Episode 10 (Z+U)

4.5K 279 15
                                    

(Zawgyi code)

ခါတိုင်းနေ့တွေနဲ့မတူဘူး။

ဒီရက်ပိုင်းအတွင်း ဒယ်ဒီ သိပ်ကိုငြိမ်သက်လွန်းတယ်။

အရင်က ဒယ်ဒီအလုပ်က ပြန်ရောက်ပြီဆိုရင် အက်ဖီရေ Chess ကစားမယ်လေ၊ Uno ကစားမယ်လေ၊ ဒိုးဆက် ဆော့မယ်လေဆိုပြီး တဂျီဂျီနဲ့ ခေါ်လေ့ရှိတာ။

ညစာစားပြီးတည်းက သားအဖနှစ်ယောက် ထိုင်ဆော့လိုက်တာ တမေ့တမော။

အက်ဖီ့အိပ်ရာဝင်ဖို့ မာမီ မနည်းကြီး လာခေါ်မှ ကစားပွဲကို ရပ်ခွင့်ရတာမျိုး။

"နေ့တိုင်းကြီး စာတွေပဲထိုင်ကျက်နေတော့ ခေါင်းတွေလည်း ထူပူနေရောပေါ့... တစ်ရက်တစ်လေ စာတွေဘာတွေ မေ့ဖျောက်ပြီး ဒယ်ဒီနဲ့သာ လာဆော့စမ်းပါ အက်ဖီရယ်..."

ဆိုတဲ့စကားကို ဒယ်ဒီဟာ တစ်ခါတစ်လေမှ ပြောတာမျိုးမဟုတ်။

နေ့တိုင်းလိုလို ပြောတာမျိုး။

စာကျက်စရာ၊ ရေးစရာရှိတဲ့နေ့ဆို အက်ဖီ့မှာ ဒယ်ဒီနဲ့ ဆော့ဖို့အချိန်ကို မနည်းကြီး လုနေရတာ အလုပ်တစ်ခု။

နောက်ဆုံး ကလေးဆိုးကြီးလို အက်ဖီ့အခန်းပေါက်ဝက တံခါးဘောင်ပေါ် ခေါင်းကြီးမှီပြီး "အက်ဖီ... ပြီးပြီလား... ပြီးပြီလား..."နဲ့ ကဒီးကဒီးလာလာမေးနေတဲ့ ဒယ်ဒီ့ကို သနားမိပြီး အက်ဖီ စာတွေကို အသာထားကာ ဒယ်ဒီနဲ့ သွားသွားဆော့ပေးခဲ့ရတဲ့ နေ့ရက်တွေမှ ခဏခဏ။

ဆော့တဲ့အခါကျရင်လည်း ကလေးဆိုးကြီးလိုပဲ။

အငြင်းကလည်း အရမ်းသန်သေးတာ။

တစ်ပွဲက နှစ်ပွဲလောက် သူ ရှုံးပြီဆိုရင် အက်ဖီ့ကို မဲပြီ။

"ကဒ်တွေခိုးထားတာလား? ညည်းနော် အဖေကို နှပ်မချနဲ့..."လို့ ချိန်းခြောက်သလိုလိုပြောတတ်သလို... "မတရားမလုပ်နဲ့နော်။ ဘုရားမကြိုက်ဘူး"ဆိုပြီးလည်း တရားက ဟောသေးတတ်သေးတာ။

Chess ကို ၂ ပွဲလောက် ဆက်တိုက်ရှုံးပြီဆိုရင်တော့ဖြင့် ဒယ်ဒီဟာ "အက်ဖီ... အခုန ညည်းရထားက သေပြီးသားလေ၊ ဘာလို့ ခုံပေါ် ပြန်ရောက်နေတာလဲ... ညည်း ကွင်းကလည်း သေတာ အခါခါနော်..."စဖြင့် သက်သက်ကြီးကို အသက်ရှင်နေတဲ့ အက်ဖီ့ Chess ကောင်လေးတွေကို ကောက်သိမ်းတတ်သေးတာမျိုး။

ဒါပေမဲ့ ဒယ်ဒီနဲ့နေရတာ အက်ဖီတို့ ပျော်ရပါတယ်။

တစ်ခါခါ သူဖြစ်ချင်တာ၊ သူမြင်တာကို တစ်ဖတ်သတ်ပြီး စွတ်စွဲတာမျိုးလုပ်ရင်တော့ အက်ဖီ တကယ် စိတ်ပူလောင် အိုက်စက်ရတာ။

ဒယ်ဒီက တိုးဂိုက်ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်တာ ကြာပြီပေါ့။

အဲဒီ ကုမ္ပဏီ စပြီးဖြစ်တည်တည်းက ဒယ်ဒီက အဲဒီမှာ လုပ်ခဲ့တာ။

အခုအက်ဖီတို့ နေနေတဲ့ တိုက်ခန်းကိုလည်း ကုမ္ပဏီပိုင်ရှင်ကပဲ နေခွင့်ပေးထားတာ။

ကုမ္ပဏီမှာ တခြားဝန်ထမ်းတွေသာ ၀င်လိုက်၊ ထွက်လိုက်ရှိပေမယ့် ဒယ်ဒီကတော့ အမြဲတမ်း ၀န်ထမ်းတစ်ယောက်လိုပဲ။

နောက်ပြီး ကုမ္ပဏီပိုင်ရှင်နဲ့က အရမ်းကြီးရင်းနှီးနေတယ်ဆိုတော့ ဒယ်ဒီနေမကောင်းလို့ အလုပ်မဆင်းနိုင်တဲ့အခါမျိုးမှာဆိုလည်း အလုပ်ဖြုတ်ခံရမှာကို စိုးရွံ့နေစရာမလိုဘူးပေါ့။

တခါတလေ ဧည့်သည်တွေ အများကြီး ကျလာတဲ့အခါမျိုးနဲ့ ဒယ်ဒီတို့ ရုံးခန်းက ၀န်ထမ်းတွေ လျော့နည်းနေတဲ့အခါမျိုး ကြုံကြိုက်ခဲ့ရင်တော့ ဒယ်ဒီဟာ တစ်ချို့ဧည့်သည်တွေအတွက် အက်ဖီ့ကို ဂိုက်လုပ်ပေးဖို့ တောင်းဆိုလေ့ရှိတယ်။

အဲလိုတောင်းဆိုတိုင်းလည်း အက်ဖီဟာ မငြင်းမပယ်၊ မငြီးမညူ ဒယ်ဒီ့ကို ကူညီပေးခဲ့တာချည်းပါပဲ။

အက်ဖီ အဲ့လိုကူညီတိုင်းလည်း ကုမ္ပဏီပိုင်ရှင်က အက်ဖီ့ကို ကျေးဇူးတွေတင်၊ မုန့်ဖိုးပေးရင်း "အက်ဖီ... သမီး ကျောင်းပြီးတာနဲ့ အန်ကယ့်ကုမ္ပဏီမှာ အလုပ်ဝင်လုပ်နော်... သမီးသာလုပ်မယ်ဆိုရင် အင်တာဗျူးလည်းမလိုဘူး၊ အလုပ်လျှောက်ဖောင်လည်း မလိုဘူး... ကြားလား"ဆိုပြီး ပြောလေ့ရှိတယ်။

အဲဒီလိုစကားကြားရတိုင်းလည်း အက်ဖီ အားတက်ရတာချည်းပါပဲ။

ကိုယ်နဲ့ တရင်းတနှီးရှိတဲ့ အလုပ်ရှင်ကို ဘယ်သူမဆိုလိုချင်လေ့ရှိတာပဲလေ။

ဒါတွေကအရင်ကဖြစ်ခဲ့တာတွေပါ။

ဒီရက်ပိုင်းမှာတော့ ဒယ်ဒီသိသိသာသာ ငြိမ်နေလေ့ရှိတယ်။

ညစာစားပြီး အက်ဖီက တစ်ခုခုဆော့ဖို့ သွားခေါ်မိရင်တောင် ဒယ်ဒီက နောက်ရက်မှပဲဆော့ရအောင်အက်ဖီရယ်လို့ ငြင်းလွှတ်လေ့ရှိတယ်။

အင်းပေါ့လေ... အသက်ရလာတော့လည်း ကလေးဆန်တာတွေပျောက်လာတာဖြစ်မှာပေါ့လို့ အက်ဖီတွေးမိသေးတယ်။

ဒါပေမဲ့ ဒယ်ဒီ့ကို အက်ဖီစိုးရီမ်မိတာတော့ အမှန်ပါ။

"ဒယ်ဒီ နေမှကောင်းရဲ့လား..."

ညစာထမင်းစားပြီးတည်းက အိမ်ရှေ့ခန်းက ပက်လက်ကုလားထိုင်မှာ စာအုပ်တစ်အုပ်နဲ့ ငြိမ်နေတဲ့ ဒယ်ဒီ့အနား တိုးကပ်သွားပြီး ဒယ်ဒီ့ခြေသလုံးလေးကို နှိပ်နယ်ရင်း အက်ဖီမေးတော့ ဒယ်ဒီ အားယူကာပြုံးပြရှာတယ်။

"ကောင်းပါတယ် အက်ဖီရယ်... ဘာဖြစ်လို့လဲဟင်?"

"ဒီရက်ပိုင်း ဒယ်ဒီ ငြိမ်နေလို့ပါ..."

"ဒယ်ဒီ့စိတ်ထဲ စိုးရိမ်စိတ်လေးတွေဝင်နေလို့ အက်ဖီ..."

"ဘာများလဲဟင်..."

"ဒီလိုပါ... ဒီအိမ်ခန်းက ဒယ်ဒီ့ကို အလုပ်က ပေးနေတာထားတာမဟုတ်လား။ မတော်လို့ ဒယ်ဒီတစ်ခုခုဖြစ်ပြီး သေသွားသည်ရှိသော် သမီးတို့သားအမိ ဘယ်မှာတွေ ဘယ်လိုနေကြမယ်ဆိုတာကို ဒယ်ဒီတွေးမိပြီး..."

"အို ဒယ်ဒီရယ်... မဟုတ်တာတွေ မတွေးပါနဲ့။ ဒယ်ဒီ နေမကောင်းဘူးလားဟင်? အက်ဖီ စိုးရီမ်တယ်နော်"

"မစိုးရီမ်ပါနဲ့ အက်ဖီရယ်... ဒယ်ဒီနေကောင်းပါတယ်။ ဒီလိုပဲ နောင်ရေးတွေးမိပြီး စိုးရီမ်ပူပန်မိရုံပါ..."

"ဒယ်ဒီကိုယ်များပူနေလားဟင်?"

အက်ဖီစိုးရီမ်တကြီးလေး နဖူးကိုစမ်းမိတော့ ဒယ်ဒီကျေနပ်စွာပြုံးပြရှာတယ်။

"ကိုယ်လည်း မပူပါလားဒယ်ဒီ"

"ဒယ်ဒီပြောပါတယ်... နေကောင်းပါတယ်လို့..."

"အဲဒါဆို အက်ဖီပြောတာ ဒယ်ဒီသေချာနားထောင်ပေးနော်။ အက်ဖီလည်း သိပ်မကြာခင်မှာ ကျောင်းပြီးတော့မှာပဲ ဒယ်ဒီရယ်။ နောင်ရေးအတွက် စိုးရိမ်ပူပန်နေလည်း ထူးခြားသွားမှာ မဟုတ်တာ။ အက်ဖီအလုပ်လုပ်ပြီဆို ၀င်ငွေရလာမှာပဲလေ... နော်... အဲဒီအခါကျ အက်ဖီတို့ မိသားစုလေး အဆင်ပြေသွားမှာပါ... နော်ဒယ်ဒီ"

အက်ဖီတတ်နိုင်သမျှ အကောင်းဆုံး ဒယ်ဒီ့ကို နှစ်သိမ့်ပေးမိတယ်။

ဒါပေမဲ့ အက်ဖီရင်ထဲက အလိုလိုသိနေတာက ဒယ်ဒီဟာ အက်ဖီ့နှစ်သိမ့်စကားကြောင့် သူ့ရင်ထဲက စိုးရိမ်မှု လျော့ပါးသွားမှာ မဟုတ်ဘူးဆိုတာပါပဲ။

-------------------------------------

ကင်တင်းထဲမှာ သိသိသာသာ လူနည်းနေတယ်။

တီချယ့်ကို ကတိပေးပြီးတဲ့နောက်နေ့တည်းက အက်ဖီဟာ တော်ရုံအပြင်လူ ဘယ်သူနဲ့မှ အခေါ်အပြောမလုပ်ဖြစ်တော့သလို ထက်ယံနဲ့တောင် အခေါ်အပြော လျော့ပါးလာခဲ့တယ်။

တစ်ယောက်ယောက်နဲ့ စကားပြောနေတာကို တီချယ်မြင်သွားခဲ့သည်ရှိသော် အက်ဖီဟာ ကတိမတည်ပါလားဆိုပြီး တီချယ်ဝမ်းနည်းရမှာ အက်ဖီမလိုလားပါ။

တီချယ့်ကို စိတ်အနှောင့်ယှက်ဖြစ်မှာကို စိုးရိမ်လွန်းလို့ ထက်ယံနဲ့တောင် ကင်တင်းမထိုင်ဖြစ်တာ ကြာပြီလေ။

ဒီနေ့ အက်ဖီ အေးအေးလူလူ လက်ဖက်ရည်ပေါ့စိမ့်လေးတစ်ခွက်သောက်ရင်း လွတ်သွားတဲ့စာတွေကို ထိုင်ကူးနေစဉ် အက်ဖီ့စားပွဲဆီသို့ လူတစ်ဦး အတင့်ရဲစွာဝင်ထိုင်လိုက်တယ်လေ။

"ဒါဘာလုပ်တာလဲ... ဒီမှာ လူရှိတယ်လေ... နင့်မှာမျက်လုံးမပါဘူးလား?"

အက်ဖီ့ရှေ့မှာဝင်ထိုင်လိုက်တဲ့လူရဲ့မျက်ဝန်းတွေဟာ မြင်လိုက်တာနဲ့ သူဘယ်လောက်ဝမ်းနည်းနေလဲဆိုတာ သိသာလွန်းစွာ အုပ်မှိုင်းလျက်ရှိတယ်။

နောက်ပြီး အက်ဖီ့ကို အားကိုးတကြီးအသနားခံနေတဲ့မျက်နှာထားဟာ အက်ဖီ့ဒေါသတွေကို ပျောက်ရှသွားစေတယ်လေ။

"ငါ့ကို မမောင်းထုတ်ပါနဲ့ အက်ဖီရယ်... ငါ နင့်ဆီချဉ်းကပ်ခဲ့တယ်ဆိုတာ တခြားလူတွေလို နင့်ကို စိတ်ဝင်စားပြီး နင်နဲ့ ရင်းနှီးခွင့်ရအောင်ကြိုးစားချင်လို့မဟုတ်ပါဘူးဟာ..."

လေးနက်တယ်လို့ ယူဆလို့ရတဲ့ ထိုစကားလုံးများကို အက်ဖီကြားလိုက်ရရချင်းတော့ ထိုလူ့ကို သိပ်မယုံချင်သေးပါ။

"ငါ့နာမည်က စိုးမိုးသူပါ။ ငါ Law ကပါ..."

"ကဲပါ... နင် ငါ့ဆီရောက်လာတာ မိတ်ဆက်ဖို့သက်သက်ဆို ရပြီ။ ငါ နင့်ကိုသိသွားပြီ။ ဒီတော့ နင်အခု ထိုင်နေတဲ့နေရာကနေ သွားလိုက်တော့... ငါ ဒီမှာ စာလုပ်နေတယ်။ အာရုံမလွင့်ချင်ဘူး..."

"အက်ဖီ... နင့်ကိုငါ ပြောနေတယ်လေ... ငါ နင့်ကို စိတ်မ၀င်စားဘူးလို့..."

တကယ့်ကိုတည်တည်တံ့တံ့ကြီးပြောချလိုက်တဲ့ စိုးမိုးသူရဲ့စကားကြောင့် အက်ဖီ့စကားလုံးတွေ ခဏတော့ ငြိမ်သက်ကုန်တယ်။

အက်ဖီ့ကို ချဉ်းကပ်ခဲ့တဲ့လူတွေဟာ နည်းအမျိုးမျိုးသုံးခဲ့ပေမယ့် ဒီတစ်ခါ စိုးမိုးသူ ရွေးချယ်လိုက်တဲ့ ဘယ်လိုနည်းလမ်းများလဲလို့ အက်ဖီ တွေးမိတဲ့အထိပေါ့။

"ငါဆိုတဲ့ စိုးမိုးသူက နင့်ကို လုံးဝ စိတ်မ၀င်စားဘူး အက်ဖီ..."

"အေး... နင် ဘာနည်းအသစ်တွေထွင်နေလဲဆိုတာတော့ ငါလည်း မသိဘူး။ အေး ဒါပေမယ့်သေချာတာက ငါ နင့်ကို စိတ်မ၀င်စားဘူး..."

"ငါလည်း နင့်ကို ဆယ်ခါပြန်စိတ်မ၀င်စားဘူး..."

"အေး စိတ်မ၀င်စားဘူးဆိုတာ သေချာတယ်ဆိုရင် ဘာလို့ ငါရှိတဲ့စားပွဲဆီ ခွင့်မတောင်းပဲနဲ့ စိုးစိုးဆတ်ဆတ် လာထိုင်ရတာလဲ?"

"ငါ နင့်ဆီက အကူညီတစ်ခုလောက်လိုချင်လို့...."

"အကူညီ... ဟုတ်လား?"

"အင်း..."

"ဟေ့အေး... မကူညီပေးနိုင်ဘူး... နင် သွားတော့..."

"ငါ ဘာအကူညီတောင်းမယ်ဆိုတာကိုတောင် နင်မသိပဲ ငါ့ကိုငြင်းလွှတ်တာ မတရားဘူး အက်ဖီ..."

"အာ... နင် ငါ့ကို စိတ်ရှုတ်အောင်လာလုပ်နေတာပဲ စိုးမိုးသူဆိုတဲ့ ကောင်ရယ်... ငါပြောမယ်... ငါ နင့်ကိုစိတ်မ၀င်စားဘူးနော်..."

"အာ... သောက်ရေးထဲ... နင်ဆိုတာကလည်းနော်... စကားတစ်ခွန်းကိုထပ်ခါထပ်ခါပြောနေတာတောင် နားမလည်နိုင်သေးပါလား... ငါ နင့်ကိုစိတ်မ၀င်စားပါဘူး အက်ဖီရယ်... ယုံစမ်းပါ..."

"အေး စိတ်မ၀င်စားဘူးဆိုလည်း ပြီးတာပဲ... နင် သွားတော့..."

"ငါလိုချင်နေတဲ့အကူညီက နင်ပေးမှ ရမှာမို့ပါဟာ... ငါတောင်းမယ့်အကူညီလေးကို စိတ်ရှည်ရှည်ထားပြီး နားထောင်ပေးပါနော်..."

"အေး နင်လည်း ငါ့ဆီက အကူညီလိုချင်တယ်.... ငါလည်း နင့်ဆီက အကူညီတောင်းရမလိုဖြစ်နေပြီ... ဟင့်အင်း... ဟင့်အင်း.. နင် မအံ့သြနဲ့။ ငါ တောင်းမယ့်အကူညီက ငါ့ကို မနှောင့်ယှက်ဖို့၊ နင်ဒီကနေ အခုချက်ချင်းထွက်သွားဖို့၊ ဘာဖြစ်လို့လဲဆိုတော့ ငါ့ကို ငါချစ်နေတဲ့လူ အထင်လွဲသွားမှာ အရမ်းကြောက်တယ်ဟာ... ငါနဲ့ နင် အခုလို ထိုင်နေတာကိုမြင်တာနဲ့ သေချာတယ်... သူ အထင်လွဲသွားမှာ... အထင်လွဲတာနဲ့ သူ့စိတ်လေးတွေ ပူလောင်ရမှာ သိလား? သူ ငါ့ကြောင့် စိတ်အနှောင့်ယှက်ဖြစ်မှာ ငါ မလုပ်ချင်ဘူး။ ဒီတော့ ကူညီပါ စိုးမိုးသူ... နင် ဒီကနေ ထွက်သွားပေးပါ..."

"ငါ မိုးထက်ယံကို စိတ်ဝင်စားလို့ အက်ဖီ..."

စိုးမိုးသူဆီက မထင်မှတ်စွာကြားလိုက်ရတဲ့ စကားကြောင့် အက်ဖီ အံ့သြရပြန်တယ်။

"ဘယ်လို... ဘယ်လို... နင်က ... နင်က ထက်ယံကို..."

"အေး... ဟုတ်တယ်။ ငါ နင့်သူငယ်ချင်း မိုးထက်ယံကို စိတ်ဝင်စားနေလို့။ ဒီကောင်က တော်ရုံဘယ်သူနဲ့မှလည်း အခေါ်ပြောမလုပ်ဘူး၊ နင်တို့မေဂျာရဲ့ ကင်းလည်း ကင်းဆိုတော့ မာနက ခေါင်ခိုက်နေတာ... အဲဒါကြောင့်... ငါ သူနဲ့ရင်းနှီးချင်တယ် အက်ဖီ... နင်ကူညီပေးပါ..."

အက်ဖီက စိုးမိုးသူစကားဆုံးမှ အံ့သြမှုတွေပျောက်ပြီး ရှက်ကာရယ်ချလိုက်မိသွားတယ်။

"အဲဒါများ စိုးမိုးသူရယ်... ငါ့ကို စောစောတည်းက မပြောဘူး..."

"ပြောနေတာပဲကို... နင်ကမှ ငါ့စကားကို ပြီးအောင်ပြောခွင့်မပေးတာ..."

စိုးမိုးသူက အက်ဖီ့ကို မကျေနပ်စွာဖြင့် မျက်စောင်းခဲရင်းပြောသေးတာ။

အက်ဖီက တကယ်တော့ စိုးမိုးသူနဲ့ အခုမှစပြီးသိတာပါ။

ဒါပေမဲ့ စကားပြောမိတဲ့ခဏတာအတွင်း စိုးမိုးသူနဲ့ အရင်တည်းက ရင်းနှီးခဲ့ဖူးတဲ့ သူငယ်ချင်းတွေလို ရင်းနှီးမိသွားတာ အံ့သြစရာပါ။

"ထက်ယံက နင့်ကို စိတ်ဝင်စားပါ့မလား... သူ့နောက်ကို စော်တွေ တကောက်ကောက်လိုက်နေတာတောင် လှည့်မကြည့်တာဟာ..."

"အဲစော်တွေထက် ငါက ပိုသာတယ် အက်ဖီ... ဘာလဲ နင် မကူညီချင်ဘူးလား?"

"အာ နင်ကလည်း စိတ်မကောက်စမ်းပါနဲ့။ ကူညီဆို ကူညီပေးပါ့မယ်... ဒါပေမဲ့ အခုတော့ နင် ဒီက သွားလိုက်တော့။ ညနေ ကျောင်းဆင်းချိန် ငါ့ကို ဖယ်ရီဝန်းက စောင့်နေ... ငါတို့ ဒီကိစ္စကို ဆက်ပြောမယ်..."

"အေး... အာ့ဆို စောင့်နေမယ်... ဒါနဲ့ နင် ကူညီမှာနော်..."

"ထက်ယံစိတ်ဝင်စားတယ်ဆို နင်တို့ တွဲလို့ရစေရမယ်... ဟုတ်ပြီလား။ အေး ဒါပေမဲ့ ထက်ယံက လုံးဝ Straight ဆိုရင်တော့ နင် လက်လျော့ပေးနော်..."

"အာ အာ့တော့ စိတ်ချ..."

"အော် နင် လက်လျော့ပေးမယ်ပေါ့..."

"မဟုတ်ဘူး... ငါ သူ့ကို ရအောင်လိုက်မှာ..."

"ဘုရား..."


-------------------------------------

ဆက်ရန်...

-------------------------------------

အသည်းနင့်အောင်... ချစ်တယ်Where stories live. Discover now