စကားပြောရင် အရမ်းကိုသွက်လက်ပြီး တော်ရုံရေပက်မ၀င်နိုင်ဘူး။
စကားပြောတိုင်းလည်း နူးညံ့ချိုသာစွာပြောတတ်သလို... ကိုယ့်ထက်နဲနဲလေးငယ်တာနဲ့ သားရယ်... သမီးရယ်ဆိုပြီး ခေါ်ပြောတတ်သေးတာ။
ပြီးတော့ အက်ဖီဟာ အနောက်တိုင်းသွေးစပ်လို့ ပင်ကိုယ်ရုပ်က ဗိုလ်ကပြားရုပ်။
နှာခေါင်းလေးက ချွန်တန်းနေပြီး ဆံပင်က ပင်ကိုယ်ကောက်။ ခွေခွေလေးတွေ။
ဆံသားတွေဟာ အရောင်ဆိုးထားခြင်းမရှိပဲ နေပူထဲထွက်တဲ့အခါ ရွှေညိုရောင်လိုလိုဖြစ်နေတတ်သေးတာ။
အရပ်အမောင်းက မြင့်ပြီး ပေါင်တံလေးတွေက သွယ်သွယ်ရှည်ရှည်လေးတွေ။
ပခုံးက သာမာန်မိန်းကလေးတွေထက် သိသိသာသာ ကားဝင့်နေသေးတာ။
မျက်လုံးက ခဲရောင်ဖက်ကို နဲနဲသမ်းတယ်။
အက်ဖီ့မျက်နှာမှာ ပိုပြီးထူးခြားတာက တခြားလူတွေရဲ့ မျက်လုံးအောက်ခံအရောင်ဟာ အဖြူရောင် (သို့) ၀ါကျင့်ကျင့်အရောင်ဖြစ်နေလေ့ရှိပေမယ့် အက်ဖီ့မျက်လုံးအောက်ခံအရောင်ဟာ အပြာနုရောင်လေးဖြစ်နေတာ။
အက်ဖီဟာ လူကြားသူကြားထဲ လမ်းလျှောက်သွားရင် သိသိသာသာ ထင်းလင်းနေတာမျိုး။
ပြုံးလိုက်ရင် ပါးချိုင့်လေးတစ်ဖက်နဲ့ မဆိုးပဲပင်ကိုယ်ရဲနေတဲ့ နှုတ်ခမ်းဖူးဖူးလေးဟာ ဆွဲဆောင်မှုအားကောင်းလှတယ်။
မျက်တောင်လေးတွေက ကော့စင်းနေပြီး ထူထဲလှတယ်။
ဒီတော့ အက်ဖီ့ကို ခြုံငုံပြီး သုံးသပ်လိုက်မယ်ဆိုရင် အတော့်ကိုလှပတဲ့ အမျိုးသမီးငယ်လေးလို့ သတ်မှတ်လို့ရတယ်။
အဲဒီလို လှပမှုကပဲ မသိရင် အက်ဖီ့အားနည်းချက်လိုဖြစ်ဖြစ်နေရတာ။
သာမာန် တော်ရုံဆက်ဆံမှုမျိုးကိုလည်း ပရောပရီလုပ်တယ်လို့ သတ်မှတ်ခံနေရာကို အက်ဖီ စိတ်ပျက်ငြီးငွေ့နေပြီ။
နောက်ပြီး အက်ဖီဟာ ဘယ်တုန်းမှ ဘယ်လိုလူ တစ်ဦးတစ်ယောက်ကိုမှ စိတ်လိုလက်ရ အီစီကလီလုပ်ခဲ့တယ်ဆိုတာ မရှိဖူးခဲ့။
ခင်ခင်မင်မင်ပေါ့ပေါ့ပါးပါးနေတတ်ရုံသာ။
ဒါကိုပဲ ပတ်ဝန်းကျင်သာမက ကိုယ့်မိဘတွေကပါ တခြားခေါင်းစဉ်တစ်ခုတပ်နေခြင်းအပေါ် အက်ဖီတော်တော်လေး ၀မ်းနည်းမိသေးတယ်။
ဒါ့ကြောင့် ဒီညနေမှာ အက်ဖီ ဒီဘားထဲကိုရောက်နေမိတာပေါ့။
တကယ်ကို လိမ်လိမ်မာမာနေနေရက်နဲ့ အက်ဖီ့ကို ခေါင်းစဉ်အမျိုးမျိုးလာတပ်နေခြင်းအပေါ် လူငယ်စိတ်နဲ့ တခါတလေလည်း အရွဲ့တိုက်ပြစ်ချင်နေပြီလေ။
တကယ်တော့ ဒီဘားထဲကို မ၀င်ခင်တည်းက အက်ဖီအပြင်မှာ သောက်ခဲ့သေးတယ်။
ဒီနေ့တော့ တကယ်ပဲ မိုက်ရူးရဲပစ်လိုက်မယ်လို့ တွေးထားလိုက်တယ်။
ကိုယ့်အနားကို ဘယ်သူလာမလဲ... တကယ်ပဲ ပရောပရီလုပ်ပစ်လိုက်တော့မယ်ပေါ့။
သူငယ်ချင်းတွေကြားမှာဆိုလည်း ဒီလိုပဲ။
တကယ်တော့ အက်ဖီဟာ ကိုယ့်ကိုလာကြူတဲ့ကောင်ဟာ ရည်းစားထားဖူးတဲ့ကောင်ဆိုရင်တောင် လှည့်ကြည့်လေ့ရှိတာ မဟုတ်။
ဒါကို သူငယ်ချင်းအရင်းကြီးတွေက သူတို့ရဲ့ ဘဲတွေနဲ့ အက်ဖီ့ကို စိတ်မချကြတာ။
ဟယ်... အဲဒါလည်း ဘယ်ဘ၀က ရေစက်ပါလိမ့်နော်။
တော်တော်ဆိုးတဲ့ ရေစက်ပါနော်။
လူတစ်ယောက်ကို အေးအေးလူလူ တုံ့ပြန်စကားပြောလိုက်ပြီဆိုတာနဲ့ ပတ်ဝန်းကျင်သာမက မိဘရောသူငယ်ချင်းတွေကပါ အက်ဖီဟာ အီနေပြီဆိုပြီး ခေါင်းစဉ်တပ်ခံရတာ။
အက်ဖီ ဘားထဲဝင်လာပြီး စားပွဲတွင်မထိုင်ပဲ ဘားကောင်တာမှာပဲ သွားထိုင်မိတယ်။
နောက်ပြီး ဂျင်တောနစ်တစ်ခွက်မှာပြီး အခုန သောက်ထားတဲ့ အရှိန်ကို ထပ်တင်လိုက်မိတယ်။
ဂျင်တောနစ်က တစ်ငုံနှစ်ငုံလောက် အာခံတွင်းထဲဝင်သွားပြီးတာနဲ့ လူက သိသိသာသာ ရီဝေတက်လာတယ်။
ဆက်သောက်လိုက်ရင် မှောက်မှာစိုးလို့ ခွက်ကိုအသာချပြီး ဘားထဲ ဝေ့ကာ တစ်ချက်ရှိုးလိုက်မိတယ်။
ဘားထဲမှာ အက်ဖီထိုင်နေတဲ့ ခုံရဲ့ နှစ်ခုံကျော်မှာ အတွဲတစ်တွဲ။
ကောင်လေးက ဘေးမှာ ထိုင်ခုံအလွတ်ရှိရဲ့သားနဲ့ မထိုင်ပဲ ကောင်မလေးခုံကိုမှီပြီးရပ်နေတာကို ကောင်မလေးက ထိုကောင်လေးရင်ခွင်ထဲ ခေါင်းမှီပြီး စကားတွေ တွတ်တီးတွတ်တာပြောနေတယ်။
အက်ဖီ့နောက်တည့်တည်က စားပွဲဝိုင်းမှာတော့ မိန်းကလေး ၂ ယောက်။
မျက်နှာချင်းဆိုင်ထိုင်ပြီး တီးတိုးတီးတိုး ပြောနေကြတယ်။
နောက် ဘားရဲ့ ဟိုးဖက်ထောင့်ကာ ၀ိုင်းအကြီးမှာ လေဒီကြီး ၅ ယောက်ခန့်။
လေဒီကြီးလို့သာ အက်ဖီတွေးလိုက်တာ ဒါပေမဲ့ ထိုလေဒီအားလုံး အသက် ၄၀ မကျော်လောက်သေး။
ချောမောတောင့်တင်းကာ စကားပြောပုံဆိုပုံကို ကြည့်ခြင်းအားဖြင့် အဆင့်တန်းတော်တော်မြင့်မယ်လို့ ယူဆလို့ရတယ်။
အက်ဖီ့အမြင်အာရုံကို ထူးထူးခြားခြား အဲဒီလေဒီကြီး ၅ ယောက်ထဲက တစ်ယောက်က ဆွဲဆောင်နိုင်ခဲ့တယ်။
ထိုလေဒီကတော့ ဆံပင်ဖြောင့်ဖြောင့်လေးကို ပခုံးပေါ် ဝေ့၀ဲကာချထားတယ်။
ပါဝါမျက်မှန်အ၀ိုင်းပါးပါးအနက်ရောင်လေးကို တပ်ထားပေမယ့် မျက်လုံးတွေက စူးရှအေးစက်ငြိမ်သက်လွန်းတာကို မျက်မှန်က ကာကွယ်ထားနိုင်ခြင်း မရှိပဲ အတိုင်းသားမြင်နေရတယ်။
ဖြူဖြူသွယ်သွယ် ထိုအမျိုးသမီးက အနည်းဆုံး အသက် ၄၀ တော့ မကျော်နိုင်သေး။
အဲဒီဝိုင်းက တခြားလေဒီတွေ ပြောဆို ရယ်မောနေကြပေမယ့် အက်ဖီ့လေဒီကတော့ ဒီအတိုင်း ငြိမ်သက်နေတာကိုကြည့်ခြင်းအားဖြင့် ထိုလေဒီဟာ တော်ရုံ အရယ်အပြုံးနည်းတယ်လို့ ယူဆလို့ရတယ်လေ။
အက်ဖီ့ဘ၀မှာ အရင်က ဘယ်လိုလူတစ်ဦးတစ်ယောက်ကိုမှ ဒီလိုမျိုး စိုက်မကြည့်ခဲ့ဖူးပါ။
ဒီနေ့ လူကပဲ မူးနေလို့လား၊ ဒါမှမဟုတ် အက်ဖီ့မျက်ဝန်းထဲ ထိုအမျိုးသမီးကပဲဆွဲဆောင်မှုရှိနေလွန်းလို့လားဆိုတာတော့ မခွဲခြားနိုင်။
သေချာတာကတော့ အက်ဖီ ထိုအမျိုးသမီးဆီကနေ အကြည့်ကို ဘယ်လိုမှ ပြန်မလွှဲနိုင်ခဲ့။
အက်ဖီတစ်သက် အမျိုးသမီးတစ်ယောက်ကို ငေးကြည့်ရတာ ဒီလောက်အရသာရှိလှမှန်း ဒီနေ့မှ သိရတာ။
ဘားထဲထိုင်ပြီး ကိုယ်သောက်သလောက်အတွက်သာ ငွေကြေးပေးရတာလေ။
ထိုလေဒီ့ကို ငေးကြည့်မိလို့ ငွေကြေးကုန်ကျမှုမှ မရှိတာ။
ဒါ့ကြောင့် အက်ဖီ စိတ်လွတ်ကိုယ်လွတ်ကို ငေးကြည့်မိနေတုန်း သိပ်မကြာဘူး ထိုလေဒီရဲ့ အေးစက်စက်အကြည့်တစ်စုံဟာ အက်ဖီ့ဆီ ဒိန်းခနဲရောက်ချလာတယ်။
တကယ်ပါ။
အခုန ငေးကြည့်နေမိတုန်းတည်းက လေဒီ့မျက်ဝန်းတွေဟာ စူးရှနေမယ်ဆိုတာ အက်ဖီသိနေခဲ့တာ၊ အခု မျက်လုံးချင်းဆုံလိုက်မိတဲ့တခဏမှာတော့ လေဒီကြီးရဲ့အကြည့်တွေဟာ အက်ဖီ့မျက်လုံးထဲ လာကာထိုးစိုက်မှန်သော မျှားထက်ထက်များလိုပဲ။
စူးရှနက်ရှိုင်းလှတယ်။
အက်ဖီထိုလေဒီကြီးနဲ့ ဆက်လက် အကြည့်ချင်းမဆုံရဲစွာဖြင့် မျက်လွှာတွေ ချပစ်လိုက်ရတယ်။
ပြီးတော့ ဂျင်ကိုတစ်ငုံခန့်လှည့်သောက်ပြီး အသာလေး ပြန်လှည့်ကြည့်မိတော့ လေဒီကြီးက အက်ဖီ့ကို စိုက်ကြည့်နေတုန်းပဲ။
အက်ဖီ့ကျောထဲ စိမ့်ခနဲတောင်ဖြစ်သွားမိတယ်။
လေဒီကြီးက ဘာလို့ အကြည့်မလွှဲသေးတာပါလိမ့်ပေါ့။
အက်ဖီ ချက်ချင်းပဲ ဟိုလိုလို၊ ဒီလိုလိုနဲ့ လေဒီကြီးဖက်ကို ကျောပေးပစ်လိုက်တယ်။
ကျောပေးပြီးတဲ့နောက်မှာတော့ အက်ဖီ အနည်းငယ်လွတ်လပ်သွားတယ်လို့ ခံစားမိတယ်။
နောက်တစ်ခါ ကြည့်ချင်နေပေမယ့်လည်း လေဒီကြည့်ရဲ့ အေးစက်စက်စူးရဲရဲအကြည့်တွေကို ရင်မဆိုင်ဝံ့တော့လို့ မကြည့်တော့ဘူးလို့ ဆုံးဖြတ်မိတယ်။
အဲဒီအချိန် အက်ဖီသတိထားမိသွားတာက လက်ဖျားတွေ သိသိသာသာအေးစက်လာတာ။
ဟဲ့... အဲဒီလေဒီကြီးရဲ့ အကြည့်တွေကို အက်ဖီက ကြောက်သွားတာတဲ့လား။
ဟယ်... ဘယ်တုန်းကမှ လူတစ်ယောက်နဲ့ မျက်လုံးချင်းယှဉ်ကြည့်ဖို့ ကြောက်ရွံ့ခြင်းမရှိခဲ့ဖူးတဲ့ အက်ဖီဟာ ဒီလေဒီကြီးနဲ့မှ ဘာထ,ဖြစ်တာပါလိမ့်။
ဟူး... ခနဲ သက်ပြင်းတစ်ခုချရင်း အက်ဖီ ဂျင်ခွက်ကိုမော့သောက်တော့ ခွက်ထဲမှာ ဂျင်က ကုန်နေပြီ။
အယ်... ဘယ်တုန်းက ဘယ်လို ဒီအစုတ်ပလုတ်ဂျင်က ကုန်သွားတာပါလိမ့်။
"တစ်ယောက်တည်းလား?"
အက်ကွဲကွဲအသံတစ်ခု အက်ဖီ့အကြားအာရုံထဲ တိုးဝင်လာသလို အနံ့ခံအာရုံဆီကိုလည်း အေးမြလတ်ဆတ်သော လိမ္မော်သီးနံ့လိုလို၊ ပြင်းထန်စူးရှတဲ့ သဲသစ်သားအနံ့လိုလို ရေမွှေးနံ့ဟာ တိုးဝင်လာလို့ အက်ဖီအသံလာရာကို လှည့်ကြည့်လိုက်တော့ အခုန အက်ဖီလှမ်းကာ ငေးကြည့်မိခဲ့တဲ့ အက်ဖီ့လေဒီကြီး။
ဘားရဲ့ ခပ်မှိန်မှိန်မီးရောင်အောက်မှာ အနီးကပ်မြင်လိုက်ရသော ထိုလေဒီက အက်ဖီအခုန ငေးခဲ့စဉ်ကထက်ပိုပြီး နက်နဲစွာ ဆွဲဆောင်မှုရှိနေပြန်တယ်။
အေးစက်စက်၊ ညုတုတု ထိုမိန်းမရဲ့ အမူအရာဟာ အက်ဖီ့စိတ်ကို လှိုက်မောစေတာ အမှန်ပဲ။
"တကယ်လို့ မင်း တယောက်ယောက်ကို စောင့်နေတာ မဟုတ်ဘူးဆိုရင် တို့မင်းနဲ့ တစ်ခွက်လောက် အတူသောက်ချင်တယ်"
တကယ်တော့ အက်ဖီဟာ ထိုမိန်းမနဲ့ မျက်လုံးချင်းဆုံတာကိုတောင် ကြောက်ရွံ့စွာ လွှဲရှောင်မိခဲ့တာ၊ အခုလို အတူတူ အရက်ထိုင်သောက်ဖို့ကို ဘယ်နည်းနဲ့မှ စိတ်ပါမိမှာမဟုတ်ပေမယ့် လေဒီကြီးရဲ့ တောင်းဆိုမှုကိုလည်း မငြင်းနိုင်ပြန်။
"၀ိတ်တာ... မာတီနီတစ်ခွက်ပေးတာ... တို့သောက်နေကျပုံစံပေါ့..."
အက်ဖီ လက်မခံခင်လေးမှာပဲ လေဒီကြီးက အက်ဖီ့ဘေးက ထိုင်ခုံအလွတ်မှာ စွေ့ခနဲ တက်ထိုင်ရင်း ၀ိတ်တာ့ဆီကပင် အရက်တစ်ခွက် လှမ်းမှာလိုက်တယ်လေ။
"တို့တိုက်တာနော်... ..."
ဝိတ်တာလာချပေးတဲ့ အရက်ခွက်ကို လေဒီကြီးက ကိုယ်တိုင်ကိုယ်ကျယူပြီး အက်ဖီ့ဆီကမ်းပေးရင်း ပြူငှာအေးစက်စွာပြောပြန်တယ်။
တကယ်တော့ အက်ဖီဟာ ဒီနေ့ စိတ်ပျက်ငြီးငွေ့လွန်းလို ဒီဘားကို လွတ်လွတ်လပ်လပ်တစ်ယောက်ထဲ ရောက်လာတာ။
ဒါပေမဲ့ ဒီမိန်းမနဲ့ အတူရှိနေရတာကိုတော့ အက်ဖီ စိတ်မပျက်မိပြန်။
ဘေးချင်းယှဉ်ထိုင်ရင်း လေဒီကြီးရဲ့ အကြည့်စိမ်းစိမ်းစူးစူးတွေကို ရင်မဆိုင်ရဲစွာဖြင့် အက်ဖီဟာ လေဒီကြီးကမ်းပေးတဲ့ ခွက်ကို ခွက်သွက်သွက်ယူပြီး မော့သောက်တော့ လေဒီကြီးက လှမ်းတားသေးတယ်။
"ဟိတ်... ကလေးမ... မင်းသောက်နေတာ အရက်တွေနော်... ရေမဟုတ်ဘူး။ အဲလောက်မြန်မြန်မသောက်နဲ့လေ..."
လေဒီကြီးက ဒီတိုင်းစကားနဲ့ပဲ တားမြစ်တာ မဟုတ်။
အက်ဖီ့လက်ထဲက ခွက်ကိုပါ လှမ်းဖမ်းကိုင်သေးတာ။
လက်ဖ၀ါးနှစ်ခုရဲ့အထိတွေ့ဟာ သိပ်ကို ဆန့်ကျင်လွန်းနေတယ်။
လေဒီကြီးရဲ့ လက်ဖ၀ါးက နွေးထွေးနေသလောက် အက်ဖီလက်ဖျားတွေက အေးစက်နေတာလေ။
"မင်းလက်ဖျားတွေ အေးစက်နေတာပဲ... လာ တို့ကိုင်ပေးထားတယ်..."
"အာ... ဟို... ရ... ရပါ... အဲ..."
အက်ဖီ ငြင်းဖို့ လုပ်ပါသေးတယ်။
ဒါပေမဲ့ လေဒီကြီးက အက်ဖီလက်ဖ၀ါး နှစ်ဖက်လုံးကို ဆွဲယူပြီး သူမရဲ့လက်ဖ၀ါးတွေနဲ့ ဖိအုပ်ပေးထားလိုက်ပြီလေ။
ခေါင်းပေါ်တည့်တည့်က မီးလုံးရဲ့အရိပ်ကြောင့် လေဒီကြီးရဲ့ မျက်တောင်ရိပ်တွေဟာ ပါးပြင်ပေါ်သို့ အရိပ်ကျနေသေးတယ်။
လေဒီကြီးရဲ့နှုတ်ခမ်းတွေဟာ ထူထူထဲထဲအမျိုးစားထဲ မပါဘူး။
မျက်ဝန်းအိမ်က ၀ိုင်းစက်တယ်။
လေဒီကြီးမျက်နှာပေါက်က အာရှဖက်ဆန်တယ်။ အက်ဖီ့လို အနောက်တိုင်းမဆန်ဘူး။
ဒီတော့ လေဒီကြီးအလှက အေးစက်စက်နိုင်လွန်းလှတယ်လို့ အက်ဖီ တိတ်တဆိတ် ကောက်ချက်ချလိုက်မိတယ်လေ။
"ရပြီ... မင်းလက်တွေ နွေးသွားပြီ..."
"အာ... ကျေးဇူး..."
"မင်း နားထင်မှာလည်း ချွေးစို့နေသေးတယ်နော်... အပေါ်ထပ်အင်္ကျီကို ချွတ်လိုက်ပါလား... ခဏနေ မင်း အေးသွားတော့မှ ပြန်ဝတ်ပေါ့... လာ တို့ချွတ်ပေးမယ်..."
အက်ဖီ မငြင်းလိုက်ခင်မှာပဲ လေဒီကြီးဟာ သွက်လက်စွာဖြင့် အထပ်အင်္ကျီကို ချွတ်ပေးပြန်တယ်လေ။
အက်ဖီလည်း ငြင်းမရမှန်းသိလို့ အပေါ်ထပ်အင်္ကျီကို အလိုက်သင့်ချွတ်ပစ်လိုက်ရတာပေါ့။
"ဘယ်လိုလဲ နေရထိုင်ရအဆင်ပြေသွားပြီလား..."
"အင်း... ပြေ... ပြေပါတယ်..."
"မင်းကိုကြည့်ရတာ.... အရမ်းပင်ပန်းပြီး မွန်းကြပ်နေသလိုပဲ... တစ်နေရာရာမှာ အေးအေးလူလူ သွားအနားယူချင်လား?"
"ဘယ်နေရမှာလဲ..."
"ဟိုတယ်တစ်ခုခုမှာ ဖြစ်ဖြစ်ပေါ့... တို့နဲ့အတူတူလေ..."
-------------------------------------
ဆက်ရန်...
အသည်းနင့်အောင်...... ချစ်တယ်နော်
-------------------------------------
YOU ARE READING
အသည်းနင့်အောင်... ချစ်တယ်
Romanceချစ်ခြင်းကို နူးညံ့မှုလို့ ခေါင်းစဉ်တပ်မယ်ဆိုရင် ကျမ ရယ်မောမိပါလိမ့်မယ်။