(Zawgyi code)
"သိလို့ လွှင့်ပစ်ထားတာလေ... ကဲ ပန်းမရှိဘူးမို့လား... အဲဒီမှာ ဘာရပ်လုပ်နေသေးတာလဲ? သွား ပြန်တော့..."
"ချယ်ရယ်... ဘာဖြစ်လို့ အဲဒီလိုကြီးဆက်ဆံနေတာလဲဆိုတာ အက်ဖီသိခွင့်မရှိဘူးလား?"
တီချယ်ဟာ ဒေါသတွေသိပ်ထွက်နေတဲ့ မီးဟုန်းဟုန်းတောက်တဲ့မျက်ဝန်းတွေနဲ့ အက်ဖီ့ကို စိုက်ကြည့်တယ်။
အက်ဖီလည်း တီချယ့်မျက်ဝန်းထဲ ပြန်လည်စိုက်ကြည့်ရင်း ဘာ့ကြောင့် ဒီလောက်တောင် ဒေါသတွေထွက်နေရတာလဲဆိုတဲ့အဖြေကို ရှာဖွေကြည့်မိပါသေးတယ်။
မနေ့နေ့လည်က စိုးမိုးသူနဲ့ Canteen ခဏထိုင်ရုံလောက်နဲ့ တီချယ် ဒီလောက်ဒေါသထွက်စရာ မလိုဘူးလို့တော့ အက်ဖီ ထင်မိတယ်။
ဒါပေမဲ့ တီချယ်နဲ့ဆက်ပြီး ငြင်းခုန်ပြောဆိုနေမယ်ဆို တီချယ့်ဒေါသတွေ ပိုပိုပြီးထွက်လာရမယ်ဆိုတာ အက်ဖီ သဘောပေါက်တယ်။
ဒေါသထွက်ရတဲ့လူတိုင်းလိုလို ပူလောင်ရတာပဲလေ။
အက်ဖီ့ကြောင့် တီချယ့်ကို ပူလောင်တာမျိုးတော့ အက်ဖီမလိုလားပါဘူး။
တီချယ်ဟာလည်း အက်ဖီ့ကို ဒေါသထွက်စွာ စိုက်ကြည့်နေရင်း ၀ုန်းခနဲ အကြည့်လွှဲပစ်လိုက်တယ်။
အံတွေကျိတ်ရင်း ဘာအဖြေတစ်စွန်းတစ်ဘာသာမှ နှုတ်မှ ထွက်မလာ။
အက်ဖီလည်း ဒီပြဿနာက တစ်ခုခုတော့ တစ်ခုခုပဲဆိုတာရိပ်မိပြီးနောက် အသာလေး ခေါင်းဆတ်ဆတ်ညိတ်မိတယ်။
ပြီးတော့ မေးစေ့လေးကို တွန့်သွားအောင် နှုတ်ခမ်းကို ဆွဲတင်းရင်း သက်ပြင်းတစ်ချက်ချမိတယ်။
"ဟုတ်ပြီ... သေချာတယ်... ချယ်ဒေါသထွက်အောင် အက်ဖီတစ်ခုခုလုပ်ထားမိတယ်ဆိုတာ သေချာလွန်းတယ်... ဒါပေမဲ့ အဲဒါ အက်ဖီမရည်ရွယ်ပဲဖြစ်ခဲ့တာလား၊ ရည်ရွယ်ပြီးဖြစ်ခဲ့တာလား... ဒါမှမဟုတ် မထင်လွဲမှုသက်သက်လားဆိုတာ အက်ဖီ မကြာခင် သက်သေပြပါ့မယ်... အခုတော့ ချယ့်ကို ဒေါသတွေ သိပ်မထွက်စေ့ချင်လို့ အက်ဖီ ဒီကနေ ထွက်သွားပေးပါ့မယ်... ဒါပေမဲ့ ပြန်လာမှာနော်... ချယ့်ဆီ အက်ဖီပြန်လာမှာ..."
လွှဲချထားတဲ့ မျက်နှာက အက်ဖီ့ဆီတစ်ချက်လေးမှ လှည့်မကြည့်လာ။
ပထမတော့ အက်ဖီလည်း တီချယ်များ ပြန်လည်လှည့်ကြည့်လာမလားလို့ မျှော်လင့်ချက်နဲ့ ခဏတော့ ရပ်မိနေသေးပါတယ်။
သို့ပေမယ့် တီချယ့်ဖြစ်က လုံးဝတုတ်တုတ်မလှုတ်တော့ဘူးဆိုတာ ခဏတာအတွင်း ရိပ်မိသွားတာနဲ့ အက်ဖီလည်း ထိုအခန်းထဲက ချာခနဲ လှည့်ထွက်ခဲ့လိုက်တယ်။
ကျောင်းမှာရော၊ တီချယ်ရော၊ အတန်းထဲမှာရော အက်ဖီနဲ့ပတ်သတ်ပြီး တစ်ခုခုတော့ ဖြစ်နေပြီဆိုတာ သေချာလွန်းမက သေချာနေပြီ။
ဒါဟာ ဘာလဲဆိုတာ အက်ဖီသိရအောင်လုပ်မယ်။
ကိုယ့်အတွေးနဲ့ကိုယ် အတန်းဆီပြန်လျှောက်လာရင်း ဘေးဘီဝဲယာမှ အက်ဖီ့ကို မြင်တိုင်း အချင်းချင်းလက်တို့ပြီး အတင်းတုတ်နေတဲ့ ကျောင်းသား/ကျောင်းသူတွေကိုတောင် အက်ဖီ လှည့်မကြည့်ခဲ့မိ။
အတန်းထဲရောက်တော့ ထက်ယံက အဆင်သင့်စောင့်နှင့်နေပေပြီ။
"အက်ဖီ...နင်ဘာတွေ လျှောက်လုပ်နေတာလဲ?"
"အေး အဲဒါကို ငါကိုယ်တိုင်တောင် မသိလို့... နင့်ကိုမေးဖို့..."
"နင်ကိုယ်တိုင် မသိဘူးတဲ့လား... အက်ဖီ ဒီတစ်ခါတော့ နင်က ငါ့ကိုပါ ရောပြီး လိမ်ချပစ်လိုက်တာလား..."
"နင့်ကိုပါ ငါက ရောပြီး လိမ်တယ် ဟုတ်သလား ထက်ယံ... နင် ငါ့ကို အဲဒီလိုကြီးတော့ မပြောစမ်းပါနဲ့ဟာ... ငါ နင့်နဲ့ ဒီကျောင်းရောက်မှ စခင်တယ်ဆိုပေမယ့် တကယ့်သူငယ်ချင်းအရင်းလို ငါ သဘောထားခဲ့တာပါ..."
"ဒါဆို ငါ့ကို မလိမ်နဲ့လေ..."
"အေး ဟုတ်ပါပြီ။ ဟုတ်ပါပြီ။ ငါက နင့်ကိုလိမ်တယ်ပဲ ထားပါတော့... ကဲပြော... ငါ ဘာတွေများ နင့်ကို လိမ်မိသွားသလဲ?"
"နင် စိုးမိုးသူကိစ္စကို ငါ့ကို လာလိမ်နေတာလေ အခု..."
အက်ဖီ သဘောပေါက်သွားပြီ။
ထက်ယံက သူ့ကိုပြပြီး စိုးမိုးသူနဲ့ ပတ်သတ်ခဲ့တာကို မကျေနပ်နေတာပဲ။ ဒါဆိုရင်တော့ ခပ်သွက်သွက်ဖြေရှင်းမှ။
ထက်ယံ ဒီထက်ပိုပြီး အထင်လွဲသွားရင် မကောင်းဘူး။
"အေး... ငါက နင့်ကို လိမ်ဖို့ကို စိတ်ကူးမရှိတာ။ ဒါပေမဲ့ဟာ ငါက ချက်ချင်းကြီးမို့ နင့်ကို မပြောသေးတာ။ ဒါပေမဲ့ စိတ်ချ ငါ နင့်ကိုပြောပြမှာ..."
"အော် ... အော်... အော် နင်က ငါ့ကို အမှန်တိုင်းပြောဖို့ စိတ်ကူးတော့ ရှိနေသေးတာပေါ့ ဟုတ်သလား?"
"အင်း... ပြောမှာလေ..."
"ကဲ... အဲဒီအမှန်တရားကို ငါအခုသိချင်နေတယ်ဆိုရင်ရော?"
"အေးဟာ... ငါ စိုးမိုးသူနဲ့ပတ်သတ်ပြီး ပြောခဲ့ဆိုခဲ့မိတာတွေအတွက် နင့်ဆီက ခွင့်ပြုချက်မတောင်းခဲ့မိလို့ တောင်းပန်ပါတယ်။ ဒါပေမဲ့ နင်ဒီလောက်ကြီးထိ စိတ်ဆိုးသွားမယ်ဆိုတာကို ငါ မတွေးခဲ့မိလို့ပါ"
အတတ်နိုင်ဆုံး စိတ်ကိုငြိမ်ငြိမ်ထားရင်း ထက်ယံကို တောင်းပန်မိတော့ ထက်ယံမျက်လုံးတွေ ပိုပြီးပြူးကျယ်ကုန်တယ်လေ။
"အက်ဖီ... နင် ဘာတွေပြောနေတာလဲ? နင်က ဘာအတွက် ငါ့ဆီက ခွင့်တောင်းရမှာလဲ?"
"နင့်အကြောင်းတွေကို စိုးမိုးသူဆီ ပြောပြမိလို့လေ..."
"နင် ဘာတွေပြောနေတာလဲလို့... ငါ ရူးတော့မယ်..."
"မဟုတ်ဘူး ထက်ယံ... နင် တကယ်လို့ သဘောမကျဘူးဆိုရင် ငါက စိတ်ချ။ ရှေ့မတိုးဘူး။ ဒါပေမဲ့ နင်သိထားဖို့က စိုးမိုးသူက နင့်အပေါ် တကယ်ရူးသွပ်ရှာတာနော်..."
"ဘာ... ဘယ်လို..."
ထက်ယံ နားမလည်နိုင်စွာဖြင့် ထအော်တော့ အက်ဖီ့စကားလုံးတွေ ပျောက်ရှကုန်ရပြန်တယ်။
အက်ဖီသေချာရှင်းပြလေ ထက်ယံပုံက ပိုပိုပြီးနားရှုတ်လာလေ ဖြစ်နေတာ။
အက်ဖီလည်း စကားလုံးတွေ ခဏတံ့ပြီး ထက်ယံဘာဖြစ်နေတယ်ဆိုတာ အကဲခတ်မိနေသလို ထက်ယံကလည်း အက်ဖီဘာတွေပြောနေတယ်ဆိုတာကို နားလည်နိုင်အောင်ကြိုးစားနေပုံပဲ။
"ငါတို့ တစ်ခုခုလွဲနေပြီလား ထက်ယံ..."
"အေး အရမ်းကြီးကို လွဲနေပြီ..."
"အေး... ပြော ဒါဆို ဘယ်နားက စလွဲတာလဲ?"
"နင် စပြီးရှင်းပြတည်းက..."
"အယ်... အာ့ဆို ဘာက အမှန်လဲ?"
"နင် ဖေ့ဘုတ်တစ်ချက် အရင်ဖွင့်လိုက်... ဒါဆို ရှင်းလိမ့်မယ်..."
ထက်ယံအစတည်းက အဲ့လိုပြောလိုက်ရင် ပြီးနေပြီကို။
အခုမှ။
အက်ဖီလည်း မကျေနပ်သလိုလေး ထက်ယံကို မျက်စောင်းတစ်ချက် ထိုးပစ်လိုက်ပြီးမှ ဖုန်းကိုဖွင့်ကြည့်လိုက်တယ်။
"ထက်ယံ... နင် ဝေ့မနေနဲ့တော့... ငါ့ကို ဒဲ့ပြော... ငါ ဖေ့ဘုတ်ဖွင့်ပြီး ဘာကိုကြည့်ရမှာလဲ?"
"နင် ဟိုကောင် စိုးမိုးသူနဲ့ ဖရန့်တွေ မို့လား..."
"အင်း..."
"အေး အာ့ဆို သူ့ ဝေါထဲသာ ၀င်ကြည့်လိုက်တော့..."
"အော်... အေးအေး..."
အက်ဖီက အစတော့ စိုးမိုးသူ ဝေါထဲဝင်ကြည့်တာ အေးအေးဆေးဆေးပါပဲ။
ဒါပေမယ့် စိုးမိုးသူ တင်ထားတဲ့ ပိုစ့်တစ်ခုကြောင့် ဒေါသက ၀ုန်းခနဲ ထွက်သွားရတယ်။
"ဒါ... ဒါ ဟိုကောင် ဘာလုပ်တာလဲ?"
"အေး... အဲဒါပဲ။ နင့်ကို အခုဆို တစ်ကျောင်းလုံးက အထင်သေးနေကြပြီ..."
"တောက်...ခွေးသား... ငါနဲ့တွေ့မယ်..."
"နေဦး... နင်အရင်ဆုံး ငါ့ကို အရင်ရှင်း။ နောက်ပြီး အဲ့ကောင်နဲ့ နင် သွားတွေ့ရင် တစ်ယောက်တည်း မသွားနဲ့။ ငါလည်း လိုက်မယ်..."
"အဲဒါကြောင့် ချယ်က ငါ့ကို ရေလည်ပေါက်ကွဲနေတာကိုး... အေးပေါ့ဟာ ပေါက်ကွဲသင့်ပါတယ်... ငါ ဒီကိစ္စကို ရှင်းမှဖြစ်မယ်"
-------------------------------------
စိုးမိုးသူက ထက်ယံကို ကြွေတယ်ဆိုတဲ့ခေါင်းစဉ်နဲ့ အက်ဖီ့ကိုချဉ်းကပ်ခဲ့တယ်။
ထက်ယံကို သူကြွေနေကြောင်း အထောက်ထား ခိုင်ခိုင်မာမာတွေ ပြနိုင်ခဲ့တော့ အက်ဖီလည်း ယုံကြည်မိခဲ့တယ်။
ပိတ်ရက်မှာတောင် သူ့အိမ်ထိ လိုက်သွားမိခဲ့တဲ့အထိပေါ့။
ဒါပေမဲ့ စိုးမိုးသူ အကြံက အောက်တန်းကျလွန်းလှတယ်။
အက်ဖီနဲ့အတူတူ သူ့အိမ်မှာ ရှိနေစဉ် ဆက်ဖီဆွဲထားတဲ့ပုံကို "ကျတော့်ရဲ့ မုန့်ကျွေးမယ်ဆိုပြီးခေါ်ထားတဲ့ တစ်ရက်တာ ဒိတ်လေး ချောလားဟင်"ဆိုတဲ့ Caption နဲ့အတူ သူ့ ဝေါပေါ်တင်လိုက်တာကတော့ ဒါဟာ ယောက်ျားမဆန်တာပဲ။
အက်ဖီ့ယုံကြည်မှုတွေကို အလွဲသုံးစား လုပ်ပစ်ခဲ့တာ။
ဒီအကြောင်းတွေအကုန်လုံးကို အက်ဖီက ထက်ယံကို သေသေချာချာ ဂဃနဏ ရှင်းပြလိုက်တော့ ထက်ယံလည်း ဒေါသတွေ တရှူးရှူးနဲ့ ထွက်ကုန်တယ်။
"နင်ကိုက အဲ့ဒီလို မိန်းမထက်တောင် အောက်တန်းကျတဲ့ ကူလီကူမာစိတ်မျိုးရှိတဲ့ကောင်ကို ယုံမိတာ မှားတာပဲ အက်ဖီ"
"အေးဟာ... ယုံမိတာ ငါ တကယ်မှားတာပါ..."
"နေစမ်းပါဦး။ သူက နင့်ကိုဘာရည်ရွယ်ချက်နဲ့ သေချာပလန်ချပြီး ဒီလိုမျိုးကြီး တိုက်ခိုက်ရတာလဲ?"
"အေး အဲဒါ ငါလည်း မသိဘူးလေ..."
"လာ... သွားရှင်းမယ်... လာ..."
"ဟဲ့ နေဦးထက်ယံ... နင်က ယောက်ျားချင်းနော်... လက်ပါရင် လွန်ကုန်မယ်..."
"ဟာ... ငါက လိုက်ခဲ့ပေးတာပါ။ နင် အဲ့ကောင်ကို ဒဲ့ရှင်း။ အေး နင်ရှင်းတာ အေးနေရင်တော့ ငါ ပွဲဆူအောင် ၀င်နှောင့်မှာ... လာ သွားမယ်..."
-------------------------------------
အက်ဖီနဲ့ ထက်ယံတို့ ကျောင်းထဲမှာ စိုးမိုးသူကို လိုက်ရှာနေတယ်ဆိုတည်းက ပွဲကြီးပွဲကောင်းပဲဆိုတာ လူတိုင်းလိုလို သိနေပြီ။
အက်ဖီ့ဖက်က တစ်ခုခု မဟုတ်လို့သာ ဒီလိုဒဲ့ရှင်းရဲတာဆိုပြီး ထင်ကြေးပေးတဲ့လူတွေလည်း တစ်ပုံတစ်ပင်ပေါ့။
လုပ်တုန်းကတော့ လုပ်ပြီး၊ အခုမှ ရှက်ရမ်းရမ်းနေတာဆိုပြီး လူသားချင်းမစာနာပဲ ပြောတဲ့လူတွေလည်း ရှိတာပေါ့နော်။
ဖြစ်ချင်တော့ စိုးမိုးသူကို အက်ဖီက စိုးမိုးသူတို့ မေဂျာနားက Canteen ရှေ့မှာ ရှာတွေ့သွားတာ။
လူပုံအလယ်မှာ ဒီလို ရှာတွေ့သွားတဲ့အတွက် စိုးမိုးသူ ကံခေတယ်လို့ပဲ ဆိုရမယ်။
"နင် ဘာလို့ အဲဒီလို ပိုစ့်ကိုတင်တာလဲ စိုးမိုးသူ။ ငါ နင့်ကိုယုံခဲ့မိတာနော်..."
"နင်ဘာလို့ ငါ့သူငယ်ချင်းကို အသည်းခွဲခဲ့တာလဲ?"
"ဘာ... ဘာ... ဘာ... နင့်သူငယ်ချင်းကို အသည်းခွဲခဲ့တယ် ဟုတ်လား... ဘယ်သူလဲ နင့်သူငယ်ချင်း..."
"ထက်မြတ်သူဆိုတဲ့ ငါ့သူငယ်ချင်း"
ထက်မြတ်သူဆိုတဲ့နာမည်ကို အက်ဖီ့မှာ သေချာတောင် မမှတ်မိ။ ဒါ့ကြောင့် အက်ဖီတွေဝေနေတုန်းက ထက်ယံက ကြားမှ ၀င်ပြောတယ်။
"ဟေ့ရောင်... ထက်မြတ်သူဆိုတဲ့ ကောင်ကို အက်ဖီသိတောင် မသိဘူးကွ"
"အေး ဒါပေမဲ့ ငါ့သူငယ်ချင်းက သူ့ကို ချစ်ရေးဆိုတော့ စဉ်းစားပေးပါ့မယ်လို့ပြောခဲ့တယ်လေ... အဲဒီအတွက် ငါ့သူငယ်ချင်းက စိတ်ကူးတွေယဉ်လို့... နောက်တစ်ခါထပ်ပြီး အဖြေတောင်းတော့ သူက ငါ့သူငယ်ချင်းကို မှတ်တောင်မမှတ်မိဘူးလေ"
"ဟေ့ကောင်... စောက်ရူး... အဲဒါ သူက မင့်သူငယ်ချင်းကို စိတ်ထဲတောင် မရှိလို့ပေါ့ကွာ..."
"အေး ဒါပေမဲ့ အခု ငါ့သူငယ်ချင်း အသည်းတွေကွဲပြီး ကျောင်းတောင် မတက်နိုင်ရှာတော့ဘူးကွ။ အဲဒါကြောင့် ငါ ဒီလို အကွက်သုံးလိုက်ရတာ။ ဘယ်လိုလဲ အက်ဖီ... ငါ့အကွက်က ထိမှထိရဲ့လား။ အခု နင် သိပ်ကို ကြွေပြနေတဲ့ တီချယ်ဟေမာန်က နင့်ကိုပလစ်လိုက်ပြီမို့လား... ဟား...ဟား... ဘယ်လိုလဲ အသည်းကွဲတဲ့အရသာက ချိုမှ ချိုရဲ့လား?"
"အောက်တန်းစား..."
မထီတထီပုံစံနဲ့ လာမေးနေတဲ့ စိုးမိုးသူကို အက်ဖီ ဒေါသမွှန်ပြီး ပါးရိုက်ဖို့ လက်အစုံဟာ လေပေါ်ကို လွင့်မြောက်သွားမိပေမယ့် မိန်းကလေးတစ်ယောက်ရဲ့ အရှက်သိက္ခာကို ဒီလိုလွယ်လင့်တကူ ချတတ်တဲ့ကောင်ကို ပါးရိုက်ထာတက် နာအောင်လုပ်ပစ်ဖို့ အက်ဖီ စဉ်းစားမိသွားတယ်။
"ရိုက်မလို့လား... ရိုက်စမ်းပါ... ရိုက်စမ်းပါ..."
"ဟေ့အေး... သူတော့ ရိုက်မှာ မဟုတ်ဘူး... ဒါပေမယ့်ငါတော့ ထိုးတယ်ကွာ..."
"ခွပ်..."
"အင့်..."
"ဟာ..."
"ဟယ်..."
"ဟယ်... အီးမေဂျာကင်းက ထိုးပြစ်လိုက်ပြီဟ"
"အား... စိုးမိုးသူ အီစလံဝေသွားပြီ..."
ထက်ယံရဲ့ လက်သီးချက်ကြောင့် စိုးမိုးသူ လဲကျသွားချိန် ဘေးပတ်ဝန်းကျင်က စောင့်ကြည့်နေကြတဲ့ ကျောင်းသား/ကျောင်းသူတွေထံမှလည်း စည်စည်ညံညံအသံတွေထွက်လာကြတယ်လေ။
စိုးမိုးသူက ပေါက်သွားတဲ့ နှုတ်ခမ်းထောင့်မှ သွေးစကို လက်ဖမိုးနဲ့ ဆတ်ခနဲသုတ်ပြီး ပြန်ထရပ်တယ်။
ထက်ယံလည်း ယောက်ျားပီသစွာနဲ့ပဲ စိုးမိုးသူနဲ့ မျက်နှာချင်းဆိုင်နေပြစ်လိုက်တယ်။
"မင်း မကျေနပ်ရင် ဘာလုပ်မလဲပြော... ပြောလေ ဟေ့ရောင်စိုးမိုးသူ..."
"ငါ နင့်ကိုတစ်ခုသိအောင်ပြောလိုက်မယ် စိုးမိုးသူ။ ငါ နင့်သူငယ်ချင်းကို အသည်းကွဲပါစေလို့ မရည်ရွယ်ခဲ့ဘူး။ ဒါပေမဲ့ နင်ကတော့ ငါ့ကို အသည်းကွဲပါစေ၊ အရှက်ကွဲပါစေဆိုပြီး ရည်ရွယ်ပြီး ချဉ်းကပ်ခဲ့တယ်။ အဲဒီအတွက် ထက်ယံရဲ့ လက်သီးတစ်ချက်နဲ့ မပြီးသွားဘူးဆိုတာ နင် သိအောင် အခုတစ်ခါတည်းပြောခဲ့လိုက်မယ်..."
အက်ဖီပြောပြီးတာနဲ့ စိုးမိုးသူတို့ မေဂျာက ကထိကအဆောင်ဆီဦးတည်လျှောက်ခဲ့လိုက်တယ်။
ထက်ယံလည်း အက်ဖီ့နောက်မှ ထပ်ကြပ်မကွာလိုက်ခဲ့ပေးရှာပါတယ်။
ကထိကရုံးခန်းထဲရောက်တော့ ဖြစ်ကြောင်းကုန်စင် အကုန်လုံးကို အက်ဖီ သေသေချာချာရှင်းပြလိုက်တဲ့အခါ စိုးမိုးသူရဲ့ အောက်တန်းကျလှတဲ့ စိတ်နေစိတ်ထားဟာ ကောလိပ်ကျောင်းသား ဖြစ်ဖို့ မထိုက်တန်ဘူးဆိုပြီး တီချယ်တွေဝိုင်းဝန်း ဆုံးဖြတ်လိုက်တယ်။
ချက်ချင်းဆိုသလို စိုးမိုးသူက ရုံးခန်းထဲဆင့်ခေါ်ပြီး အက်ဖီ့ကို လူသိရှင်ကြားတောင်းပန်စေတယ်။
ဒါ့အပြင် စိုးမိုးသူကို ကျောင်း ၂ နှစ်နားဖို့ ဆုံးဖြတ်လိုက်ကြတယ်။
"ငါ နင့်ကို ဒီလောက်အထိ အပြစ်ပေးဖို့ မရည်ရွယ်ခဲ့ဘူး စိုးမိုးသူ... ဒါပေမဲ့ နင့်ကို အခုလိုမှ အရေးမယူဘူးဆိုရင် ပြဿနာ အခြေအနေကို သေသေချာချာမသိပဲနဲ့ နင် နောက်နောင်လည်း ဒီလိုပဲ မိန်းကလေးတွေကို အကွက်ကျကျ အရှက်လိုက်ခွဲနေမှာကို စိုးရိမ်ရတယ်။ တစ်ခါသေဖူး ပျဉ်ဖိုးနားလည်အောင်တော့ နင့်ကို အခုလို အပြစ်ပေးတာက ထိုက်တန်တယ်လို့ ငါယူဆတယ်... အော် တစ်ခါတည်း နင်သိအောင်ပြောခဲ့လိုက်မယ်... နင့်သူငယ်ချင်း အသည်းကွဲတာ မကွဲတာတော့ ငါ မသိဘူး။ ဒါပေမယ့် ငါတော့ အသည်းမကွဲဘူးသိလား... ဘာလို့လဲဆို ငါက ချယ့်ကို ရအောင်ရှင်းပြမှာမို့လို့ပဲ..."
နောက်ဆုံး စိုးမိုးသူကို နှုတ်ဆက်ရင်း အက်ဖီပိုင်ပိုင်နိုင်နိုင်ပြောပြစ်ခဲ့လိုက်တယ်။
ဟုတ်တယ်လေ။
တကယ်လည်း အက်ဖီဟာ တီချယ့်ကို ဒီကိစ္စနဲ့ ပတ်သတ်ပြီး သေသေချာချာ့ကို ရအောင်ရှင်းပြမှာပါ။
နောက်ပြီး အက်ဖီ မမှားဘူးဆိုတာကိုလည်း တစ်ကျောင်းလုံးက သိနေပြီဖြစ်တဲ့တွက် အခုလောက်ဆို တီချယ်လည်း သိနှင့်နေလောက်ပါပြီ။
ဒါဆိုအက်ဖီ ရှင်းပြစရာတောင် မလိုပဲ တီချယ် အက်ဖီ့ကိုအပေါ် စိတ်ဆိုးစိတ်ကောက် ပြေလောက်မှာပါ။
-------------------------------------
"နင့်ကိုငါ တစ်ခါတည်း သေချာပြောလိုက်မယ် အက်ဖီ။ နင် လူတိုင်းကို မယုံးစမ်းပါနဲ့ဟာ... သိလား? လူတိုင်းက နင့်လို မရိုးသားဘူး အက်ဖီရဲ့"
"အေးပါဟာ..."
"နောက်ပြီး နင်က သာမာန်လူတွေထပ် ပိုပြီး ချောလွန်းလှလွန်းနေတာ။ ဒီတော့ နင် တော်ရုံလူနဲ့ စကားလက်ခံပြီးတော့ကို မပြောသင့်တာ... နင့်အလှတရားက နင့်အတွက် အားသာချက်ကနေ အားနည်းချက်ဖြစ်သွားအောင် လုပ်နိုင်သူက နင်ပဲ အက်ဖီ..."
ကျောင်းဆင်းခါနီး ထက်ယံဟာ သွသူ မပြန်နိုင်သေးပဲ အက်ဖီ့ကို မှာတမ်းတွေချွေ၊ တရားတွေ ဟောနေသေးတာ။
ဒါပေမဲ့ အက်ဖီလည်း ကိုယ့်အပြစ်နဲ့ ကိုယ်ဆိုတော့ ထက်ယံပြောသမျှကို အေးပါဟာ... အေးပါ... နောက်မလုပ်တော့ပါဘူး၊ အေးပါ... ဆိုပြီးပဲ တုန့်ပြန်နေရတော့တာပေါ့။
နောက်ဆုံး ထက်ယံပြန်သွားတော့မှ အက်ဖီ နားအေးရတော့တယ်။
နောက်တော့ ထုံးစံအတိုင်း အက်ဖီ တီချယ့်ကို ထိုင်စောင့်နေရတော့တာပေါ့။
ဒီနေ့တော့ တီချယ်ဟာ ခါတိုင်းနေ့တွေထက် နောက်ကျပြီးမှ မေဂျာဆောင်ထဲက ထွက်လာခဲ့တယ်။
အလုပ်တွေများနေလို့လား၊ ဒါမှမဟုတ် အက်ဖီ့ကို မစောင့်နိုင်တဲ့အဆုံး ပြန်သွားအောင် နောက်ကျအောင် တမင်သက်သက်နေနေတာလားဆိုတော့ အက်ဖီလည်း မဝေခွဲနိုင်။
မေဂျာထဲက ထွက်လာတည်းက တီချယ်ဟာ အက်ဖီရှိနေလေ့ရှိတဲ့ အုတ်ခုံလေးဆီ အကြည့်တစ်ချက်မှ မရောက်အောင် တမင်ထိန်းသိမ်းရင်း ကားဆီသို့လျှောက်တယ်။
အက်ဖီလည်း တီချယ့်ကိုမြင်တာနဲ့ တကိုယ်လုံး ထူပူသွားပြီး မတ်တပ်လေး ထရပ်မိတယ်။
တစ်ကျောင်းလုံးကတော့ အမှန်တရားသိသွားပြီး အက်ဖီ့ကို အမြင်တွေကြည်လင်သွားကြပြီ။ ဒါတောင် တီချယ့်ဆီမှာ အက်ဖီ့ကို အမြင်ကြည်လင်တဲ့ အရိပ်အယောင် နဲနဲလေးမှ မတွေ့ရ။
တီချယ်က ဘာကို ထပ်ကောက်နေသေးတာလဲဆိုတာတွေးရင်း အက်ဖီ စိတ်ရှုတ်ရတာ အမှန်ပဲ။
"ချယ်... ခဏ..."
ကားဆီသွားနေတဲ့ တီချယ့်နောက်သို့ အက်ဖီခြေလှမ်းကျဲကျဲတွေနဲ့ ပြေးလိုက်သွားရင်း တီချယ့်ကို ခေါ်လိုက်မိတယ်။
အက်ဖီ့အသံကိုကြားပေမယ့် တီချယ်ဟာ ခြေလှမ်းတွေလည်း မရပ်သလို၊ နောက်လည်း လှည့်မကြည့်ပါဘူး။
ကားဆီရောက်တာနဲ့ ကားသော့ကို ခလုပ်လေးနှိပ်ကာဖွင့်ပြီး ကားပေါ်တက်ထိုင်ကာ ၀ူးခနဲ မောင်းထွက်သွားတယ်။
အက်ဖီတောင်တီချယ့်ကားနဲ့ မတိုက်မိအောင် မနည်းကြီးရှောင်လိုက်ရတဲ့အထိပဲ။
ပထမတော့ တီချယ်ဘာကောက်နေတယ်ဆိုတာ နားမလည်ပေမယ့် တီချယ့်ကို ဒီအတိုင်းကြီးတော့ ကားကို ဆက် မောင်းမသွားစေ့ချင်။
ဒီအရှိန်နဲ့မောင်းရင်း တစ်ခုခုဖြစ်ခဲ့ရင် အက်ဖီပဲ ရင်ကျိုးရမှာ။
နောက်ပြီး တီချယ်မောင်းထွက်သွားတုန်းက အက်ဖီ့ကိုတောင် ရှောင်မသွားသေးတာ။
တခြားအရာတစ်ခုခုကိုလည်း တီချယ်ဒေါသစိတ်နဲ့ တိုက်ချင် တိုက်ပစ်နိုင်သေးတာ။
အဲဒီအတွေးနဲ့ပဲ အက်ဖီ စိုးရီမ်စိတ်တွေဝင်လာပြီး တီချယ့်ကားအနောက် ပြေးလိုက်ခဲ့မိတယ်။
"ချယ်... ချယ်ရေ... ချယ်ရေ..."
တစာစာ အော်ခေါ်ရင်း တီချယ့်ကားအနောက်ပြေးလိုက်ခဲ့မိပေမယ့် ကားလေးက တဖြည်းဖြည်း အက်ဖီနဲ့ ဝေး၍ဝေး၍သွားလေပြီ။
ဒါပေမဲ့ အက်ဖီစိတ်လျော့လို့မဖြစ်။
မောဟိုက်တဲ့ဒဏ်ထက် တီချယ်တစ်ခုခုဖြစ်မှာ စိုးရိမ်တဲ့စိတ်က ပိုလို့ကြီးမားနေတဲ့အတွက် ဖယ်ရီဝန်းဆီသို့ အားကုန်သုံးပြီး ထပ်ပြေးသွားရပြန်တယ်။
ကံဆိုးမသွားရာမိုးလိုက်လို့ရွာဆိုတဲ့အတိုင်း၊ မိုးတွေကလည်း မထင်မှတ်ပဲ သဲကြီးမဲကြီး ရွာကျလာပြန်တယ်။
ဖယ်ရီဝန်းကိုရောက်တော့ ကားတစ်စီးမှ မရှိတော့။
အင်းပေါ့... အရမ်းကြီး နောက်ကျနေပြီဆိုတော့ ဘယ်လိုလုပ်ပြီး ဖယ်ရီကားက ကျန်တော့မှာလဲ။
အက်ဖီစိတ်ပျက်လက်ပျက်ဖြစ်မိပေမယ့် ဒီနေ့ တီချယ့်ကို အပြီးရှင်းပြမှဖြစ်မယ်၊ တီချယ်ဘာကိုကောက်နေတာလဲဆိုတာ သိမှဖြစ်မယ်ဆိုတဲ့စိတ်နဲ့ ကျောင်းပြင်အထိ တဖန်ပြန်ပြေးထွက်ခဲ့မိတယ်။
ကျောင်းပြင်ရောက်တော့ Taxi တစ်စီးပြီးတစ်စီးကို အက်ဖီ့ကို အမောတကောနဲ့ တားနိုင်အောင်ကြိုးစားရတော့တာပေါ့။
တကိုယ်လုံးသာမကဘူး၊ လွယ်အိတ်တွေပါ မိုးရေတွေ ရွှဲရွှဲစိုနေတဲ့ အက်ဖီ့ကို တော်ရုံကားသမားက ရပ်မပေးချင်ကြ။
ကားကို တော်တော်နဲ့ တားမရခဲ့ပေမယ့် အက်ဖီစိတ်မလျော့ခဲ့။
နောက်ဆုံး Taxi တစ်စီးရှေ့ မျက်စိစုံမှိတ်ပြီး ခြေစုံပစ်ရပ်လိုက်တော့မှ ကားက ကျွီခနဲ ရပ်သွားတယ်။
"ဟဲ့ ကလေးမ သေချာလို့လား။ လမ်းက မိုးတွေရွာထားတာ။ တော်ကြာ ဘရိတ်အုပ်နေရဲ့သားနဲ့ တာယာစလစ်ဖြစ်ပြီး နင့်တိုက်မိရင် သက်သက်သေဦးမယ်..."
"ခု မသေဘူးဆိုတော့ ဦးလေး ကား အငှားလိုက်ခဲ့ပေတော့..."
"ဟယ်... ဒီခေတ်ကလေးတွေ ရူးများ ရူးနေကြလား မသိပါဘူး။ ဖုန်းတွေအသုံများပြီး နိုင်ငံခြားကားထဲက အကွက်တွေ လာလာလုပ်နေကြတာ... သေကုန်တော့မှာပဲ"
ကားသမားလူကြီး စိတ်ပျက်လက်ပျက်နဲ့ ငြီးညူနေစဉ်မှာပဲ အက်ဖီက ကားနောက်ခန်းသို့ ၀င်ထိုင်ပြီးနေပြီ။
နောက်တော့ တစ်ခါပဲရောက်ဖူးပေမယ့် စိတ်ထဲ အသေမှတ်မိနေတဲ့ တီချယ့်အိမ်လိပ်စာကိုပြောပြီး ကားကို မောင်းနှင်စေလိုက်တယ်။
ညနေကလည်း တော်တော်စောင်းနေတာက တစ်ကြောင်း၊ မိုးက ရွာနေတာက တစ်ကြောင်းတို့ကြောင့် လမ်းပေါ်မှာ ကားတွေ သိသိသာသာရှင်းနေတယ်။
ဒါ့ကြောင့်ပဲ အက်ဖီငှားလာတဲ့ Taxi ကားလေးဟာ သိပ်မကြာခင်မှာပဲ တီချယ့်တိုက်အရှေ့သို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ခဲ့တယ်လေ။
အက်ဖီလည်း ကားခငွေကို ရှင်းပေးပြီးတာနဲ့ တီချယ့်လှေကားထစ်ဆီ ခပ်သွက်သွက်လေး ပြေးတက်ခဲ့မိတယ်။
ပြီးတော့ ဘေးပတ်ဝန်းကျင်ကိုတောင် အားနာ မနေနိုင်တော့ပဲ တီချယ့်အိမ်ခန်းတံခါးကို ခပ်ပြင်းပြင်း ထုပစ်မိတယ်လေ။
"ဒုန်း... ဒုန်း... ဒုန်း...ဒုန်း...ဒုန်း..."
"ချယ်... ချယ် အိမ်ထဲမှာရှိတယ်... ချယ်... တံခါးဖွင့်ပေးပါ..."
"ဒုန်း... ဒုန်း... ဒုန်း...ဒုန်း...ဒုန်း..."
အက်ဖီမရပ်မနား အသည်းသန်တွေ တံခါးခေါက်ရင်း ပါးစပ်ကလည်း တီချယ့်ကိုအော်ခေါ်နေမိတော့ တီချယ့်ရှေ့ခန်းက ဒေါ်လေးနီတောင် တံခါးဖွင့်လာပြီး ကြည့်သေးတယ်။
ဒါပေမဲ့ အက်ဖီ့ကို မှတ်မိနေတာက တစ်ကြောင်း၊ အက်ဖီက အရမ်းကို အလျှင်လိုနေတယ်ဆိုတာရိပ်မိလို့က တစ်ကြောင်းတို့ကြောင့် ဘာမှမမေးမမြန်းပဲ တံခါးကို ပြန်လည်ပိတ်သွားရှာတယ်။
အဲဒီတော့မှ တီချယ့်တံခါးက ၀ုန်းခနဲ ပွင့်လာတယ်။
တံခါးပွင့်တာနဲ့ ပေါ်လာတာ ဒေါသထွက်နေတဲ့ တီချယ့်မျက်နှာ။
"မင်း ဘယ်အချိန်အထိ တို့ကို စိတ်ဒုက္ခတွေ လိုက်ပေးနေမှာလဲ အက်ဖီ..."
"ချယ် စိတ်ဒုက္ခရောက်နေရလို့ အက်ဖီက ရှင်းပြဖို့ ချယ်ရဲ့... ရှင်းပြခွင့်တော့ ပေးမှာပေါ့"
"မရှင်းပြနဲ့... မင်း ရှင်းပြတယ်ဆိုတည်းက ရှုတ်ထားလို့... မရှင်းပြနဲ့ မရှင်းပြနဲ့..."
"မရှင်းပြရင် ချယ်က အမှန်ကို ဘယ်သိမှာလဲ..."
"မင်းပြောမယ့်အမှန်ကို တို့ စိတ်မ၀င်စားဘူး..."
"အာ ချယ်... မတရားကြီးကွာ..."
အက်ဖီဟာ အရိုက်ခံလည်း သေမယ်ဆိုတဲ့စိတ်နဲ့ တီချယ့်လက်နှစ်ဖက်လုံးကို ဆုတ်ကိုင်ရင်း တွန်းကာတွန်းကာ အိမ်ထဲသို့ဝင်ခဲ့လိုက်မိတယ်။
လွယ်ထားတဲ့ မိုးရေတွေ ရွှဲရွှဲစိုနေတဲ့အက်ဖီ့လွယ်အိတ်လေးတော့ တံခါးဝနားတွင် ပြုတ်ကျကျန်ခဲ့ရပြီလေ။
"မင်း လွှတ်စမ်း..."
"မလွှတ်ဘူး..."
"၀ုန်း... ဂျလိန်း... ဂျလိန်း..."
တီချယ်နဲ့အက်ဖီတို့ အိမ်ခန်းလေးထဲမှာ တစ်ယောက်တစ်ခွန်းဖြစ်နေကြချိန် အပြင်က ကောင်းကင်ပြင်မှာလည်း မိုးသီးမိုးပေါက်နေတွေနဲ့ လျှပ်စီးတို့ စစ်ခင်းနေကြသလိုပါပဲ။
မိုးတွေသည်းမဲစွာရွာနေသလို လျှပ်စီးတွေကလည်း တဖျင်းဖျင်းနဲ့ လင်းလက်ပြီး အာကာယံတစ်ခွင်လုံး ဆူညံပွက်လောရိုက်နေရှာသေးတယ်။
"ချယ်က ဘာကိုကောက်နေတာလဲ... တစ်ကျောင်းလုံးကတောင် အမှန်ကိုသနေပြီလေ..."
"အေး... အဲဒီအမှန်ကိုပဲ ငါ စိတ်မ၀င်စားတာ..."
"ချယ်ရယ်... ချယ်ဘာကိုကောက်တယ်ဆိုတာတော့ အက်ဖီ့ကိုရှင်းပြစမ်းပါဦး..."
"မင်း... မင်း တို့လက်ကို လွှတ်စမ်း..."
"မလွှတ်ဘူး... ဘာကိုကောက်တယ်ဆိုတာ မသိရမချင်း အက်ဖီလုံးဝ မလွှတ်ဘူး..."
"အေးပေါ့...ဘယ်လွှတ်မလဲ... မင်းက တို့ကို တန်ဖိုးမှ မထားတာကို..."
"ချယ်..."
အက်ဖီ တီကောင်ကို ဆားနဲ့ပက်ခံလိုက်ရသလို ဆတ်ဆတ်ခါ နာကျင်ရင်း အော်မိသွားတာ တော်တော်လေး ကျယ်လောင်သွားတယ်။
တီချယ် မကျေနပ်စွာ မျက်ထောင့်တွေနီရင်း အက်ဖီ့ကို စိုက်ကြည့်နေတယ်။
"ခင်ဗျား... ခင်ဗျားကို တန်ဖိုးမထားဘူးလို့ မပြောနဲ့နော်..."
"ပြောမှာပဲ။ အခု စိုးမိုးသူနဲ့ဖြစ်တဲ့ကိစ္စက ဘယ်သူတွေ ဘယ်လိုပဲ အမှန်တရားကိုလက်ခံပါစေ... ပြဿနာရဲ့အစက မင်း သူနဲ့ လက်ခံစကားပြောခဲ့လို့ပဲ။ မင်းကို တို့ဘာပြောထားလဲ... မင်းကိုတခြားယောက်ျားလေးတွေနဲ့ ပတ်သတ်တာကို မကြိုက်ဘူးလို့ မင်းကို တို့ မပြောထားဘူးလား အက်ဖီ... မင်း တို့ပြောတုန်းကတော့ ကတိတွေ အထပ်ထပ်ပေးပြီး နောက်တော့ရော... နောက်တော့ မင်း တို့စကားကို အလေးနက်ထားလို့လား... အဲဒါကိုကြည့်ခြင်းအားဖြင့် မင်း တို့ကို အလေးနက်မထားဘူး... တန်ဖိုးမထားဘူးဆိုတာ သေချာလွန်းနေပြီလေ..."
"ခင်ဗျားနော်... အရမ်းကြီးလွန်မလာနဲ့။ အဲဒီကောင်က မသိရင်ထက်ယံကို တကယ်ကြီးကြွေသလိုပုံစံနဲ့ အက်ဖီ့ကို ချဉ်းကပ်ခဲ့တာလေ"
"ဘာပဲဖြစ်ဖြစ် တို့စကားနားထောင်ပြီး သူနဲ့လက်ခံစကားမပြောခဲ့ဘူးဆိုရင် မင်း အခုလိုတွေဖြစ်လာစရာကို မလိုဘူးလေ..."
"ဟုတ်ပါတယ်... ဟုတ်ပါတယ်။ အက်ဖီမှားတာပါ။ အက်ဖီ သူ့စကားကို ယုံခဲ့မိလို့ မှားတာပါ။ ဒါပေမဲ့ အဲဒီလို သူ့စကားကို ယုံခဲ့မိတယ်ဆိုတာကလည်း ကိုယ်ချင်းစာစိတ်ကြောင့်ပါနော်... အက်ဖီ ချယ့်ကို တန်ဖိုးမထားလို့ မဟုတ်ဘူး..."
"မင်းတို့စကားကို နားမထောင်တာ... တို့ကို အလေးနက် မထားတာလေ..."
"သူ့ကိုယုံမိလို့ပါဆို ချယ်ရယ်..."
"အေး သူနဲ့ မင်း စကားလက်ခံပြောလိုက်လို့ မင်း သူ့ကိုယုံမိခဲ့တာလေ...မင်းဘာလို့ သူနဲ့ စကားပြောခဲ့တာလဲ ပြော... မင်းကို တို့ မတားထားဘူးလား?"
ချက်ကျလက်ကျမေးလိုက်တော့ အက်ဖီ ချောင်ပိတ်သွားပြီ။
ဘာဖြေရမှန်းကို မသိတော့ပဲ ချယ့်ကို စိုက်ကြည့်မိနေရတယ်။
"အဟွန်း... ဒါနဲ့များ... ကတိတွေက ပေးသေး... အေးပေါ့... အလေးနက်မထားပဲ ပေးခဲ့တဲ့ ကတိတွေဆိုတော့..."
"ချယ်... ချယ်... တော်တော့နော်... အက်ဖီ အလေးနက်မထားတာမဟုတ်ဘူးနော်..."
"အလေးနက်မထားပဲ ပေးခဲ့တဲ့ ကတိတွေဆိုတော့... ခပ်လွယ်လွယ်နဲ့ ဖျက်လို့ရတာပေါ့..."
"ချယ် တော်တော့လို့ပြောနေတယ်နော်... အက်ဖီ ဒေါသတွေထွက်လာပြီနော်... လူကို လာလာ မဆွဲနဲ့နော်..."
"ဒါကိုများ ချယ့်ကို တန်ဖိုးထားတယ်လေး ဘာလေးနဲ့... ဟွန်း... ရယ်စရာလည်းကောင်းပါ့... အေးပေါ့ အရမ်းကြီး ခပ်လွယ်လွယ်ပတ်သတ်မိတယ်ဆိုတော့..."
"ချယ် တော်တော့လို့..."
"အရမ်းလွယ်လွယ်ပတ်သတ်မိတော့..."
"ဟာ...ခင်ဗျား... ပြွတ်စ်စ်စ်..."
"အင့်..."
![](https://img.wattpad.com/cover/352978268-288-k646816.jpg)
YOU ARE READING
အသည်းနင့်အောင်... ချစ်တယ်
Romanceချစ်ခြင်းကို နူးညံ့မှုလို့ ခေါင်းစဉ်တပ်မယ်ဆိုရင် ကျမ ရယ်မောမိပါလိမ့်မယ်။