(Zawgyi code)
ကျောင်းဆင်းတဲ့အချိန် ဖယ်ရီဝန်းမှာ စောင့်နေတာကို အက်ဖီမြင်လိုက်ရတည်းက စိုးမိုးသူဟာ တကယ်လည်းဇွဲကောင်းတဲ့လူဆိုတာ အက်ဖီ လက်ခံခဲ့ရတယ်။
ဘာလို့လဲဆိုတော့ အက်ဖီဟာ တခြားကျောင်းသူတွေလို ကျောင်းဆင်းတာနဲ့ တန်းပြီး ဖယ်ရီဝန်းကို သွားလေ့မရှိတဲ့ ကျောင်းသူတစ်ယောက်လေ။
အတန်းသားတွေ ဘယ်သူမှ မရှိတော့တဲ့ ကျောင်းခန်းထဲ ဘာများထိုင်လုပ်နေတာလဲဆိုပြီး လျှောက်လည်းတွေးကြည့်မနေနဲ့ဦး။
တကယ်တော့ အက်ဖီဟာ ကျောင်းဆင်းပြီဆိုတာနဲ့ အရင်ဆုံး စာသင်ဆောင်ရှေ့ကိုရောက်နှင့်နေပြီ။ဒါပေမဲ့ ဖယ်ရီဝန်းကို မသွားဖြစ်သေး။
ရုံးခန်းထဲမှာ လုပ်စရာရှိတာ လုပ်ပြီး မေဂျာရှေ့ ကားပါကင်မှာ ရပ်ထားတဲ့ကားဆီသို့ တီချယ်ဟေမာန် လျှောက်ထွက်လာမယ့် အချိန်လေးကို ထိုင်စောင့်မိသေးတာလေ။
အခုနောက်ပိုင်းဆို တီချယ်ဟာ မေဂျာထဲက ထွက်လာတာနဲ့ အက်ဖီထိုင်စောင့်လေ့ရှိတဲ့ အုတ်ခုံလေးကို လှမ်းကြည့်လေ့တောင်ရှိနေပြီ။
အက်ဖီ စပြီးတီချယ့်ကို ထိုင်စောင့်ကြည့်တုန်းကဆို တီချယ်ဟာ အက်ဖီထိုင်နေတဲ့ အုတ်ခုံလေးဆီ အကြည့်မရောက်အောင် ထိန်းသိမ်းရင်း သူ့ကားဆီတန်းသွားကာ ကားမောင်းထွက်သွားလေ့ရှိခဲ့တာ။
ဒါပေမဲ့ အက်ဖီက အခုနောက်ပိုင်း တီချယ်နဲ့ အပေးယူတည့်ထားပြီးပြီဆိုတော့ အက်ဖီထိုင်စောင့်နေတာကိုမြင်တာနဲ့ တီချယ် ရိပ်ခနဲ ပြုံးသွားမိသေးတာလေ။
အက်ဖီကလည်း အဲဒီရိပ်ခနဲ အပြုံးလေးအတွက် ဖယ်ရီဝန်းကို ဘယ်လောက်ပဲနောက်ကျပါစေ... မမှုပဲ ထိုင်ပြီးကို စောင့်ကြည့်ဖြစ်နေခဲ့တာပေါ့။
အက်ဖီအဲ့လိုစောင့်ကြည့်လေ့ရှိတဲ့ ရက်အချို့ကျော်လွန်ပြီးတော့ အက်ဖီ့ဆီ တီချယ်ရောက်လာသေးတယ်။
"ကျောင်းဆင်းတာနဲ့ ဖယ်ရီဝန်းတန်းသွားတတ်တဲ့အကျင့်က မင်းမှာ ပါကိုမလာတာလား?"
"ဟုတ်ကဲ့... ဟီးဟီး..."
တီချယ် စပြီးပြောတည်းက အက်ဖီ့ကို အဲဒီလိုထိုင်မစောင့်စေ့ချင်လို့ဆိုတာ သိသားပဲ။
ဒါပေမယ့်လည်း အက်ဖီ့အကြောင်းကိုလည်း သိတယ်မို့လား။
တီချယ့်ကို အသည်းယားပြီး စချင်နောက်ချင်စိတ်ရှိနေတာကိုက အကျင့်တစ်ခုလိုဖြစ်နေတာ။
"မင်း မိန်းကလေးတစ်ယောက်တည်း... ဖယ်ရီဝန်းကို နောက်ကျမှသွားတာ မကြောက်ဘူးလား? အဲ့ချိန် ကျောင်းထဲမှာ လူတွေရှင်းနေပြီလေ... ဖယ်ရီဝန်းမှာဆိုလည်း လူရှင်းလောက်နေပြီ"
"အင်း သိတယ်လေ... အဲ့အချိန် ကျောင်းထဲမှာရော ဖယ်ရီဝန်းမှာ လူရှင်းလောက်နေပြီဆိုတာ သိတယ်... မကြောက်ဘူးလားဆိုတော့ ကြောက်တာပေါ့... အက်ဖီလည်း မိန်းကလေးပဲ... နောက်ပြီး လှတ ပတ လေး... တော်ကြာ မလိုတမာ လူတွေက စောင့်ပြီး တစ်ခုခုလုပ်လိုက်မှဖြင့် အခက်ကို... နော်..."
"ဒါဆို ကျောင်းဆင်းတာနဲ့ ဘာလို့ ဖယ်ရီဝန်းတန်းမသွားပဲ အဲ့မှာ ထိုင်ထိုင်နေတာလဲ?"
"ကျောင်းထဲမှာ လူရှင်းနေတာထက်... ဖယ်ရီဝန်းမှာ လူရှင်းနေမှာထက် အက်ဖီပိုကြောက်တာ ရှိလို့ပေါ့..."
"ဘာကို မင်းက ပိုကြောက်တာလဲ?"
"ညနေပိုင်း ချယ်မျက်နှာလေးကို အနည်းဆုံး တစ်ခါလောက်ဖြစ်ဖြစ် မမြင်ရပဲ အိမ်ပြန်သွားရမှာကိုလေ..."
ဖြီးဖြီးကြီးပြုံးရင်း ပြောလိုက်တဲ့ အက်ဖီ့စကားကြောင့် တီချယ့်မျက်နှာလေး ရဲခနဲ။
မျက်လွှာလည်း ချသွားခဲ့သေးတာ။
"နောက်နေ့တွေ မစောင့်နဲ့တော့... ကြားလား?"
"အာ့ဆို နောက်ဆုံးအချိန်ရောက်ရင် ချယ့်ဆီ ခဏလာခဲ့မယ်..."
"ဘာလုပ်ဖို့..."
"ချယ့်ကိုကြည့်ဖို့..."
"အို..."
ညနေကျောင်းဆင်းချိန်နီးပြီဆို တီချယ်ရှိနေတဲ့ ရုံးခန်းလေးဟာ သာမာန်အားဖြင့် လူရှုတ်နေလေ့ရှိတယ်။
တီချယ်အပြင် တခြားတီချယ်တွေလည်း ကျောင်းဆင်းဖို့ ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်တာနဲ့ ကျောင်းနဲ့ပတ်သတ်တဲ့ စာရွက်စာတမ်းတွေ သိမ်းတာနဲ့ဆိုတော့။
အဲဒီတော့ ရုံးခန်းအထိ အက်ဖီ့ကိုသာ လာခွင့်ပြုလိုက်ရင် သေချာတယ် အက်ဖီက နေ့တိုင်းလိုလိုလာမှာ။
တစ်ရက်နှစ်ရက်ဆို တခြားတီချယ်တွေ သတိမထားမိလောက်ပေမယ့် ညနေကျောင်းဆင်းချိန်တိုင်း အက်ဖီရောက်ရောက်လာတာကို ရက်ရှည်ဆို သတိထားမိမှာ။
အခုဆို ကျောင်းထဲမှာ အက်ဖီနဲ့ တီချယ့်ကို အသံက ခပ်သဲ့သဲ့ထွက်နေပြီ။
အဲ့လိုသာ အက်ဖီတကယ်ကြီးရောက်ရောက်လာတာကိုမြင်တာနဲ့ တခြားတီချယ်တွေလည်း အက်ဖီနဲ့သတင်းက တကယ်ပဲဆိုပြီး သတ်မှတ်ပြစ်လိုက်ကြမှာ။
အဲဒါကြောင့် ညနေပိုင်း ရုံးခန်းဆီလာဖို့ အက်ဖီ့ကို ခွင့်ပြုလို့မရဘူးဆိုတာ တီချယ် သဘောပေါက်သလို အက်ဖီလည်း သဘောပေါက်တယ်။
တီချယ် သူ့အားနည်းချက်နဲ့သူမို့ အက်ဖီ့တောင်းဆိုမှုကို ဘာမှ မတုန့်ပြန်နိုင်ဘူး။
ဒီတော့ အက်ဖီလည်း တီချယ့်တားမြစ်မှုကို မလုပ်ပဲရှောင်စရာမလိုတော့ဘူးလေ။
ဒီလိုနဲ့ နောက်ရက်တွေမှာလည်း နေ့စဉ်ရက်ဆက် အက်ဖီဟာ တီချယ့်ကို အုတ်ခုံလေးမှာ ဒီလိုပဲ ထိုင်ထိုင်စောင့်ပြီး ကြည့်ဖြစ်ခဲ့တာပေါ့။
ဒီလိုနဲ့ တစ်ရက်မှာ အက်ဖီဟာ တီချယ့်ကိုထိုင်စောင့်နေရင်း စိတ်ထဲ စနောက်ချင်တာမျိုးလေးဖြစ်လာခဲ့သေးတယ်။
အဲဒါကြောင့် တီချယ်မေဂျာထဲက ထွက်လာတဲ့အချိန် အက်ဖီ အသာလေး စောင့်နေကြနေရာလေးမှ မစောင့်တော့ပဲ ခပ်လှမ်းလှမ်းက အပင်နောက်ကို သွားပုန်းကွယ်မိရင်း တီချယ့်ကိုစောင့်ကြည့်နေမိတာ။
တီချယ်ဟာ ခါတိုင်းလိုပဲ အုတ်ခုံတွင် အက်ဖီ့ကို မြင်တွေ့မှာပဲဆိုတဲ့ စိတ်လေးနဲ့ပဲ မေဂျာထဲက ထွက်လာပုံပေါ်ပါတယ်။
ဒါပေမဲ့ ခါတိုင်းလို အက်ဖီ့ကို အုတ်ခုံပေါ်မှာစောင့်နေတာကို မတွေ့ရတော့ တီချယ့်ခြေလှမ်းတွေ သိသိသာသာရပ်ကုန်တယ်။
ပြီးတော့ အုတ်ခုံနဲ့ ဘေးဘီဝဲယာကို လှည့်ကာ ရှာသေးတယ်။
နောက် ဖယ်ရီဝန်းဖက်သွားတဲ့ လမ်းမကြီးဆီသို့ တက်သွားပြီး ဖယ်ရီဝန်းဆီသွားတဲ့ လမ်းတစ်လျှောက်ကို ငေးမျှော်ကြည့်သေးတယ်။
ပြီးမှ စိတ်ဓါတ်ကျသလို မျက်နှာထားလေးနဲ့ လေးလံတဲ့ ခြေလှမ်းတွေနဲ့အတူ သူမရဲ့ကားဆီကို ပြန်လျှောက်လာတာ။
ဒါကို အက်ဖီ အစအဆုံးစောင့်ကြည့်နေရင်း တီချယ်ခံစားရတာကို စိတ်မကောင်းဖြစ်မိပေမယ့် အော် တီချယ်ဟာ အက်ဖီ့ကို ရှာပါလားဆိုတဲ့ အသိလေးတစ်ခုကြောင့် အက်ဖီ ပျော်ခဲ့ရသေးတာ။
"ဟိတ်..."
ကားဆီသို့ ပြန်လျှောက်လာတဲ့ တီချယ်ဟာ အက်ဖီပုန်းနေတဲ့ အပင်နားက ဖြတ်လျှောက်တာနဲ့ အက်ဖီ ဗြုန်းခနဲ ကိုယ်ယောင်ပြလိုက်မိတယ်လေ။
လှန့်လိုက်သလိုဖြစ်သွားလို့ တီချယ့်တကိုယ်လုံး ဆတ်ခနဲ တုန်ရင်သွားရင်း အက်ဖီ့ကိုမြင်လိုက်ရတော့ အံ့သြမှု မျက်ဝန်းတွေမှ ၀ိုင်းစက်လို့။
"မင်း... မင်း..."
"ကဲပြော... ချယ် ဘယ်သူ့ကို လိုက်ရှာနေတာလဲ?"
"အက်ဖီ... မင်းသိလား... မင်းသိပ်ဆိုးတယ်ဆိုတာ..."
"ဟုတ်ကဲ့ ရိပ်မိပါတယ် ချယ်..."
"မင်း တော်တော်ဆိုးတာပဲ အက်ဖီရယ်... တို့ရင်ကို ထူပူသွားတာပဲ"
"ဘာဖြစ်လို့လဲ... အက်ဖီ့ကို မတွေ့ရတော့လို့လား?"
"မဟုတ်ဘူးလေ... မင်းက တုံးတိုက်တိုက်၊ ကျား ကိုက်ကိုက် စောင့်နေမယ်ဆိုတာ တို့သိတယ်လေ... အေး ဒါပေမယ့် မင်းကို မတွေ့တော့ မင်းများ တစ်ခုခုဖြစ်သွားမလားဆိုပြီး... ဘာမှမဖြစ်ပဲ ပြန်သွားတယ်ဆိုရင်တော့ တစ်မျိုးပေါ့..."
စိုးရိမ်ပူပန်မှုနဲ့အပြည့်နဲ့အတူ မျက်နှာလေးငယ်နေတဲ့ တီချယ့်အရှေ့သို့ အက်ဖီခပ်ရဲရဲလေးတိုးကပ်လာမိရင်း တီချယ့်လက်ဖဝါးတစ်ဖက်ကို တယုတယ ကိုင်ဖို့ လက်လှန်းမိတော့ တီချယ်ဟာ ဘေးဘီဝဲယာပတ်ဝန်းကျင်ကို သမင်လည်ပြန်လှည့်ကြည့်ရင် ကိုယ်လေး အနောက်သို့ အနည်းငယ်တွန့်သွားတယ်။
တယောက်ယောက်တွေ့သွားမှာကို သေမတတ် ကြောက်ရွံ့နေတဲ့ တီချယ်ဟာ အက်ဖီလှမ်းကိုင်ဆွဲမယ့် လက်လေးကိုတော့ ရှောင်ဖယ်လိုက်တာမျိုး မလုပ်ခဲ့။
ဂုဏ်သိက္ခာတွေအများကြီးရင်းနှီးရမယ့်ကိစ္စကို သိသိရက်နဲ့တောင် လက်လေးကို မရှောင်ဖယ်တဲ့ တီချယ့်ကို အက်ဖီသနားမိကာ အလိုက်သိစွာဖြင့် လက်လေးကို လှမ်းကိုင်ဖို့ရွယ်လိုက်မိတဲ့ ကိုယ့်လက်ကိုပဲ ပြန်လည် ယုတ်သိမ်းမိသွားတယ်လေ။
"လေးလေးနက်နက်လေး တောင်းပန်ချင်လို့ ချယ့်လက်ကို ကိုင်ဖို့ ရွယ်လိုက်မိတာပါ ချယ်ရယ်..."
"အင်း တို့သိပါတယ်..."
"အက်ဖီ နောက်နေ့ ချယ့်ကို အဲ့လို မစ,တော့ဘူးနော်... ခုလို စနောက်မိတဲ့အတွက်လည်း တောင်းပန်ပါတယ်..."
"ရပါတယ်... မင်းလည်း မရည်ရွယ်ခဲ့ဘူးဆိုတာ တို့ သဘောပေါက်ပါတယ်..."
"ဟုတ်ကဲ့... ကဲ အက်ဖီ ပြန်ပြီနော် ချယ်..."
တီချယ့်မျက်နှာလေးကို အိမ်ပြန်တဲ့အထိ အာရုံထဲစွဲထင်ကျန်နေအောင် အားရပါးရ စိုက်ကြည့်ပြစ်ပြီးမှ တီချယ့်ကိုနှုတ်ဆက်ရင်း လှည့်ထွက်မိတယ်။
"နေဦး... အက်ဖီ..."
တီချယ့်တားမြစ်သံကြောင့် ခြေလှမ်း ၃၊ ၄ လှမ်းခန့်သာ လျှောက်ပြီးနေတဲ့ အက်ဖီ့ခြေအစုံတို့ ရပ်တံ့ကာ တီချယ့်ဖက် လှည့်ကြည့်မိတယ်လေ။
"လာ ကားပေါ်တက်... တို့ ဖယ်ရီဝန်းအထိ လိုက်ပို့ပေးမယ်..."
"အာ မလုပ်ပါနဲ့... သူများတွေမြင်ရင် တစ်မျိုးတမြည်တွေ ထင်ကုန်ပါ့မယ်... ချယ့် သိက္ခာကို ထိခိုက်..."
"မင်းဒီနေ့ တော်တော် လျှာရှည်နေပါလား... တက်ဆို တက်လိုက်။ ဒီလောက်နောက်ကျနေတာ။ နောက်ပြီး ဖယ်ရီဝန်းမှာတောင် ကားရှိပါတော့မလား မသိဘူးရယ်... တကယ်လို့ ကားမရှိဘူးဆိုလည်း မင်းကို တို့ အိမ်အထိ လိုက်ပို့ပေးမယ်..."
"အာ မလုပ်ပါနဲ့... အဲ့လိုလုပ်လို့မရဘူး ချယ်ရဲ့"
"ဘာလို့..."
"ဘာလို့ရမှာလဲ ချယ်ရယ်... အက်ဖီ့ကို အိမ်အထိလိုက်ပို့ပေးပြီး ချယ်က တစ်ယောက်တည်း ကားမောင်းပြန်ရမှာ... အဲဒါကို အက်ဖီဘယ်လို စိတ်ချမှာလဲပြော..."
"ကဲပါ... လျှာရှည်မနေနဲ့တော့... ကားပေါ်အရင်တက်လိုက်။ ဖယ်ရီဝန်းမှာ ကားရှိသေးရင်... မင်းဆင်းတော့။ တကယ်လို့ ကားမရှိတော့ဘူးဆို မင်းကို အနီးစပ်ဆုံးကားမှတ်တိုင်တစ်ခုဆီမှာ ရပ်ပေးမယ်... ဒါပေမဲ့ မင်းတစ်ခုတော့ ခွင့်ပြုပေးရမယ်..."
"ဘာကြီး ခွင့်ပြုပေးရမှာလဲ?"
"မင်းကို မင်းအိမ်ပြန်မယ့်လိုင်းကားပေါ်တင်ပေးပြီးမှ တို့လည်းပြန်မယ်..."
"အဲဒါက ဖယ်ရီဝန်းမှာ ဖယ်ရီမရှိတော့မှ မို့လား..."
"အင်းလေ..."
"အင်း အာ့ဆို အိုကေတယ်... ဖယ်ရီက ရှိနေသေးလောက်တယ်..."
"ကဲ ဒါဆို တက်တော့..."
တီချယ်ခွင့်ပြုပေးမှုနဲ့ အဲဒီနေ့က ပထမဆုံးအနေနဲ့ တီချယ့်ကားကို ခေါင်းခန်းက လိုက်ပြီး အက်ဖီစီးခဲ့ဖူးတာ။
ဖယ်ရီဝန်းနားရောက်တော့ တီချယ်က ဖယ်ရီကျန်သေးလားဆိုတာ သေချာကြည့်သေးတာ။
ကံကောင်းချင်လို့လားတော့မသိ။
ဖယ်ရီဝန်းမှာ ကားတစ်စီးက ကျန်နေသေးတယ်။
ကျောင်းသားလည်း နဲနဲပဲ ပါတော့တယ်။
"အာ့ဆို... အက်ဖီသွားပြီနော် ချယ်..."
ချယ့်ကိုနှုတ်ဆက်ပြီး ကားတံခါးကို ဖွင့်ဖို့လုပ်တော့ အက်ဖီ တံတောင်ဆစ်နား ခပ်လေးလေးခံစားမှုလေးတစ်ခု ကပ်တွယ်လာတယ်။
ဘာလဲဆိုတဲ့သိချင်စိတ်နဲ့ လှည့်ကြည့်လိုက်တော့ အက်ဖီ့ တံတောင်နားက အဝတ်စလေးကို တီချယ်က လက်ညိုး၊ လက်မတို့နဲ့ညှပ်ပြီး လှမ်းဆွဲထားတာ။
အက်ဖီက ဘာလို့ ဆွဲတာလဲဆိုတဲ့ မျက်ဝန်းတွေနဲ့ တီချယ့်ကို မော့ကြည့်မိတော့ တီချယ် အရင်ဆုံး ရှက်ကာ ခေါင်းငုံ့သွားပြီးမှ အက်ဖီရှေ့ လက်ဖဝါးလေးတစ်ဖက် ထိုးပေးတယ်လေ။
"အင်... ဒါက..."
"အခုန မင်းလက်ကိုင်ဖို့ဆို... အဲဒါ..."
ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်လို ရှက်ရင်း ခေါင်းကြီး ငုံ့ထားကာ တီးတိုးလေးပြောလိုက်တဲ့ ချယ့်စကားကြောင့် အက်ဖီ့နှလုံးသားက မီးတောင်တစ်တောင်လို တဆတ်ဆတ်တွေ လှုတ်ခါလာပြီး ပေါက်ကွဲထွက်သွားသလိုပါပဲ။
ကိုယ့်ရှေ့လှမ်းထားတဲ့ တီချယ့်လက်လေးကို လှမ်းကိုင်ဖို့ အက်ဖီ့မှာ မနည်းကြီးကို အားယူရသေးတာ။
ကိုယ့်ဘာသာ စိတ်ကို မနည်းငြိမ်အောင်ထားပြီး တီချယ့်လက်တွေကို လှမ်းကိုင်လိုက်မိပေမယ့် အက်ဖီလက်တွေကိုယ်တိုင်က အေးစက်ပြီး တုန်ရင်နေသေးတာ။
ဒါကို တီချယ်လည်း ရိပ်မိတယ်နဲ့တူပါတယ်။
ရိပ်ခနဲ ပြုံးရင်း တစ်ဖက်သို့ လှည့်သွားသေးတာ။
တီချယ့်လက်ဖျားလေးတွေလည်း အေးစက်လို့။
ခဏတာ လက်ဖျားလေးချင်းထိကိုင်ထားရင်း အက်ဖီ အေးစက်တောင့်ခဲနေခဲ့သေးတာ။
"အဟမ်း... ဟို ရလောက်ပြီမို့လား..."
တီချယ်ချောင်းလေးဟန့်ရင်း သတိပေးတော့ အက်ဖီလည်း ရှက်ပြီး တီချယ့်လက်ကို လွှတ်ပေးလိုက်ရတယ်။
"အော် ဟုတ်လား... ဟီး..."
လက်ဖျားတွေသာ အေးစက်နေတာနော်။ အက်ဖီ့ နားထင်မှာ ချွေးဒီးချွေးပေါက်တို့က ထွက်နေပြီ။
တီချယ့်လက်လေးကို လွှတ်ပြီး တီချယ့်ကို အားနာပါးနားပြုံးပြရင်း ခေါင်းဆတ်ပြတော့ တီချယ်လည်း ခေါင်းညိတ်ပြပြန်တယ်။
သွားတော့မယ်နော် ချယ်... အေး အေး ဆိုတဲ့ အမူအရာတွေကို စကားလုံးတွေမပါပဲ အကြည့်နဲ့တင် နားလည်မိနေတာဟာ နှလုံးသားချင်းနီးစပ်နေလို့ပဲဟု အက်ဖီယူဆချင်တယ်။
တီချယ့်ကားပေါ်က ဆင်းလာပြီးတဲ့အခါမှာတော့ အက်ဖီ့မှာ နှလုံးသားတွေ ပါမလာတော့သလိုပဲ။
ပြန်လည်ကာ မောင်းထွက်သွားတဲ့ ကားပေါ်တွင် တီချယ်နဲ့အတူ အက်ဖီ့နှလုံးသားလေးပါ လိုက်ပါသွားရပါပြီ။
ထိုနေ့တည်းက စပြီး နောက်နေ့တွေမှာ အက်ဖီဟာလည်း တီချယ့်ကို ပုံမှန် ထိုင်စောင့်ဖြစ်နေခဲ့သလို တီချယ်ဟာလည်း ခါတိုင်းနေ့တွေထက် နောက်ကျပြီးမှ မေဂျာရှေ့သို့ ထွက်လာဖြစ်တယ်။
တီချယ်ဟာ အက်ဖီ့ကိုမြင်တာနဲ့ ရိပ်ခနဲပြုံးရင်း ကားဆီကို လှမ်းကြည့်တာနဲ့ ဒါကို အက်ဖီက "နောက်ကျနေပြီ။ ဘယ်သူမှလည်းမရှိတော့ဘူး၊ လာ ဖယ်ရီဝန်းကိုလိုက်ပို့မယ်... ကားပေါ်တက်တော့"လို့ တီချယ်ရည်ရွယ်တယ်ဆိုတာ အလိုလိုသိနှင့်နေပြီ။
ဒါ့ကြောင့် ဘာအပြုမူမှတောင် ပြန်မပြတော့ပဲ တီချယ့်နောက်ခပ်သွက်သွက်လေးပြေးလိုက်ရင်း တီချယ်ဟာ ကားတံခါးလော့ခ်ကို ဖွင့်လိုက်တာနဲ့ အက်ဖီလည်း တစ်ဖက်က ကားတံခါးဆီ အပြေးလေးသွားပြီး ကားပေါ်တက်ထိုင်ဖြစ်သွားတယ်လေ။
ဒီလိုနဲ့ အက်ဖီ့ ညနေကျောင်းဆင်းချိန်လေးတွေဟာ သိပ်ကိုသာယာချိုမြိန်လွန်းနေခဲ့တာပေါ့။
အဲ့လိုနေ့တွေလိုပဲ ဒီနေ့လည်း အက်ဖီဟာ ချယ့်ကို ထုံးစံအတိုင်း ထိုင်စောင့်တယ်။
ချယ်ကလည်း ဖယ်ရီဝန်းအထိ ကားမောင်းလိုက်ပို့တယ်။
ဒါပေမဲ့ ထူးထူးဆန်းဆန်း ဒီနေ့ တီချယ်ဟာ အရင်နေ့တွေထက် တိတ်ဆိတ်နေတယ်။
ကိုယ်က ချစ်နေရတဲ့လူဆိုတော့ တီချယ် တစ်ခုခုကောက်နေပြီဆိုတာ အက်ဖီ အလိုလိုသိနေတယ်။
"ချယ်... နေမကောင်းဘူးလား?"
"ဒီလိုပါပဲ..."
"ဟို... ချယ်... မျက်နှာလည်း မကောင်းပါလား..."
အက်ဖီက သိချင်စိတ်နဲ့ စပ်စုတော့ တီချယ်ဟာ ချက်ချင်းပဲ သီချင်းတစ်ပုဒ်ကိုကောက်ဖွင့်ပြီး အသံကိုကျယ်ပြစ်လိုက်တယ်လေ။
ဒါဟာ အက်ဖီနဲ့ စကားမပြောချင်ဘူးဆိုတဲ့ သဘော။
အက်ဖီလည်း သိနေတော့ အသာလေး ငြိမ်နေလိုက်ရတော့တာပေါ့။
နေ့လည်က စိုးမိုးသူနဲ့ ဆိုင်အတူတူထိုင်တာကို တီချယ့်ရှေ့ တစ်ယောက်ယောက်သွားပြောလိုက်လို့ပဲဖြစ်ရမယ်လို့ အက်ဖီထင်မိပါတယ်။
စိုးမိုးသူနဲ့ဆို တီချယ်အထင်လွဲစရာမလိုဘူးဆိုတာ အက်ဖီအခုရှင်းပြနေလည်း အပိုပဲဖြစ်မှာလေ။
အချိန်တန်ရင်တော့ စိုးမိုးသူဟာ ဘယ်သူ့ကို စိတ်ဝင်စားနေလဲဆိုတာ အက်ဖီမရှင်းပြလည်း တီချယ်သိမယ့်အတူတူ အခု အက်ဖီ ဘာမှထပ်မပြောချင်တော့။
ပြောနေရင် အက်ဖီ ဆင်ခြင်ပေးတယ်လို့ပဲ တီချယ်က ထင်နေဦးမှာ။
ဒီလိုနဲ့ ဖယ်ရီဝန်းနားရောက်တော့ တီချယ်ကားရပ်တယ်။
"သွားတော့မယ်နော် ချယ်..."
ကားပေါ်က ဆင်းခါနီးအသာလေး ချယ့်လက်လေးကို လှမ်းကိုင်ဖြစ်ခဲ့သေးတယ်။
လက်ကိုလှမ်းကိုင်တော့ တီချယ် မငြင်းဖယ်။
အက်ဖီလည်း တီချယ့်ကိုပြုံးပြနှုတ်ဆက်ရင်း ကားပေါ်က ဆင်းခဲ့လိုက်တယ်။
ဒါပေမဲ့ "၀ူး..."ခနဲ စောင့်အောင့်ကာမောင်းထွက်သွားတဲ့ တီချယ့်ကားလေးကို ရပ်ကာ ငေးကြည့်ရင်း တီချယ်တော့ ကောက်နေပြီဆိုတာ သိသာလွန်းပါတယ်။
အချိန်တန်ရင်တော့ တီချယ်စိတ်ကောက်နေတာ ပြေသွားမှာပါဆိုတဲ့အတွေးလေးနဲ့ ဆက်လျှောက်လာရင်း ဖယ်ရီဝန်းလာတော့ စိုးမိုးသူ မစောင့်လောက်တော့ဘူးလို့ ထင်နေတာ။
ဒါပေမဲ့ စိုးမိုးသူက ထိုင်စောင့်နေတုန်း။
"ငါက နင်ပြန်သွားပြီလို့တောင်ထင်နေတာ..."
"အာ ပြန်စရာလား...? ငါက နင့်ဆီက အကူညီလိုချင်နေတဲ့လူပါဟယ်... ကဲ နင့်အိမ်သွားမယ့်ဖယ်ရီပေါ်တက်ရအောင်"
"နင်က အိမ်မပြန်ဘူးလား?"
"ပြန်မယ်လေ။ နင့်အိမ်နဲ့နီးရာဆိုင်တစ်ဆိုင်မှာထိုင်ပြီး ငါတို့ပြောစရာရှိတာ ပြောကြမယ်။ ပြီးရင် ငါ ပြန်မှာပေါ့"
"အာ... အားနာစရာကြီး..."
"ရပါတယ်။ ငါက အကူညီလိုချင်နေသူပဲလေ... လာ သွားရအောင်"
-------------------------------------
ဆိုင်ထဲမှာ Taylor Swift ရဲ့ Love Story သီချင်သံလေးက အေးအေးလေး ပျံ့လွင့်နေတယ်။
မှာထားတဲ့ ကော်ဖီလေးကလည်း သောက်လို့ကောင်းတာမှ မပြောနဲ့တော့။ ကုန်သွားမှာတောင် စိုးရတဲ့အထိပေါ့။
စိုးမိုးသူကတော့ ဆိုင်ထဲစရောက်တည်းက ထက်ယံကို ဘယ်လိုကြွေတာ၊ ထက်ယံနဲ့ ဘယ်လိုစဆုံတာ၊ ထက်ယံရဲ့အမူအရာတွေကို ဘယ်လိုသဘောကျနှစ်သက်တာဆိုတာတွေ ဆက်တိုက်လိုလိုကိုပြောနေတာ။
အက်ဖီမှမကူညီရင် စိုးမိုးသူတစ်ယောက် ရူးရတော့မယ့်အပေါက်မျိုးကိုဖြစ်နေတာ။
"ကဲပါ... နင် ထက်ယံကိုအဲ့လောက်တောင်ကြွေနေတာကို သူ သိလား?"
"အာ နင်ကလည်း သူ သိနေတယ်ဆို ငါက နင့်အကူညီတောင်းမလားဟဲ့..."
"နင် ဒီလောက်ကြီး သဘောကျနေတာတောင် မျိုသိပ်ထားနိုင်တာ ငါတော့ အံ့သြတယ်ဟယ်..."
"ငါလေ သူ့အပေါ် ဘယ်လောက်ရူးသွပ်တယ်ဆိုတာ နင့်ကိုပြချင်တယ်သိလား... မနက်ဖန် ကျောင်းပိတ်ရက်၊ နင်အားလား? အားရင် ငါလာခေါ်မယ်... နင့်ကိုပြစရာရှိတာ ပြပြီး ငါတို့ လှည်းတန်းမှာ မုန့်သွားစားကြမယ်... နင် ကျွေးမယ်လေ"
"အော် နင်ကလည်း အစားသောက်အစီစဉ်ပါနေတယ်ဆိုတော့ ငါက အလုပ်ရှိလည်းဖျက်လိုက်ဖို့ အသင့်ပဲ စိုးမိုးသူရေ..."
"အေး ပြီးရော... အဲဒါဆို ငါ မနက်ဖန် နင့်ကိုလာခေါ်မယ်... နင် ဘယ်အချိန်အားလဲ?"
"မနက်ပိုင်း ၁၀ နာရီလောက်လာခေါ်လေ..."
"အိမ်အထိ လာခေါ်ရမလား?"
"သဘောလေ... နင် ငါ့အိမ်ကိုသိလို့လား?"
"မသိဘူးလေ... ဒါမဲ့ အခု ငါ နင့်ကို အိမ်အထိလိုက်ပို့မှာလေ... အဲ့တော့ သိမှာပေါ့..."
"အော်... အေးအေး"
"ဟဲ့... နင့်အကောင့်ပြောဦး... ငါ add လိုက်မယ်... နောက် ငါတို့ သူငယ်ချင်းဖြစ်တဲ့အထိန်းမှတ်နဲ့ ဆက်ဖီဆွဲရအောင်ဟာ"
"အော် လုပ်လိုက်လေ ကြာသလားလို့?"
-------------------------------------
မနက် ၁၀ နာရီလောက်တည်းက စိုးမိုးသူဟာ ၀ီရိယကောင်းစွာ အက်ဖီ့အိမ်ခန်းတံခါးကိုလာခေါက်နေပြီ။
ယောက်ျားလေးတစ်ယောက်နဲ့ အရင်က အဲဒီလိုအပြင်သွားလေ့မရှိတဲ့အတွက် မာမီကတော့ အက်ဖီကို မေးမြန်းသေးတာပေါ့။
"သူငယ်ချင်း... သူငယ်ချင်းနဲ့... နောက်မှ ချိုထွက်လာရင် မာမီခွင့်မလွှတ်ဘူးနော် အက်ဖီ"
"အာ ... မာမီကလည်း အက်ဖီ့ကို စိတ်ချပါ။ နောက်ပြီး သူကြိုက်နေတာ အက်ဖီမဟုတ်ဘူး မာမီရဲ့။ သူ ကြိုက်နေတာ အက်ဖီ့သူငယ်ချင်းတစ်ယောက်။ အခု အက်ဖီက သူတို့ နှစ်ယောက်ကို အောင်သွယ်တော်လုပ်ပေးဖို့"
"ကျော်တော့လှေသူကြီး... ညားတော့ လှေထိုးသားဖြစ်နေဦးမယ် အက်ဖီရယ်။ လူတွေကို သိပ်မယုံစမ်းနဲ့နော်"
"သူက သေချာပါတယ် မာမီရယ်။ အက်ဖီက ငါ့ကိုကြိုက်ပါလို့ပြောရင်တောင် ကြိုက်မယ့်လူမဟုတ်ပါဘူး"
"အေးလေ... ညည်းဇာတ် ညည်းနိုင်ရင် ကပေါ့အေ..."
ဒီလိုနဲ့ အက်ဖီလည်း စိုးမိုးသူနဲ့အတူ စိုးမိုးသူတို့အိမ်ကို လိုက်ဖြစ်ခဲ့တာပေါ့။
စိုးမိုးသူက သူ့အမေနဲ့အတူတူနေတာ။
သူ့အဖေက ခရီးထွက်နေရတယ်တဲ့လေ။
စိုးမိုးသူအမေကလည်း အလုပ်ကိစ္စနဲ့ မနက်ကညနေထိအိမ်မှာမရှိဘူးဆိုတော့ အက်ဖီတို့ လွတ်လွတ်လပ်လပ် ထက်ယံအကြောင်း ဆွေးနွေးဖြစ်ကြတာပေါ့။
စိုးမိုးသူ အိမ်ကိုရောက်မှ သူဟာ ထက်ယံအပေါ်ဘယ်လောက်ထိ ရူးသွပ်တယ်ဆိုတာ အက်ဖီတွေ့လိုက်ရတာ။
စိုးမိုးသူရဲ့ အိပ်ခန်းနံရံပေါ်မှာဆို ထက်ယံရဲ့ ပုံတွေမှ အပြည့်ပဲ။
ထက်ယံရဲ့လှုတ်ရှားမှုတွေကို စိုးမိုးသူ အနောက်ကနေလိုက်ပြီး ဘယ်ချိန်တည်းက ဓါတ်ပုံတွေခိုးရိုက်ထားလဲဆိုတာ အဲဒါကိုသာကြည့်တော့။
"သူက Snap မိလည်း လှနေတယ်နော် အက်ဖီ... ဘယ်လိုကြည့်ကြည့် ကြည့်ကောင်းနေတာ တွေ့လား?"
"နင် ဘယ်ချိန်တည်းက သူ့ပုံတွေ လိုက်ရိုက်နေတာလဲ... ကြည့်ပါဦး ပုံတွေမှတပုံကြီးရယ်..."
"First year က ပုံတွေလည်းရှိသေးတယ်... ငါ ပြမယ်..."
စိုးမိုးသူဟာ ထက်ယံရဲ့ အရင်နှစ်က ပုံတွေပါ ထုတ်ပြသေးတာလေ။
ဒါတွေကိုမြင်ခြင်းအားဖြင့် ထက်ယံအပေါ်ကို သူဘယ်လောက်ရူးသွပ်နေတယ်ဆိုတာ သိနိုင်နေပြီလေ။
"ငါ နင့်ဆီက သိချင်တာကဟာ... သူ ဘာတွေကြိုက်တတ်လဲ? ဘာအစားစာကိုကြိုက်တတ်လဲ? သူ ဘယ်လိုအရောင်ကို သဘောကျလဲဆိုတာတွေ ငါသိချင်တာ သိလား?"
"အယ် ငါ အဲဒါတွေတော့ ဘယ်လိုလုပ်ပီးသိမှာလဲ စိုးမိုးသူရယ်..."
"ဟဲ့ နင်တို့က သူငယ်ချင်းတွေ မဟုတ်ဘူးလား?"
"သူငယ်ချင်းဆိုပေမယ့် ငါက သူ့အပေါ် အရေးတယူလုပ်ပြီး ဆက်ဆံခဲ့တာမျိုးမှ မရှိတာ စိုးမိုးသူရယ်... ကဲပါ ငါ နောက်နေ့တွေ တစ်ခုချင်းစီမေးပေးထားမယ်လေ"
"တစ်ရက်တည်းနဲ့ အကုန်လည်း မမေးလိုက်နဲ့ဦးနော်။ သူ ခေါင်းရှုတ်သွားမယ်..."
"အမယ်လေး... ငါ့ကို နင်အခုလို ခေါင်းစားနေတာကရော ငါက ခေါင်းမရှုတ်ရဘူးလား... သူ့လင်ကို သိတတ်ပြနေတာ"
"အော် နင်က င့ါသူငယ်ချင်းလေ... ဟိုက ငါ့ လင်တော်မောင်..."
"သေနာ..."
နေ့လည်ဖက်မှာတော့ စိုးမိုးသူအိမ်မှာပဲ ထမင်းစားဖြစ်ကြပြီး ညနေပိုင်းမှာ လှည်းတန်းသွားပြီး မုန့်ပတ်စားဖြစ်ကြသေးတယ်။
အက်ဖီနဲ့ စိုးမိုးသူကို အတူတူတွဲပြီး ကျောင်းက လူတစ်ချို့လည်း မြင်သွားကြသေးတယ်လေ။
ညနေပိုင်းကျတော့ ရန်ကုန်မိုးက သိတဲ့အတိုင်း။
သည်းမဲလာတယ်။
ကံကောင်းချင်တော့ စိုးမိုးသူမှာ ထီးပါလာတယ်ဆိုတော့ နှစ်ယောက်သား ထီးတစ်ချောင်းအောက်မှာ မိုးရေမစိုရလေအောင် လမ်းလျှောက်ရတော့တာပေါ့။
ညနေ သိပ်မမှောင်ခင်မှာပဲ စိုးမိုးသူက အက်ဖီ့ကို အိမ်ပြန်လိုက်ပို့ပေးခဲ့တယ်။
တစ်နေ့လုံး အတူတူရှိနေစဉ် စကားတွေပြော၊ စားကြ၊ သောက်ကြ၊ ဆက်ဖီဆွဲကြရင်း Post တောင်တင်ဖြစ်ခဲ့ကြတယ်ဆိုတော့ အက်ဖီနဲ့ စိုးမိုးသူလည်း အချိန်တိုအတွင်း သိပ်ကိုရင်းနှီးသွားတယ်လို့ ယူဆလို့ရတယ်လေ။
-------------------------------------
အက်ဖီ ဒီနေ့ကျောင်းလာတော့ နောက်မကျသလို၊ စောလည်း စောမနေဘူး။
ကားမှတ်တိုင်ကနေ မေဂျာဆီလျှောက်တဲ့ လမ်းမှာတော့ ခါတိုင်းနေ့တွေထက် လူတွေဟာ အက်ဖီ့ကို လှည့်ကြည့်၊ လှည့်ကြည့်လုပ်နေတာ သတိထားမိတယ်။
အက်ဖီ့လိုချောမောလှပပြီး လူတိုင်းငေးရတဲ့လူအဖို့ လူတွေဒီလိုငေးတာကို သိပ်အရေးတယူလုပ်စရာမလိုပေမယ့် ဒီနေ့ လူတွေ ကွက်ကြည့်၊ ကွက်ကြည့်လုပ်တဲ့မျက်ဝန်းတွေက ခါတိုင်းနဲ့မတူဘူး။
အရင်က ငေးကြည့်ခံရတာဟာ ချောလို့၊ လှလို့သက်သက်ပဲ။
အခုက ဘေးက မတွေ့တဲ့လူကိုပါ လက်တို့တို့ပြီး လှမ်းကြည့်ကြတဲ့အထိ။
ဘာလဲ ညနေတိုင်း တီချယ့်ကားနဲ့ ဖယ်ရီဝန်းကို သွားနေတာကိုများ သူတို့တွေ သိသွားကြလို့လားဆိုပြီး စိုးရိမ်မိသေးတယ်။
စိုးရိမ်တယ်ဆိုတာ တီချယ့်အတွက်ပါ။ အက်ဖီ့အတွက်က တီချယ်နဲ့ သတင်းထွက်တာတောင် ပိုကြိုက်သေးတာ။
ဒါမှ အနားမှာ ရစ်သီသီလုပ်နေကြတဲ့ ယင်ကောင်လိုကောင်မျိုးတွေနဲ့ ခပ်ကင်းကင်းဖြစ်သွားမှာလေ။
အတန်းထဲရောက်တော့လည်း အတန်းထဲက လူတွေက ကွက်ကြည့်၊ ကွက်ကြည့်နဲ့။
တခုခုတော့ လွဲနေပြီဆိုတာ သတိထားမိတယ်။
ထက်ယံရှိနေရင်တော့ ကောင်းသား။
သူဆို ဘာဖြစ်နေတယ်ဆိုတာ ပြောပြမှာလေ။
အတန်းထဲက တခြားလူတွေကိုလည်း အက်ဖီ မမေးချင်။
ထက်ယံကလည်း ကျောင်းမရောက်သေးဘူးနဲ့တူတယ်။
အတန်းထဲမှာ မတွေ့။
အက်ဖီ လွယ်အိတ်လေး ချပြီး တီချယ့်ရုံးခန်းဆီတက်ခဲ့လိုက်တယ်။
ခါတိုင်းနေ့တွေလိုပဲ ပန်းတစ်ပွင့်သွားယူတာ။
ဒါပေမဲ့ ဒီနေ့ တီချယ်ကမျက်နှာကြီးတင်းလို့။
နောက်ပြီး ဘာပန်းမှလည်း မရှိဘူး။
"ချယ်... ပန်းရော..."
"မနက်တည်းက လာပေးသမျှ ပန်းကို လွှင့်ပစ်လိုက်ပြီ။ လိုချင်ရင် အမှိုက်ပုံးထဲ သွားကြည့်..."
"အဲ..."
ဟုတ်တယ်ဗျား။
တီချယ့်ရုံးခန်းထဲက အမှိုက်ပုံးထဲမှာ ပန်းစည်းတွေမှ နှစ်စည်း၊ သုံးစည်း။
"ချယ်ရယ်... အက်ဖီ ပန်းလာယူမယ်ဆိုတာ မသိဘူးလားဟင်?"
"သိလို့ လွှင့်ပစ်ထားတာလေ... ကဲ ပန်းမရှိဘူးမို့လား... အဲဒီမှာ ဘာရပ်လုပ်နေသေးတာလဲ? သွား ပြန်တော့..."
-------------------------------------
ဆက်ရန်...
-------------------------------------
![](https://img.wattpad.com/cover/352978268-288-k646816.jpg)
YOU ARE READING
အသည်းနင့်အောင်... ချစ်တယ်
Romanceချစ်ခြင်းကို နူးညံ့မှုလို့ ခေါင်းစဉ်တပ်မယ်ဆိုရင် ကျမ ရယ်မောမိပါလိမ့်မယ်။