Episode 4 (Z+U)

5.2K 323 10
                                    

(ZawGyi code)

မနက်အိပ်ရာနိုးတော့ လူက အီစီစီနဲ့။

ညတုန်းက အိပ်ရာဝင်တာနောက်ကျလို့ဖြစ်မယ်။

စားချင်သောက်ချင်စိတ်မရှိလို့ မာမီပြင်ဆင်ပေးထားတဲ့ မနက်စာမုန့်နဲ့ ကော်ဖီကို သေချာ မစားဖြစ်ခဲ့ဘူး။

ခေါင်းက မူးဝေနေတော့ ကျောင်းသွားဖို့ ပြင်ဆင်ထားတာတောင် သာမန်လောက်ပဲ။

မျက်နှာသစ်၊ နေပူခံ Sun Cream တစ်မျိုးနဲ့ နှုတ်ခမ်းနီ ပါးပါးလောက်သာ လိမ်းခြယက်ပြီး မာမီနဲ့အတူ မနက်စာ ထိုင်စားဖြစ်တာ။

'အက်ဖီရေ... ညည်းစားတာလည်း နည်းလိုက်တာနော်... လူလည်း ကြည်ဦး... အရမ်းကြီးကို ပိန်လှီနေပြီ'

'အဲဒါ ဘော်ဒီတောင့်တယ်လို့ခေါ်တယ် မာမီရဲ့... ကဲ သွားပြီ မာမီရယ်... သိပ် မစားနိုင်ဘူး၊ ညက အိပ်ရာဝင်တာ နောက်ကျတယ်လေ... ကျောင်းရောက်မှ နေ့လည်စာကို များများစားလိုက်ပါ့မယ်...'

မာမီစိတ်ချရအောင် ချော့မော့ပြောပြီး အက်ဖီ ဖယ်ရီမှီအောင် ပြေးရသေးတယ်။

ဒီလိုနဲ့ ကျောင်းကိုတော့ အချိန်မီရောက်ခဲ့ပေမယ့် လူက လန်းလန်းဆန်းဆန်းတော့ မဟုတ်ဘူးပေါ့။

မနက်ပိုင်း အတန်းချိန်တွေကို မြန်မြန်ပြီးပါစေလို့သာ ဆုတောင်းရင်း ဖြတ်ကျော်ခဲ့တာ။

ဘာဖြစ်လို့လဲဆိုတော့ မနက်က အိမ်မှာတုန်းက မနက်စာ သေချာမစားခဲ့ဘူးဆိုတော့
ဖယ်ရီစီးဘာစီးနဲ့ ကျောင်းခန်းထဲရောက်တော့ ဗိုက်က သိသိသာသာဆို ဆာနေပြီ။

အတန်းထဲ ဘယ်သူ့ဆီမုန့်ပါလဲဆိုပြီး လိုက်မေးပါသေးတယ်။

ဒါမဲ့ ဘယ်သူ့မှာမှ မုန့်ပါမလာ။

ဒါနဲ့ပဲ နေ့လည်ကျောင်းဆင်းတာနဲ့ Canteen ကို အက်ဖီတို့ တန်းပြေးရတော့တာပေါ့။

နေ့လည်ကျောင်းဆင်းချိန်ဆို Canteen မှာ အစားသောက်မှာလို့ရဖို့နေနေသာသာ ထိုင်ခုံလေးတစ်ခုံရဖို့တောင် ဘယ်လိုခက်ခဲလဲဆိုတာ ဒဂုံကျောင်းတက်ဖူးတဲ့လူတိုင်း သိလောက်မှာပါ။

Canteen ဆောင်တိုင်း လူတွေမှ အပြည့်။

အက်ဖီ့အတွက်က မသိရင် ဆီးသွားချင်နေတဲ့လူ အိမ်သာရှိနေမိသလို...

ဆာနေတဲ့ဗိုက်ကို အောင့်အင်းကာ လက်နဲ့ ဖိထားရင်း ထိုင်ခုံလိုက်ရှာမိတာ Canteen သာ ၃ ခုပြည့်သွားတယ်။

ထိုင်ခုံလွတ်ဆိုတာ တွေ့ကို မတွေ့ရ။

ဖြစ်ချင်တော့ ဒီနေ့မှ ထက်ယံကလည်း ကျောင်းမလာဘူး။

တကယ်လို့ ကျောင်းလာတယ်ဆိုရင် အက်ဖီက သူ့ကို တစ်ချိန်လောက်ကြိုပြီး Canteenမှာ နေရာသွားဦးခိုင်းတာမျိုး အကူညီတောင်းလို့ရသေး။

အတန်းထဲမှာကလည်း အက်ဖီနဲ့တရင်းတနှီးရှိတာဆိုလို့ ထက်ယံတစ်ယောက်တည်းရှိတာ။

ဝါ၀ါတို့ ငယ်လေးတို့ဆိုတာက သူတို့ အတွဲနဲ့သူတို့။

အက်ဖီနဲ့ မေးထူးခေါ်ပြောတော့ရှိပေမယ့် သိပ်ပြီး ပြူပြူငှာငှာမျိုးဆိုတာ မရှိကြ။

နောက်ပြီး ပိုဆိုးတာက ၀ါဝါတို့က အက်ဖီနဲ့ တွဲယှဉ်သွားရမှာကို တော်တော်လေး ၀န်လေးနေတတ်သေးတာ။

'နင့်ဆို တွေ့တဲ့လူတိုင်းက လည်ပြန်ငေးငေးသွားကြတာ အက်ဖီရဲ့။ ငါတို့အရင်က အဲဒီလို မကြုံဖူးတော့... နင်နဲ့အတူတွဲသွားရင်း အဲဒီလို အကြည်ခံရတာကို လိပ်ပြာမလုံဘူးရယ်... မသိရင်ပဲ ငါတို့မျက်နှာမှာ တစ်ခုခုပေနေတာလား... ဒါမှမဟုတ် ထမီများပြဲနေတာလားဆိုပြီး မလုံမလဲတွေဖြစ်လာရော'

ဝါ၀ါ အဲဒီလို ၀န်ခံလိုက်တဲ့နေ့ကစပြီး အက်ဖီဟာ အိမ်သာသွားချင်ရင်တောင် မိန်းကလေးအဖော်ခေါ်တာမျိုးမလုပ်တော့ပဲ ကွကိုတစ်ယောက်တည်း သွားတတ်အောင် လေ့ကျင့်ခဲ့လိုက်မိတာ။

အတန်းထဲမှာဆိုရင်တော့ သူတို့က အားကိုးရပေမယ့် အတန်းအပြင်၊ အတူတူသွားဖို့ဆို နင်းကန်ပြီး ငြင်းတတ်ကြတာလေ။

အဲဒိတော့ ထက်ယံ ကျောင်းမတက်တဲ့နေ့ဆို အက်ဖီသိသိသာသာ တစ်ယောက်တည်း ဖြစ်နေလေ့ရှိတယ်။

အခုလည်းကြည့်။ ဗိုက်က ဆာတာမှ အူခေါက်တော့မယ်။

အခုထက်ထိ ထိုင်ဖို့နေရာလေးတစ်ခုတောင် ရှာမတွေ့။

ပါဆယ်မှာဖို့ကျပြန်တော့လည်း ဆိုင်က ထိုင်စားတဲ့လူတွေကိုတောင် လက်မလည်အောင် ရောင်းနေရတာ၊ အက်ဖီ့လို ပါဆယ်သမားကို အရေးတယူနဲ့ ရောင်းပေးမယ်တဲ့လား?

နောက်ဆုံး လက်လျော့ပြီး ရယ်ဒီမိတ်မုန့်တစ်ခုနဲ့ မနက်စာ နှစ်ပါးသွားရဖို့ကိန်းမြင်ကာ အက်ဖီ တတိယမြောက် Canteenထဲမှာ ပြန်ထွက်ဖို့ ပြင်ဆင်လိုက်ရတယ်။

'အက်ဖီ... အက်ဖီရေ.... အက်ဖီ...'

အသည်းသန် နာမည်ကိုခေါ်ရင်း အနားကိုရောက်လာတဲ့ ကျောင်းသားတစ်ယောက်။

သေချာတာကတော့ အက်ဖီ သူ့ကို မသိ။ တွေ့လည်း မတွေ့ဖူးဘူး။

'အက်ဖီ ကျတော့်ကို မသိဘူးဆိုတာ ကျတော်သိပါတယ်။ အော် အရင်ဆုံး တောင်းပန်ပါရစေနော်...'

'ဘာဖြစ်လို့လဲ?'

'အက်ဖီ့နာမည်က အရေ့ကနေ မ,တပ်ခေါ်ရမှာ ခက်ခဲနေလို့ အက်ဖီလို့ပဲ တရင်းတနှီးခေါ်လိုက်မိလို့ပါ...'

'အာ... ရပါတယ်။ အဲဒီအတွက်ဆို တောင်းပန်စရာမလိုပါဘူး... ဒါနဲ့ ရှင် အက်ဖီ့ကိုခေါ်တာ ဘာကိစ္စလဲ?'

'အက်ဖီ Canteenမှာ နေ့လည်စာ လာစားတာမို့လား... ကျတော့်ဝိုင်းမှာ ထိုင်ခုံအလွတ်ရှိတယ်။ နောက်ပြီး ကျတော် ထမင်းကြော်လည်း ၂ ပွဲတောင် မှာထားပြီးသား...'

'ဘာလဲ... အက်ဖီ ဒီကိုလာမယ်ဆိုတာကို သိလို့လုပ်ထားတာလား? ဒါမှ မဟုတ် စောင့်နေတဲ့ သူငယ်ချင်းရောက်မလာလို့လား?'

'စောင့်နေတဲ့ သူငယ်ချင်းမရှိပါဘူး။ အက်ဖီ မနက်တည်းက ဗိုက်ဆာပြီး အတန်းထဲမှာ မုန့်လိုက်မေးနေတာကို ကျတော် သိခဲ့ရလို့ပါ'

'ဒါဆို ရှင်က အက်ဖီတို့ အတန်းထဲကလား?'

'မဟုတ်ဘူး... ကျတော်က ပထဝီက...'

မဆီမဆိုင်။ စာသင်ခန်းထဲမှာ အက်ဖီ မုန့်လိုက်ရှာတာကို ထိုလူသိနေတဲ့အတွက် အက်ဖီ အံ့သြမိတာ မဆန်းပါဘူး။

'အဲဒါက ဒီလိုပါ။ အက်ဖီ မုန့်လိုက်မေးနေတဲ့အချိန် ကျတော်က အက်ဖီတို့အတန်းထဲက လူတစ်ယောက်ကို အက်ဖီ အကြောင်းတွေလှမ်းနေရင်း သိခဲ့ရတာပါ...'

'ကျမ အကြောင်း လှမ်းမေးတယ် ဟုတ်လား?'

အက်ဖီ့မေးခွန်းကို ထိုလူက  ချက်ချင်းမဖြေသေးပဲ ခေါင်းလေးပုကာ ရယ်ကျဲကျဲလုပ်နေသေးတယ်။

'ဟုတ်ပါတယ်... ကျတော် အက်ဖီ့ကို စိတ်ဝင်စားလို့ပါ...'
'အော်.... ဒါနဲ့ ရှင့်ကို အက်ဖီ့သတင်းတွေ ဖောက်သည်ပြန်ချပေးနေတာ ဘယ်သူလဲ?'

'အဲဒါကိုတော့ မပြောပါရစေနဲ့လား... ကျတော့်ကို သူက ကူညီနေတာလေ... သူကလည်း သူ့နာမည်ကို မဖော်ပါနဲ့ဆိုလို့...'

တကယ့်ကို တရေးတယူနဲ့တောင်းဆိုနေလို့ အက်ဖီ ထိုကိစ္စကို ဆက်မမေးဖြစ်တော့။

နောက်ပြီး အက်ဖီကိုယ်တိုင်ကလည်း ကိုယ့်အကြောင်းကို ဘယ်သူပြောပြော စိတ်ဝင်စားတတ်တဲ့ လူစားမျိုးမဟုတ်ဘူးလေ။

အလေးနက် မထားမိတာလည်း ပါတာပေါ့။

အက်ဖီလောလောဆယ်သိတာ... ဗိုက်ဆာနေတာ ရပ်တံ့ဖို့ တစ်ခုခုစားဖို့ပဲ။

ဒီတော့ အက်ဖီလည်း သွသူ အက်ဖီ့ကို ပိုးနေတာပဲဖြစ်ဖြစ်၊ မျက်နှာလိုမျက်နှာရလုပ်နေတာပဲဖြစ်ဖြစ် စိတ်မဝင်စားဘူး။

ထိုလူပေးတဲ့ ထိုင်ခုံမှာ ထိုလူမှာပေးထားတဲ့ ထမင်းကြော်ကို အေးအေးလူလူစားရင်းဗိုက်ပြည့်ဖို့ပဲ သိနေတာဆိုတော့ ထိုလူ ၂ ခါတောင် ခေါ်စရာမလိုပဲ အက်ဖီလည်း Canteen ထိုင်ဖြစ်သွားတယ်။

အက်ဖီတို့ စားကြသောက်ကြရင်းနဲ့ ထိုလူက အက်ဖီ့ကို ကျောင်းစတက်တည်းက သတိထားမိကြောင်း၊ အက်ဖီ့မှာချစ်သူရှိနေမှာစိုးလို့ ရှေ့မတိုးရဲတာဖြစ်ကြောင်းတွေပြောသေးတာ။

ပြီးတော့ ထက်ယံနဲ့လည်း အက်ဖီ့ကို သူငယ်ချင်းထက်ပိုလားဆိုပြီး မေးသေးတယ်။

အက်ဖီလည်း သူကျွေးနေတဲ့ ထမင်းကြော်ကို စားနေရတာဖြစ်လို့ ထိုလူမေးသမျှကို အကုန်လုံး အမှန်တိုင်းဖြေခဲ့လိုက်တယ်လေ။

စားပြီးသောက်ပြီးတော့ အက်ဖီ့ထမင်းကြော်ဖိုးကို အက်ဖီပဲ ရှင်းခဲ့လိုက်ပါတယ်။

ဘာပဲဖြစ်ဖြစ် ဗိုက်ပြည့်သွားရတဲ့အတွက်တော့ အက်ဖီ ထိုလူ့ကို ကျေးဇူးတင်မိတာ အမှန်။

'ရှင် အက်ဖီ့ကို စိတ်ဝင်စားနေတယ်ဆိုတာ အက်ဖီသိသွားပြီလေ...အဲဒီတော့...'

'အဲဒီတော့ အက်ဖီ့ထုံးစံအတိုင်း... လောလောဆယ်တော့ ရည်းစားထားဖို့ စိတ်ကူးမရှိသေးဘူး၊ တကယ်လို့ ရည်းစားထားဖို့ စိတ်ကူးရှိလာခဲ့ရင်တော့ ကျတော့်ကို ဦးစားပေးစဉ်းစားပေးပါ့မယ်လို့ ပြောဦးမလို့မဟုတ်လား?'

'ဟင်.... အက်ဖီ အဲ့လိုပြောတတ်လေ့ရှိတယ်ဆိုတာ ရှင်က ဘယ်လိုလုပ်ပြီးသိတာလဲ?'

'အော်... ချစ်မိတော့လည်း စုံစမ်း... မေးမြန်းထားရတာပေါ့ဗျာ...'

ထိုလူကမျက်နှာငယ်လေးနဲ့ပြောတော့ အက်ဖီအားနာစွာ ပြုံးမိတယ်။ ပြီးတော့ ထိုလူ့ပခုံးကို အက်ဖီ နွေးထွေးစွာ လှမ်းကိုင်ရင်း အားပေးပြုံး ပြုံးပြမိတယ်။

'တခြားလူတွေကို တုန့်ပြန်သလိုပဲ ရှင့်ကို တုန့်ပြန်တယ်ဆိုပေမယ့်... တခြားလူတွေနဲ့ထက် ရှင်က အသာရတာ တစ်ခုတော့ ရှိတယ် သိလား? အဲဒါဘာလဲဆိုတော့... အက်ဖီ တော်ရုံလူနဲ့ အခုလို စားပွဲတစ်ခုတည်း ထိုင်စားလေ့ မရှိဘူးလေ... အဲဒီတော့ ရှင့်မှာ အားလုံးကို ဖြတ်ကျော်နိုင်မယ့်အလားလာ... ရှိပါတယ်...'

အက်ဖီ့စကားကြောင့် ထိုလူတော်တော်လေး ပျော်သွားတယ်နဲ့တူပါတယ်။

ပြုံးရင်း လှိုက်လှိုက်လှဲလှဲခေါင်းညိတ်ပြရှာတယ်။

'နှစ်သိမ့်နေတာပဲဖြစ်ဖြစ်... တကယ့်စိတ်ရင်းနဲ့ပြောတာပဲဖြစ်ဖြစ်... ဘာပဲဖြစ်ဖြစ်ပါ... ကျတော် ကျေနပ်ပါတယ် အက်ဖီ'

'အိုကေ... အာ့ဆို အက်ဖီ့ကို ခွင့်ပြုဦး...'

'ဟုတ်ကဲ့...'

အက်ဖီ အယဉ်ကျေးဆုံး ပြုံးပြနှုတ်ဆက်ရင်း ထိုစားပွဲဝိုင်းလေးဆီက ထထွက်ခဲ့မိတယ်။

အဲဒီမှာပဲ အက်ဖီ မထင်မှတ်စွာဖြင့် ရင်ဆိုင်လိုက်ရတဲ့ မျက်ဝန်းတစ်စုံ။

'ဟင်... တီချယ်...'

ဟုတ်ပါတယ်။

တီချယ်ဟေမာန်ဟာ အက်ဖီနဲ့ ထိုလူ့ဝိုင်းကို သွေးအေးအေးနဲ့ လက်ပိုက်ပြီးကို ရပ်ကြည့်နေတာ။

အက်ဖီလည်း တီချယ့်အကြည့်တွေနဲ့ ခလုတ်တိုက်သွားတော့ လူက တကိုယ်လုံး သွေးတွေစုတ်ခံရလိုက်သလို ဖြူစုတ်စုတ် ဖြစ်သွားရပြီ။

အထင်လွဲမှာကိုကြောက်တဲ့စိတ်က အက်ဖီ့လက်ဖျားတွေကို အေးစက်စေနိုင်တယ်။

အက်ဖီ ရှေ့တစ်လှမ်းထပ်တိုးကိုပင် အားအင်မရှိတောသလိုကြီး။

ဒါပေမဲ့ တီချယ်ကတော့ အက်ဖီ့ကို သွေးအေးအေးနဲ့ အကြည့်ချင်းရှောင်ပြီး အနားက သူမရဲ့ကားပေါ်ကိုတက်ကာ ကားကို မောင်းထွက်သွားတယ်လေ။

'အက်ဖီ... ဘာဖြစ်လို့လဲ?'

လူက အသက်မဲ့သွားသလို ဒီအတိုင်းရပ်နေရင်းမှ တီချယ့်ကားကို လိုက်ကြည့်မိနေစဉ် အခုန အက်ဖီနဲ့အတူတူထိုင်တဲ့လူက အက်ဖီ့နောက်နားကိုရောက်လာပြီးမေးတယ်။

'အခုန စားပွဲက ထသွားတော့ အက်ဖီက အေးအေးဆေးဆေးပါ။ အခုမှ ဘာဖြစ်သွားတာလဲဟင်?
နေမကောင်းဘူးလား... အက်ဖီ့ကိုကြည့်ရတာ ဖြူစုတ်စုတ်နဲ့...'

'ဟင့်အင်း... ဟင့်အင်း... ဘာမှ... ဘာမှမဖြစ်ပါဘူး... အက်ဖီ့ကိုခွင့်ပြုပါဦး...'

အက်ဖီ ထိုလူ့ကိုပင် လှည့်မကြည့်ပဲ နှုတ်ဆက်စကားပြောကာ စာသင်ဆောင်ဆီသို့ ခြေလှမ်းတွေကို ဦးတည်လိုက်မိတယ်။

တခြားလူတွေနဲ့ မတူပဲ ဘာလို့ တီချယ့်ဆီမှာက အက်ဖီ့အတွက် အဲဒီလို အရမ်းသူစိမ်းဆန်လွန်းတဲ့ အကြည့်တွေ ရှိနေရတာလဲဟင်?

ကိုယ့်ကို သူစိမ်းဆန်ချင်လွန်းနေသူကိုမှ မက်မက်မောမော ခင်တွယ်မိနေခြင်းဟာလည်း အက်ဖီ့အတွက် ၀ဋ်ကြွေးတစ်ခုပေပဲလား?

-------------------------------------

ကျောင်းဆင်းခဲ့တာလည်းကြာပြီ။ ရေချိုးခေါင်းလျှော်ပြီး စာကြည့်စားပွဲမှာတောင် ထိုင်မိနေပြီ။

ဒါပေမဲ့ အက်ဖီ့ကို စိုက်ကြည့်သွားတဲ့ တီချယ့်မျက်ဝန်းတွေက အက်ဖီ့အာရုံမှာ စွဲထင်ကျန်နေတုန်း။

အက်ဖီ့ကိုဆို ဘာလို့ သူစိမ်းဆန်လွန်းနေတာလဲဆိုတာ အက်ဖီ နားမလည်နိုင်။

အက်ဖီက တီချယ်မကြိုက်တဲ့ ဘာအမှားတွေကိုများ ကျူးလွန်မိနေလို့လဲဟင်။

ဖြစ်နိုင်ရင် အက်ဖီလေ... တီချယ်ဟေမာန့်အကြောင်းကို စိတ်ကူးထဲက ထုတ်ပစ်ချင်တာ။

သူမုန်းတာကိုလည်း စိတ်မဝင်စားသလို နေနိုင်ရင် သိပ်ကောင်းမှာပဲနော်။

အခုတော့...😔

စိတ်ညစ်မှုနဲ့အတူ အံဆွဲကို ဖွင့်ကာ အတွင်းမှ စာအုပ်ထုတ်ဖို့ လက်ကမ်းလိုက်စဉ်... လက်ထဲ လိမ့်လာတဲ့ နားကပ်လေးတစ်ဖက်။

ထိုနားကပ်လေးက အက်ဖီ လေဒီကြီးနဲ့ဆုံခဲ့စဉ်က အက်ဖီကိုယ်တိုင်ဖြုတ်ပေးခဲ့မိတဲ့ နားကပ်လေး။

အဲဒီနေ့ညက တစ်ညလေးသာ ဆုံပြီးနောက်ပိုင်း အက်ဖီ ထိုလေဒီနဲ့ လုံးဝကို ပြန်မဆုံဖြစ်တော့တာ အံ့တော့ အံ့သြစရာ။

ဒါမှမဟုတ် ပြန်ဆုံရဲ့သားနဲ့ အက်ဖီကိုယ်တိုင်ပဲ သေချာမမှတ်မိလို့ ပြန်မဆုံဘူးလို့ ထင်နေမိတာလား?

အက်ဖီက မမှတ်မိဘူးဆိုရင်တောင် ထိုလေဒီက မှတ်မိလောက်မှာပါ။

အင်းပေါ့ ... နှစ်ယောက်စလုံး မမှတ်မိကြတာဆိုရင်တော့ ဒါဟာ ကံတရားပဲလေ...

ထပ်ဆုံဖို့ ကံပါရင်တော့ ဆုံကို ဆုံမှာပါ...

အက်ဖီ မျက်လုံးတွေမှိတ်ထားရင်း အဲဒီလေဒီရဲ့မျက်နှာကို အာရုံမှာပေါ်လာအောင် ကြိုးစားမိတယ်။

ဒါပေမဲ့ အာရုံမှာ ထင်ထင်ရှားရှားပေါ်လာတဲ့ ပုံရိပ်က ထိုလေဒီ့မျက်နှာမဟုတ်။

အက်ဖီ့ကိုနေ့လည်က မုန်းတီးရွံရှာစွာစိုက်ကြည့်နေတဲ့ တီချယ်ဟေမာန်ရဲ့ မျက်နှာ။

အက်ဖီ ၀ုန်းခနဲ ထထိုင်ရင်း ခေါင်းကို ခါထုတ်ပစ်လိုက်မိတယ်။

အင်းပေါ့... ခုခါထုတ်ပစ်မိလည်း ခဏပါပဲ။

တကယ်ကို ခဏလေးပါပဲ။

ပြီးတာနဲ့ တီချယ့်ပုံရိပ်တွေက အက်ဖီ့အာရုံထဲ ပြန်ဝင်လာဦးမှာပါ...

တစ်ခုခုတော့ တစ်ခုခုပဲ။

အက်ဖီဟာ တီချယ်ဟေမာန့်မျက်ဝန်းတွေနဲ့ ရင်းနှီးဖူးနေသလိုပဲ...

အဲဒီမျက်ဝန်းတွေက အက်ဖီ့ကို ဘယ်လောက်ပဲ စိမ်းကားနေပါစေပေါ့...

-------------------------------------

'အက်ဖီ... နင်တော့ မြွေပွေးကိုက်ပြီ...'

ကျောင်းကို ဒီနေ့ရောက်တာ နဲနဲနောက်ကျတယ်ဆိုတော့ ကားမှတ်တိုင်ကနေ မပြေးရုံတမယ် ခြေလှမ်းတွေနဲ့ စာသင်ဆောင်ဆီသို့ လျှောက်ခဲ့ရတာ။

အခန်းထဲရောက်တာနဲ့ ထက်ယံဆီက ကြားလိုက်ရတဲ့ စကားက လူကို ရင်စို့စေတယ်။

'ဘာဖြစ်လို့လဲ... ငါ ဘာများ လုပ်မိလို့လဲ?'

'နင့်ကို တီချယ်ဟေမာန် ရေလည် ဒေါပွနေတယ်...'

'ဘာလို့လဲ... ဘာလဲ မနေ့ နေ့လည်က ငါ Canteen မှာ... လူတစ်ယောက်နဲ့ ထမင်းအတူတူထိုင်စားလိုက်လို့လား... ဟုတ်လား...'

အက်ဖီစိုးရိမ်ကြောက်လန့်စွာဖြင့် မေးသာ မေးနေတာ။

ထက်ယံက အက်ဖီဘာတွေပြောနေတာလဲဆိုတာကိုတောင် သေချာသိပုံမပေါ်ဘူး။

'နင်က ဘာတွေပြောနေတာလဲ?'

'ငါ ငါထင်တာပြောနေတာလေ... နင်ပဲ ငါ့ကို တီချယ်ဟေမာန် ဒေါပွနေတယ်ဆို...'

'အေးလေ...'

'အာ ထူပူနေပြီဟာ... ကဲ ငါ့ကိုဒဲ့သာပြောတော့... တီချယ်ဟေမာန်က ငါ့ကိုဘာလို့ ဒေါပွနေတာလဲ?'

'မနက်က ငါတို့ မေဂျာရှေ့မှာ ပထဝီကကောင်တွေနဲ့ Lawက ကောင်တွေ ချကြတယ်...'

'သူတို့ချတာနဲ့ ငါ့ကိုတီချယ်က ဒေါပွတာ ဘာဆိုင်လို့လဲ?'

'ဟဲ့ သူတို့ ရန်ဖြစ်ရတဲ့ အကြောင်းရင်းက နင်လေ...'

'ဟင်... ဘာဆိုင်လို့လဲ...'

'အေး အဲဒီထဲက တစ်ကောင်က နင်နဲ့ Canteen အတူတူထိုင်ဖူးတယ်တဲ့... နောက်တစ်ယောက်က ညနေ ကျောင်းအတူတူပြန်ဖူးတယ်တဲ့... အဲဒါနဲ့ နင့်ဆီက အခွင့်ရေးကို သူပိုရတယ်၊ ငါပိုရတယ်ဆိုပြီး ချကြတာ...'

'ဟားးးး... ဒီကောင်တွေ တကယ့်ငကြောင်တွေပါလားနော်...'

'အေး ... သူတို့ကြောင်တာ မကြောင်တာ အသာထား။ နေစမ်းပါဦး။ နင်ကရော ဘာလို့ သူတို့နဲ့ သွားပတ်သတ်ရတာလဲ?'

'အာ... ငါက ဒီအတိုင်းပါဟာ... ဘာရည်ရွယ်ချက်မှ မရှိပါဘူး။ နောက်ပြီး အယွတ်စွအဆုံးပြောမယ်... ငါ သူတို့တွေကိုတောင် မသိဘူရယ်... နာမည်တွေလည်း မမှတ်မိဘူး...'

'အက်ဖီရာ...နင်တော့ ပြဿနာပဲ...'

'ကဲ ကဲ... အခု တီချယ်က ဘာတဲ့လဲ... ငါ့ကို တီချယ်ဒေါခွီးတာ နင်က ဘယ်လိုလုပ်ပြီးသိတာလဲ?'

'ခုနလေးတင် အတန်းရှေ့က လာအော်သွားတာ။ အတန်တန် သတိပေးထားရက်နဲ့ အရှုတ်တွေကို လုပ်ရဲတဲ့ အက်ဖီ ဘယ်မှာလဲဆိုပြီး... နင်လာရင် သူ့ဆီလွှတ်လိုက်တဲ့...'

'ဟား... သေပီ...'

'အေး... သေ... သေ... လုပ်တုန်းက လုပ်ပြီး...'

'လာဟာ... ထက်ယံ... နင်ပါလိုက်ခဲ့...'

'အာ မလိုက်ခဲ့ပါဘူး... ငါတောင် ကြောက်လို့...'

အက်ဖီ တီချယ့်ရှေ့ မျက်နှာချင်းတော့ မဆိုင်ရဲတာ သေချာတယ်။

ဒါပေမယ့်လည်း သေချာပြန်တွေးကြည့်တော့...သူတို့ဘာသာသူတို့ရန်ဖြစ်တာ အက်ဖီနဲ့ ဘာဆိုင်လဲနော်။

အကူညီလိုနေတဲ့အချိန် သူတို့ဆီက မဖြစ်စလောက်အကူညီလေးကို ယူမိတာပဲရှိတာ။

ဒါကို သူတို့က ပွဲရှာနေတာ။

စိတ်တွေလည်း ဆင်းရဲရပါတယ်နော်။

အစတည်းက တီချယ်ဟာ အက်ဖီ့ဆို နေရင်းထိုင်ရင်းနဲ့ မုန်းနေရတဲ့ကြားထဲ။

အခု မေဂျာရှေ့မှာ အက်ဖီ့ကြောင့်ရန်ပါ ဖြစ်ကြတယ်ဆိုတော့... တီချယ်ဟာ အက်ဖီ့ကို ဘယ်လောက်တောင် မုန်းတီးနေပြီလဲ မသိဘူး။

အက်ဖီရှင်းပြရင်လည်း အဲဒီတယူသန်ဒေါ်ဟေမာန်က နားထောင်ပေးမှာလည်း မဟုတ်ဘူး။

ဟူးးးး...

'အက်ဖီ.... အခုမှ သက်ပြင်းတချချလုပ်မနေနဲ့... သွား ... နင့်ကို လာတာနဲ့ ရုံးခန်းထဲ လွှတ်လိုက်တဲ့။ သေချာပြောသွားတာ... သွားတော့...'

'နင်ကလည်း လိုက်ခဲ့ပါဆို...'

'ဟေ့အေး... အဲ့နေ့က ငါလည်း ကျောင်းမတက်ဘူး... နင်ပဲ ကိုယ့်ကိစ္စကိုယ်ရှင်း...'

'လုပ်ပါ သူငယ်ချင်းရယ်... နင့်ကို ငါ မုန့်ဝယ်ကျွေးပါ့မယ်ဟယ်...'

အက်ဖီ အသာနားခံရင်း ထက်ယံရဲ့ လက်မောင်းတစ်ဖက်ကို ဆွဲကာ ဆွဲကာဖြင့် မျက်နှာငယ်နဲ့ အကူညီတောင်းနေမိတယ်။

'အက်ဖီ...'

အက်ဖီဟာ ထက်ယံရဲ့လက်မောင်းကိုကိုင်ဆွဲရင်း သေဖော်သေဖက်ညှိ့နေစဉ်မှာပဲ အခန်းဝမှ ဟိန်းကာ ထွက်ပေါ်လာတဲ့ အသံတစ်ခု။

အက်ဖီ လှည့်မကြည့်ပဲ သိလိုက်ပြီ။

အသံက ဒီလောက်တောင် မီးဟုန်းဟုန်းတောက်နေပြီဆိုမှတော့ အဲဒါ တီချယ်ဟေမာန့် အသံပဲပေါ့။

စိတ်မောသက်ပြင်းချရင်း တီချယ့်ဖက် လှည့်ကြည့်လိုက်စဉ် တီချယ်ဟာ မျက်ဝန်းတွေ နီရဲစွာဖြင့် အက်ဖီ့ကို စိုက်ကြည့်နေပြီ။

အတန်းထဲမှာရှိတဲ့ တခြားကျောင်းသားကျောင်းသူတွေလည်း တီချယ်နဲ့ အက်ဖီ့ဇာတ်လမ်းကို စိတ်ဝင်စားနေကြပြီ။

ဘယ်လောက်တောင် စိတ်ဝင်စားနေလဲဆိုရင် ရေသောက်ဖို့ ရေငှဲ့နေတဲ့လူရဲ့ခွက်မှာ ရေတွေက လျံကျနေပြီ၊ ဒါတောင် သတိမထားမိ၊ နောက်ပြီး နေကြာစေ့ခွာနေတဲ့ လူက ပါးစပ်တွင် နေကြစေ့ တေ့လျက်... အဲလောက်ထိတောင်ပေါ့။

'အက်ဖီ...မင်းမှာ နားမပါတာလား... ဒါမှမဟုတ် တို့ပြောတဲ့စကားကို နားလည်လောက်နိုင်တဲ့ ဦးနှောက် မရှိတာလား?'

'ဘာဖြစ်လို့လဲ တီချယ်...'

တီချယ်ဟာ အခန်းအလယ်လောက်မှာရှိတဲ့ အက်ဖီ့အနားကိုလျှောက်လာတာမျိုးလည်းမဟုတ်။

ဒီတိုင်း အခန်းရှေ့မှာရပ်ပြီး မီးဟုန်းဟုန်းဒေါသတွေနဲ့ အော်ပြောနေတာဆိုတော့ အတန်းထဲက လူတွေလည်း အက်ဖီ့ကို ၀ိုင်းကြည့်ကုန်ကြပြီ။

အက်ဖီလေ ကိုယ်လည်း အမှားမကျူးလွန်ထားပါပဲနဲ့... အဲဒီလိုကြီး ဆက်ဆံခံရတဲ့အတွက်ဝမ်းနည်းမိတာတော့ အမှန်ပဲ။

ဒါပေမဲ့ ဒီအချိန်မှာ ၀မ်းနည်းပြနေလို့လည်း မဖြစ်ဘူးဆိုတာ အက်ဖီသဘောပေါက်တယ်။

အကယ်လို့ အက်ဖီ့ဝမ်းနည်းမှုကိုသာ တီချယ်တွေ့သွားကြည့်၊ အက်ဖီတကယ်ပဲ အရှုတ်လုပ်ထားလို့ အခုလိုဖြစ်တယ်ဆိုပြီးပဲ တစ်ထစ်ချယုံကြည်ပစ်လိုက်မှာ။

'ဘာဖြစ်ရမလဲ... ဒီမနက်... တို့မေဂျာရှေ့မှာ ပထဝီက ကျောင်းသားတွေနဲ့ Law က ကျောင်းသားတွေ ရန်ဖြစ်ကြတယ်လေ...'

'အဲဒါ အက်ဖီနဲ့ ဘာဆိုင်လဲ?'

'မင်းကြောင့်ဖြစ်ကြတာလေ... မင်းက လူတိုင်းကို အထာလိုက်ပေးနေတယ်ဆိုတော့... သူတို့လည်း ဖြစ်ကြပြီပေါ့...'

'တီချယ်...အက်ဖီ ဘယ်သူ့ကိုမှ အထာမပေးဘူးနော်... '

'အထာမပေးရင် အခုလို ရန်ပွဲဆိုတာဖြစ်လာစရာကို မလိုဘူး အက်ဖီ... အခုဆို မင်းကျေးဇူးနဲ့ ငါတို့မေဂျာကို လူတိုင်းလိုလို သိနေကြပြီ။ ကောင်းသော သိခြင်းမျိုးတော့ မဟုတ်ဘူး။ ဆိုးသော သိခြင်းမျိုးနဲ့...'

'အဲဒါ သူတို့ဘာသာ တစ်ဖက်သတ်အမြင်လေ... အက်ဖီက ဘယ်သူ့ကိုမှ နစ်နာပါစေဟဲ့ဆိုပြီး ပတ်သတ်ခဲ့တာမရှိဘူး တီချယ်...'

'မင်း ယောက်ျားလေးတစ်ယောက်ရဲ့ ထီးအောက်မှာ နှစ်ယောက်တည်း ဆောင်းပြီးလိုက်တယ်၊ တခြားယောက်ျားလေးရဲ့ စားပွဲဝိုင်းမှာ ပြုံးပြုံးရွှင်ရွှင်နဲ့ ထမင်းထိုင်စားတယ်... အဲဒါတွေက ပတ်သတ်တယ်လို့ ခေါင်းစဉ်တပ်လို့မရဘူးလား အက်ဖီ... မင်းဘယ်လို မိန်းမမျိုးလဲ?'

'အက်ဖီက သာမာန်မိန်းကလေးတစ်ယောက်ပါပဲ တီချယ်... အက်ဖီ့ကို သူတို့လာကြိုက်တာကို မကြိုက်ပါနဲ့လို့ လိုက်တားမြစ်နေလို့ရမလား?'

'မင်းကို တို့က ဟိုဟာလုပ်ပါ၊ ဒီဟာလုပ်ပါလို့ ပြောနေတာ မဟုတ်ဘူး ... ဒါက မင်းဘဝ။ မင်းဘာသာမင်း ကြိုက်တဲ့လူနဲ့ ကြိုက်သလို ဖြစ်ပိုင်ခွင့်ရှိတယ်...'

'တီချယ်...'

တီချယ့်စကားတွေက အရမ်းကို ခက်ထန်လာလို့ အက်ဖီ အားကုန် အော်ဟစ်ပစ်မိတယ်။

ထိုအခါ တီချယ့်စကားသံတွေရပ်တံ့သွားလို တခန်းလုံးက ကျောင်းသားတွေလည်း အံ့သြကုန်တယ်။

တီချယ်ဟေမာန့်ဆို တီချယ်အချင်းချင်းတောင် လေးစားကြတာ။

ဒါကို အက်ဖီက အော်ပစ်လိုက်တာဆိုတော့...

'တီချယ်... အက်ဖီ... အက်ဖီ အော်လိုက်မိလို့ တောင်းပန်ပါတယ်...'

'မတောင်းပန်နဲ့။ မင်း... တို့ကို တောင်းပန်စရာကို မလိုဘူး။ အေး တစ်ခုပဲ... မင်းကြောင့် တို့မေဂျာ နာမည်ထပ်မပျက်စေ့ချင်ဘူး။ ဒီတော့ မင်းလည်း မင်းနောက်ကိုလိုက်နေတဲ့ အများကြီးထဲက တစ်ယောက်ကို ရွေးချယ်လိုက်ပါ။ ဘယ်သူပဲဖြစ်ဖြစ်... တစ်ယောက်ယောက်ကို ရွေးချယ်လိုက်ပြီဆိုပြီးပြီ...'

'တီချယ်က ဘာလို့ နေရင်းထိုင်ရင်း အက်ဖီ့ကို ရည်းစားထားစေ့ချင်နေတာလဲ...'

'မင်းအဲ့လိုရည်းစားထားလိုက်မှ... မင်းနောက်ကို လိုက်နေကြတဲ့ ကျောင်းသားတွေ လက်လျော့သွားမှာလေ... မင်းလည်း အခုလို ပြဿနာတွေနဲ့ ရှောင်လိုက်သလိုဖြစ်သွားမှာလေ...'

'အက်ဖီ ရည်းစားမထားချင်သေးဘူး...'

'မင်းရည်းစားမထားသရွေ့တော့ ငါတို့မေဂျာ နာမည်ပျက်နေဦးမှာပဲ... ရန်ဖြစ်တယ်ဟေ့ဆို... ငါတို့မေဂျာရှေ့... ရန်ပွဲဆို ငါတို့မေဂျာက ကျောင်းသူကြောင့်... အက်ဖီ... မင်း... မင်း တစ်ယောက်ယောက်ကို ရွေးလိုက်ပါ။ ဘယ်သူပဲဖြစ်ဖြစ်ရွေးလိုက်ပါ...'

အက်ဖီ့ခံစားချက်ထက် မေဂျာရဲ့ သိက္ခာကို ငဲ့ညှာပြနေတဲ့ တိချယ့်စကားတွေက အက်ဖီ့ကိုနာကျင်စေလွန်းလှပါတယ်။

'ကောင်းပြီ မဖြစ်မနေ ဘယ်သူပဲဖြစ်ဖြစ် အက်ဖီ ရွေးလို့ရတယ်နော် တီချယ်...'

အက်ဖီ ထိုကဲ့သလို့ မေးလိုက်တာ သတ္တိရှိလွန်းလို့တော့မဟုတ်ပါဘူး။

ဒါပေမဲ့... နေရင်းထိုင်ရင်း အက်ဖီ့ခံစားချက်ကို တစ်ချက်လေးမှ မငဲ့ညှာပဲ... ရည်းစားထားခိုင်းနေတဲ့ တီချယ့်စိတ်အရင်းအမှန်ကို အက်ဖီ သိချင်စွာဖြင့် မေးချလိုက်တာပဲဖြစ်တယ်။

အက်ဖီ့မေးခွန်းကို တီချယ် ချက်ချင်းမဖြေနိုင်ခဲ့။

အက်ဖီတကယ်ပဲ တစ်ယောက်ယောက်ကို ရွေးချယ်လိုက်မှာ စိုးရိမ်သွားသလိုမျိုး ခဏတာတော့ ဆွံ့အငြိမ်သက်သွားတယ်... ဒါပေမဲ့ ဒါကလည်း ခဏပါပဲ... ပြီးတာနဲ့ တီချယ်ဟာ သူ့ဘာသာ စိတ်ကို ပြန်တင်းရင်း ခေါင်းညိတ်ပစ်တယ်။

'ဟုတ်တယ်... မင်း ရွေးချယ်လိုက်ပါ... ဘယ်သူ့ကိုပဲဖြစ်ဖြစ်....'

'ကောင်းပြီ... အက်ဖီ့ကြောင့် ဒီမေဂျာမှာ ရန်ပွဲဖြစ်တာတွေ... လူစည်ကားနေတာတွေ ပျောက်ကွယ်ဖို့ အက်ဖီ မဖြစ်မနေ တစ်ယောက်ယောက်ကို ရွေးချယ်ရမယ်ဆိုရင်တော့... အက်ဖီ... တီချယ့်ကိုပဲ ရွေးမယ်... တီချယ်... အက်ဖီနဲ့ တွဲမလား?'

တကယ့်ကို အက်ဖီ အတင့်ရဲစွာဖြင့် မေးချလိုက်တာပဲဖြစ်ပါတယ်။

'ဟာ...'

'ဟယ်...'

'အက်ဖီ...'

အသည်းနင့်အောင်... ချစ်တယ်Where stories live. Discover now