Episode 14 (Z+U)

4.5K 314 25
                                    

(Zawgyi code)

တကယ်တော့ ဒီလိုဘားတို့၊ ကလပ်တို့ဆိုတဲ့နေရာကို ဟေမာန်ဘယ်တုန်းကမျှ လာဖို့စိတ်ကူးခဲ့တာမဟုတ်ဘူး။

ဖြစ်ချင်တော့ ဒီနေ့ဟာ ဟေမာန့်မွေးနေ့။

ဟေမန့်မွေးနေ့ဖြစ်သလို မိုးရဲ့မွေးနေ့ဆိုလည်း မှန်တယ်။

ဘာဖြစ်လို့လဲဆိုတော့ မိုးနဲ့ဟေမာန်ဟာ ၂ မိနစ်သာခြားတဲ့ အမွှာညီအမတွေလေ။

မိုးက ဟေမာန့်ထက် ၂ မိနစ်ကြီးတဲ့ အမပေါ့။

မိုးနဲ့ဟေမာန်ဟာ အမွှာညီအမတွေသာဖြစ်ပေမယ့် နေပုံထိုင်ပုံ၊ အယူအဆ၊ ဘ၀ဖြတ်သန်းပုံခြင်း လုံးဝ မတူဘူး။

ဟေမာန်ဟာခပ်တည်တည်၊ ခပ်အေးအေးနေထိုင်ပြီး ဘ၀ကို အလေးနက်ထားတတ်သလောက် မိုးကတော့ အဲ့လိုမဟုတ်ဘူး။

မိုးက တွေ့ရာမှာ ပျော်သလိုနေတတ်တယ်၊ ခရီးတွေထွက်ရတာကြိုက်တယ်၊ ဘ၀ကိုလည်း အလေးနက်မထားဘူး။

မိဘတွေဆုံးပါးသွားတော့ မိုးနဲ့ဟေမာန်တို့ အမွေခွဲလိုက်ကြတယ်။

အဲဒီတည်းက မိုးဟာ သူ့ပိုင်ဆိုင်မှုတွေကို Company တစ်ခုမှာ ရင်းနှီးပြီး ရတဲ့အမြတ်စွန်းတွေနဲ့ ကမ္ဘာအနှံ့ ခရီးတွေထွက်တယ်၊ ပျော်တယ်၊ ပါးတယ်။

ဟေမာန်က အချစ်ကိုတလေးတနက် တန်ဖိုးထားသလောက် မိုးကတော့ အဲ့ဒီလိုမဟုတ်ဘူး။

မိုးက တွေ့ရာလူနဲ့ပျော်အောင်နေတတ်တယ်၊ အချစ်ဆိုတာကို တစ်ညတာဖြတ်သန်းခြင်းလို့သာ ခံယူထားတတ်တဲ့လူ။

ဒါ့ကြောင့် ညီအမနှစ်ယောက်ဟာ အမွှာတွေသာဆိုတယ် အယူအဆလုံးဝ မတူဘူး။

ဟေမာန်က ဘွဲ့ရပြီး ကောလိပ်မှာကျူတာဝင်လုပ်တယ်၊ ပြီးတော့ စာသင်တယ်ပေါ့။

အဲဒီလိုဘ၀ကြီးကို မိုးက ငြီးငွေ့တယ်။

မိုးကတော့ စီးပွားရေးလုပ်တာကိုဝါသနာပါတယ်။

ဒါပေမယ့် တစ်နေရာတည်းမှာလည်း ခြေငြိမ်ငြိမ်မနေတတ်ဘူးဆိုတော့ ကိုယ်တိုင်လည်း စီးပွားရေးကို ဖိဖိစီးစီးမလုပ်ပြန်ဘူး။

ရှယ်ယာပါဝင်တာလောက်ပဲလုပ်ပြိး တစ်နှစ်တစ်ခါလုပ်တဲ့ ရှယ်ယာရှင်အစည်းဝေးကိုတောင် တက်တာမဟုတ်ဘူး။

အခုလည်း မွေးနေ့ဆိုတော့... ဒါ့အပြင် မိုး မြန်မာနိုင်ငံကိုပြန်ရောက်တာ တစ်ရက်ပဲရှိသေးတာဆိုတော့... မိုးက ဘားကိုသွားထိုင်မယ်ပြောလို့ ဟေမာန်လိုက်ခဲ့တာ။

ဒါပေမဲ့ ဟေမာန် သိပ်စိတ်ပါတာမဟုတ်ဘူးရယ်။

ဘားထဲထိုင်ပြီးတည်းက အပေါင်းသင်းများလှတဲ့ မိုးဟာ သူ့သူငယ်ချင်းတွေနဲ့ စကားလက်စုံကျနေသလောက် ဟေမန်ကတော့ မှာထားတဲ့ ၀ိုင်တစ်ခွက်ကို အေးအေးလူလူသောက်ရင်း ဒီအတိုင်း တွေးငေးနေမိရင်း ဒီဘားထဲက အမြန်ဆုံးပြန်ထွက်နိုင်မယ့်အခွင့်လမ်းကို စဉ်းစားနေမိတော့တာပေါ့။

"ဟေမာန်ရယ်... နင့်ကြည့်ရတာ အဖွားအိုလေးကျနေတာပဲ။ အရမ်းကို သွေးအေးလွန်းတယ်ဟာ"

"ငါဒီလိုပဲနေတတ်ခဲ့တာလေ မိုးရယ်... ငါ့ဘ၀နဲ့ငါ နေပျော်နေပါပြီ"

"ငါသာ နင်ဆိုရင် သေမှာပဲ ဟေမာန်ရယ်။ နင်က အခုတော့ လူနဲ့မတူဘူး။ သစ်ပင်ကြီးနဲ့တူတယ်။ မနက်ဆိုကျောင်းသွား၊ စာသင်၊ ပြီးရင် အိမ်ကိုပြန်လာ၊ နောက်နေ့မနက်ပြန်ထ၊ ကျောင်းကိုပြန်သွားနဲ့။ အဲဒီကျောင်းနဲ့ အိမ်မှာ အမြစ်တွေ တွယ်နေသလိုပဲ"

"ဒါပေမဲ့ ငါ သာယာတယ်လေ..."

"ချစ်သူလည်းမရှိ၊ ရည်းစားလည်းမရှိ... ဘယ်လောက်ပျင်းစရာကောင်းသလဲ?"

"အဟင်း...ဟင်း..."

အမြင်ချင်းမတူတဲ့အတွက် ပြိုင်ငြင်းနေလည်း လိုရာကိုမရောက်ဘူးဆိုတာ သိတဲ့နောက် ဟေမာန်ဟာ မိုးရဲ့စကားကို အသက်မပါလှတဲ့ အပြုံးတစ်ခုနဲ့ တုန့်ပြန်ရင်း ၀ိုင်ကိုဆက်သောက်နေလိုက်တယ်။

မိုးလည်း ဟေမာန်နဲ့စကားပြောရတာ ပျင်းဖို့ကောင်းတယ်လို့ပြောပြီး သူ့သူငယ်ချင်းတွေနဲ့ ဆက်ပြောနေလေရဲ့လေ။

အဲဒီအချိန်မှာပဲ ဟေမာန်သတိထားမိတဲ့ အရာလေးတစ်ခု။

ဆံပင်ကောက်ကောက်လိမ်လိမ်လေးတွေနဲ့ ဘားထဲကိုဝင်လာတည်းက မူးရီဝေနေတဲ့မျက်ဝန်းတွေကိုပိုင်ဆိုင်ထားတဲ့ မိန်းကလေးတစ်ယောက်။

သာမာန်မိန်းကလေးတွေနဲ့မတူပဲ တမူပိုပြီး ဆွဲဆောင်မှုအားပြင်းလှတဲ့ထိုအမျိုးသမီးလေးကို ဟေမာန် မရည်ရွယ်ပဲ ငေးစိုက်ကြည့်မိသွားတယ်။

ချောပါတယ်၊ လှပါတယ်ဆိုတဲ့ စကားလုံးတွေထက် သာလွန်လှတဲ့ ထိုအမျိုးသမီးလေးရဲ့အလှတရားဟာ အရမ်းကို အေးချမ်းနေတာမျိုးလည်းမဟုတ်ပြန်။

မြန်မာနိုင်ငံမှာတွေ့ရခဲတဲ့အနောက်တိုင်းဆန်ဆန်အလှမျိုး။

ခန္ဓာကိုယ်တောင့်တင်းထောင်မောင်းပြီး အသားဖြူစွတ်စွတ်ဆိုတာထက် နီတွတ်တွတ်နဲ့ ထိုမိန်းကလေးရဲ့မျက်တောင်တွေက ကော့စင်းနေတယ်။

နှုတ်ခမ်းလေးက ဖူးဖူးလေးနဲ့ ပင်ကိုယ်က ပန်းရောင်ရင့်ရင့်သန်းနေတာမျိုး။

မိန်းကလေးပုံကြည့်ရတာ အလှအပကို အရေးတယူလုပ်ပြီး ပြင်ဆင်ထားတာမျိုးလည်းမဟုတ်ပဲ လှရက်လွန်းနေတာမျိုး။

နေမကောင်းလို့ အိပ်ရာထဲလဲနေရင်တောင် လှနေနိုင်တဲ့ မျက်နှာမျိုးလေး။

ဟေမာန်ထိုမိန်းကလေးကို စိုက်ကြည့်ရင်း သိသိသာသာရင်တွေခုန်လာမိတယ်။

ကိုယ့်ထက်အသက်ငယ်တဲ့လူတွေကို စိတ်ပါဝင်စားလေ့မရှိတဲ့ ဟေမာန်ဟာ ထိုအမျိုးသမီးငယ်လေးအပေါ်မှာတော့ ထူးဆန်းတဲ့ခံစားမှုတွေ ဖြစ်ပေါ်လာနေတာ အံ့သြစရာ။

အမျိုးသမီးငယ်လေးက စားပွဲတစ်ခုခုမှာဝင်ထိုင်တာမျိုးမဟုတ်ပဲ ဘားဆီတန်းသွားပြီး ထိုင်လိုက်တယ်။

သူသောက်စရာတစ်ခုခုမှာပြီးတယ်နဲ့တူပါတယ်။

နေရာရောက်ပြီး ဘားတန်ဒါနဲ့ စကားပြောဆိုပြီးမှ ဘားထဲက လူတွေကို လိုက်လံဝေ့ကြည့်တယ်။

ကောင်မလေးရဲ့အကြည့်က မကြာခင် ဟေမာန်တို့ဝိုင်းဆီရောက်လာမယ်ဆိုတာသိသိရက်နဲ့ ဟေမာန် ထိုကောင်မလေးဆီက အကြည့်မလွှဲနိုင်သေး။

ထင်ထားတဲ့အတိုင်းပါပဲ။

ကောင်မလေးအကြည့်က ဟေမာန်တို့ဝိုင်းကိုရောက်လာတယ်။

ကောင်မလေးနဲ့ မျက်နှာချင်းတည့်တည့်နေရာမှာထိုင်မိနေတဲ့ ဟေမာန့်ဆီ ကောင်မလေးရဲ့အကြည့်တစ်စုံရောက်လာတဲ့အခါ ဟေမာန်လည်း သတိလက်လွတ် ငေးကြည့်နေမိတယ်။

ကောင်မလေးရဲ့အကြည့်တို့က ဟေမာန့်ဆီရောက်တော့ ခဏတာရပ်တံ့သွားတယ်။

ဟေမာန့်ကို ကောင်မလေးက သေသေချာချာစိုက်ကြည့်လာတာ။

ဟေမာန့် မျက်ဝန်း၊ ဟေမာန့်ဆံပင်၊ ဟေမာန့်လည်တိုင်တွေကိုကအစ သေချာတစ်ခုချင်းကြည့်တာ။

ဟေမာန်နဲ့ ကောင်မလေးတို့ မျက်လုံးအကြည့်ချင်းဆုံတာ မိနစ်အနည်းငယ်ခန့်တော့ ကြာမြင့်သွားမယ်နဲ့တူပါတယ်။

နောက်တော့ ကောင်မလေး မျက်လွှာချရင်း အကြည့်လွှဲသွားတယ်။

ဘားတန်ဒါလာချပေးတဲ့ သူမရဲ့ ခွက်ကို တစ်ငုံနှစ်ငုံခန့်သောက်ပြီးနောက် ကောင်မလေးရဲ့အကြည့်က ဟေမာန့်ဆီပြန်ရောက်လာတယ်။

ဆိုးရွားစွာနဲ့ပဲ ဟေမာန်လည်း တကယ့်ကိုသတိလက်လွတ် ထိုကောင်မလေးကို ငေးကြည့်မိနေတုန်း။

သိသိသာသာရင်တွေခုန်လာပြီး မသိရင် ကောင်မလေးကပဲ တစ်ခုခု ဆွဲငင်နေသလို။

စတွေ့တည်းက အရမ်းကို ရင်းနှီနေပါတယ်ဆိုတဲ့ ခံစားချက်လေးက ရင်ဘတ်ထဲ ကိန်းအောင်းလာတဲ့အထိပဲ။

ကောင်မလေးရဲ့ နှာတံချွန်ချွတ်လေးက ပါးပါးလေးရယ်။

ဒုတိယအကြိမ်အကြည့်ရောက်လာတော့ ကောင်မလေးက ပထမတစ်ခါကလို ဟေမာန့်ကို စိုက်ကြည့်တာမျိုးမလုပ်တော့ဘူး။

ချက်ချင်းဆိုသလို အကြည့်လွှဲသွားပြီး ကျောပါခိုင်းပြီး ထိုင်ပြစ်လိုက်တယ်။

ဟေမာန့်စိတ်ထဲ ထင့်ခနဲဖြစ်ပြီး ငါစိုက်ကြည့်မိတာ လွန်များသွားပြီလားလို့ ပြန်တွေးမိသွားတယ်။

မဖြစ်သေးပါဘူး၊ ဒီတိုင်းဆက်ငေးကြည့်နေလို့မဖြစ်ဘူးဆိုတဲ့အသိနဲ့ ၀ိုင်ခွက်ကိုလှမ်းယူပြီး ဆာလောင်စွာ တစ်ငုံမော့သောက်မိတယ်။

"လှတယ်နော် ဟေမာန်... ကောင်မလေးက..."

ဘယ်ချိန်တည်းက မိုးဟာ ဟေမာန်နဲ့ကောင်မလေးတို့အကြည့်တွေကို သတိထားမိသွားတယ်မသိပါဘူး၊ ဟေမာန့် ပခုံးဆီ ခေါင်းလေးယိမ်းလာရင်း တီးတိုးမေးတော့ ဟေမာန်ရှက်စိတ်နဲ့ ကျောတွေ တောင့်တင်းသွားရတယ်။

"ကျောင်းသူအရွယ်လောက်လေးဖြစ်မယ်... နင် သဘောကျရင် Try ကြည့်ပါလား..."

"အာ ငါ့ထက်အသက်ငယ်တာကြီး... မလုပ်ချင်ပါဘူး..."

"နင်ကလည်းဟာ... အသက်ရွယ်က အရေးမကြီးပါဘူး။ ချစ်တတ်ဖို့သာ အဓိကပါ..."

"ချစ်တတ်ဖို့ဟုတ်လား... နင် ဘာတွေပြောနေတာလဲ မိုး?"

"နင် သူ့ကိုကြည့်တဲ့အကြည့်မျိုး အရင်က တခြားလူတစ်ယောက်ယောက်ကို ကြည့်တာ ငါ မမြင်ဖူးပါဘူး ဟေမာန်ရယ်... နင် ကောင်မလေးကြောင့် ရင်ခုန်သွားတယ်ဆိုတာ အသိသာကြီးရယ်..."

မိုးရဲ့ပိုင်နိုင်လှတဲ့စကားကြောင့် မိုးသူငယ်ချင်း ၃ ယောက်လုံး ပြုံးစေ့စေ့ဖြစ်သွားတဲ့အခါ ဟေမာန် တော်တော်လေး ရှက်မိသွားတယ်။

"ကောင်မလေးကလည်း နင့်ကို ကြွေသွားပုံပဲ။ သွားပါလား။ စကားလေး ဘာလေးပြောကြည့်ပေါ့..."

"ဟာ... မလုပ်ချင်ပါဘူး..."

"ဒါဆို နင် ရင်ခုန်မိတဲ့လူကို ဒီအတိုင်းကြီး လက်လွှတ်ခံလိုက်တော့မယ်ပေါ့..."

"ငါ ရင်ခုန်တာ စစ်မှန်ရင် သူ ငါနဲ့ ပြန်ဆုံမှာပါ..."

"အဲဒါပဲ ဟေမာန်ရဲ့... အဲဒါပဲ... လူတွေက လောကမှာ တကယ့်အချစ်စစ်တွေရှိနေတယ်ထင်နေတာ။ တကယ်တော့ အချစ်ဆိုတာ လက်ဦးမှုရယူခြင်းပဲ..."

"ဘာ... ဘယ်လို..."

"ဟုတ်တယ်။ နင် အခု အဲဒီကောင်မလေးအနားသွားပြီး အီကြည့်။ သူ နင့်ဆီ ယိုင်လာမယ်၊ နောက်နေ့အဆက်သွယ်တွေဖြစ်ပြီး နင်နဲ့သူ တွဲဖြစ်ချင် တွဲဖြစ်သွားမယ်။ ဒါက တကယ်တော့ အချစ်မဟုတ်ဘူး။ ခံစားမှုအသစ်ပေးစွမ်းနိုင်တဲ့ တဏှာရာဂပဲ..."

"တော်စမ်းပါဟာ။ နင် မချစ်တတ်တိုင်း အချစ်ကို အဲ့ဒီလိုကြီး ခပ်ကြမ်းကြမ်း အဓိပ္ပါယ်မဖွဲ့စမ်းပါနဲ့..."

"အဟင်း...ဟင်း...ဟင်း..."

ဟေမာန် ခါးခါးသီး ငြင်းပယ်တော့ မိုးက ခပ်အေးအေးလေး ပြုံးရယ်ရင်း ဟေမာန့်ပါးအနားသို့ တိုးကပ်လာပြီး ကောင်မလေးရဲ့ကျောဖက်ကို လှမ်းကြည့်တယ်။

"နင်နဲ့ ငါ လောင်းမလား?"

"ဘာကိုလဲ?"

"အဲဒီကောင်မလေးက ဒီဘားထဲဝင်လာတည်းက နင့်ကိုပဲ စိုက်ကြည့်တာ ငါ သတိထားမိပါတယ်။ ပြောရမယ်ဆိုရင် ကောင်မလေးလည်း နင့်အပေါ် ခံစားချက်ဖြစ်သွားတယ်နဲ့တူပါတယ်။ သိလား?"

"ကဲပါ... နင်စကားတွေဝေ့မနေနဲ့။ နင် ဘာကိုပြောချင်တာလဲ... ဒဲ့သာပြော။ နောက်ပြီး နင်က ဘာကိုလောင်းချစ်တာလဲ"

"ငါပြောတဲ့အချစ်ဆိုတာ လက်ဦးမှုရယူခြင်းဆိုတာ မှန်/မမှန် လောင်းချင်လားလို့ပါ..."

"နင်က ဘယ်လိုလောင်းမှာလဲ"

"အဲဒီကောင်မလေးက နင့်အပေါ် ခံစားချက်တွေဖြစ်ပေါ်သွားပေမယ့် ငါ သူ့ကို One Night Stand အတွက် သွားကမ်းလှမ်းရင် သူလက်ခံစေရမယ်... နင်ပြောတဲ့ အချစ်ဟာ တကယ်ရှိတယ်ဆို သူ င့ါကိုငြင်းမှာပဲလေ... ဘယ်လိုလဲ နင်လောင်းရဲလား..."

"နင်နဲ့ငါ ငြင်းခုံမှုတစ်ခုအတွက် အဲဒီကောင်မလေးကို အသုံးချတာမျိုး ငါ မလိုလားဘူး မိုး..."

"အဟား...ဟား... နင်က တကယ့်ဂျူးလီးယက်လေးပဲ။ အချစ်ကို မျက်စိစုံမှိတ်ပြီး ယုံပြစ်နေတာ သနားစရာကောင်းလိုက်တာ"

"လူတိုင်းက သူ့ခံယူချက်နဲ့ သူပဲ မိုး။ ကိုယ်နဲ့ အမြင်ချင်းမတူတိုင်း သူများအမြင်မှားနေတယ်လို့ နင် သတ်မှတ်လို့မရဘူး"

"အေး အဲဒါဆို နင် ငါ့စိန်ခေါ်မှုကိုလက်ခံလိုက်လေ... ငါ အဲဒီကောင်မလေးကို သွားခေါ်ပြမယ်... ရလာစေရမယ်။ ထိတွေ့မှု တဏှာကသာလျှင် အနိုင်ရမယ်ဆိုတာ ငါ ရဲရဲကြီး အာမခံရဲတယ်။ တကယ်လို့ ကောင်မလေးကသာ ငါ့တောင်းဆိုမှုကို လက်ခံမယ်ဆိုရင် နင်ပြောတဲ့အချစ်ဆိုတာ လောကကြီးထဲမှာ တကယ်မရှိဘူးဆိုတာ နင် လက်ခံပေးရမယ်"

မိုးဟာ သူ့အမြင်နဲ့သူ ပိုင်နိုင်သေချာလွန်းနေတယ်။

အခုမှစတွေ့တဲ့ ကောင်မလေးကို ခုတုံးလုပ်နေတာမျိုးတော့ ဟေမာန်မလိုလားပါ။

ဒါပေမဲ့ ကောင်မလေးရဲ့မျက်ဝန်းတွေကတဆင့် ဟေမာန်သိလိုက်တာက ကောင်မလေးဟာ ဟေမာန့်အပေါ်မှာ ခံစားချက်တစ်စုံတစ်ရာရှိနေလိမ့်မယ်ဆိုတာပါပဲ။

အဲဒီခံစားချက်သာစစ်မှန်ရင် မိုးရဲ့တောင်းဆိုမှုကို ကောင်မလေးငြင်းမှာ သေချာတယ်။

လူတစ်ယောက်အပေါ် ရင်ခုန်မိပြီး နောက်တစ်ယောက်နဲ့ ပျော်မြူးစပ်ယှက်ဖို့ဆိုတာ တော်ရုံအဆင်မပြေလောက်ဘူးလို့ ဟေမာန်ယူဆမိတဲ့နောက် မိုးရဲ့စိန်ခေါ်မှုကို လက်ခံဖို့ စဉ်းစားမိသွားတယ်။

"ကောင်းပြီလေ... ဒါဆို နင် အဲဒီကောင်မလေးကို သွားတောင်းဆိုကြည့်။ တကယ်လို့ ကောင်မလေးက နင့်ကိုငြင်းလိုက်ရင် အချစ်စစ်တကယ်ရှိတယ်ဆိုတာ နင်လက်ခံပေးရမယ်နော်"

"Deal ... ပြီးပြီ။ ဒါဆို ငါတို့စိန်ခေါ်ပွဲ စလိုက်ကြတာပေါ့... ကဲ ငါသွားပြီနော်... Wish Me Luck"

မထီတထီအပြုံးလေးနဲ့မိုးဟာ စားပွဲမှ အရင်ထတယ်။ ပြီးတော့ ပြီတီတီမျက်ဝန်းနဲ့ ဟေမာန့်ကို မျက်စိတစ်ဖက် ဟန်ပါပါ မှိတ်ပြပြန်တယ်။

"နင့်ကောင်မလေး... ငါ့မာယာညွှတ်ကွင်းထဲက မရုန်းထွက်နိုင်လောက်ဘူး ဟေမာန်။ ကောင်မလေးကြည့်ရတာ အတွေ့ကြုံသိပ်ရှိပုံလည်း မပေါ်ဘူး... ဟင်း ဟင်း... ကဲပါ... အကောင်သေးသေးလေးကို သွားဖမ်းလိုက်ဦးမယ်... မကြာခင်မိလာမှာပါ... နင်စောင့်ကြည့်..."

မိုးဟာ တကယ်ပဲ အောင်မြင်တော့မယ့်ပိုင်နိုင်သူအပြုံးမျိုးနဲ့ ကောင်မလေးဆီ ဦးတည်ပြီး သွားတယ်။

ဟေမာန် စိုးရိမ်မိပေမယ့် ကောင်မလေးသာ ဟေမာန့်အပေါ် တကယ်ခံစားချက်ရှိရင် မိုးကို ငြင်းမယ်ဆိုတာ တိတ်တိတ်လေးယုံကြည်မိနေတယ်။

မိုးဟာ ကောင်မလေးနားကို တိုးကပ်သွားတာ သိပ်ကို အတင့်ရဲလွန်းတယ်။

ခါးကိုကိုင်းရင်း ကောင်မလေးရဲ့ နားထင်နားကပ်ပြီး မိတ်ဆက်စကားပြောလိုက်ပုံဟာ အသည်းယားစရာ။

ဒါပေမဲ့ ကောင်မလေးဘယ်လိုတုန့်ပြန်လိုက်တယ် မသိပါဘူး။

မိုးဟာ ကောင်မလေးရဲ့ဘေးနားက ထိုင်ခုံမှာ ၀င်ထိုင်နိုင်ခဲ့တယ်လေ။

ဟေမာန် စောင့်ကြည့်နေရင်းမှ အသိထဲပြေးဝင်လာတဲ့ အတွေးတစ်ခုက ဟေမာန်နဲ့မိုးဟာ မျက်နှာချင်း ခွဲမရအောင် တူနေတဲ့အပြင် ယနေ့ မွေးနေ့ဖြစ်တဲ့အတွက် အ၀တ်စားတွေကအစ ပုံစံတူဝတ်လာမိတယ်ဆိုတော့... ကောင်မလေးဟာ ဟေမာန့်ကို မိုးနဲ့မှားပြီး မိုးတောင်းဆိုမှုကို လက်ခံလိုက်ရင်တော့... မိုးဟာ အောင်နိုင်သူဖြစ်မှာ သေချာသွားပြီ။

ဟေမာန့်ရင်တွေ လေးလံလာတယ်။

ချက်ချင်းပဲ ထိုင်နေရာမှ ထရပ်ပြီး မိုးနဲ့ ကောင်မလေးအနားကိုသွားကာ မင်းအခုန စိုက်ကြည့်မိတာ တို့ကိုနော်၊ သူ့ကိုမဟုတ်ဘူးလို့ပဲ ၀င်ပြောရမလား?

ဒါမှမဟုတ် မိုးရေ ပြန်ရအောင်ဆိုပြီးပဲ သွားဆွဲခေါ်ရမလား?

ဘာဆက်လုပ်ရမယ်ဆိုတာကို မဝေခွဲနိုင်သေးမှာပဲ ဟေမာန်ဟာ ကောင်မလေးနဲ့စကားတွေပြောနေရင်း ကောင်မလေးရဲ့ အပေါ်ထပ်အင်္ကျီကိုတောင် ချွတ်ပေးနေသေးတာ။

ပိုဆိုးတာက ကောင်မလေးဟာ ဘားထဲဝင်လာတည်းက တော်တော်လေး မူးနေပြီဆိုတာ သိသာလွန်းနေတာ။

မူးနေတဲ့လူတစ်ယောက်ဟာ တစ်ပုံစံတည်း ချွတ်စွပ်တူနေတဲ့ မိုးနဲ့ဟေမာန့်ကို ခွဲခြားနိုင်ပါ့မလား။

နောက်ပြီး ပိုဆိုးတာက ကောင်မလေးဟာ ဒီနေ့မှ ဟေမာန့်ကို စပြီး မြင်ဖူးတာ။

ပြီးတော့ အကြည့်ချင်းစုံမိတာဟာလည်း မိနစ်ပိုင်းလောက်ပဲရှိသေးတာ။

တကယ်လို့ ကောင်မလေးသာ ဟေမာန့်ကို မိုးလို့ပဲ ထင်သွားခဲ့ရင်တော့... သွားပါပြီ။

အခုလေးတင် ရင်ခုန်မိတာ၊ အခုလေးပဲ ရင်ထဲကို စိုးရိမ်မှုတွေဝင်လာရပြီ။

အချစ်ဟာ အဲဒီလောက်တောင် ပူလောင်နိုင်တာလားဟင်။

ဟေမာန် စိုးရိမ်စိတ်နဲ့အတူ ထူပူလာတယ်။

ဇောချွေးလေးများပင် စို့တို့တို့ဖြစ်လာရတယ်။

စိုးရွံ့စွာနဲ့ပဲ ကောင်မလေးနဲ့ မိုးဆီမှလည်း အကြည့်ချင်း မလွှဲနိုင်ပြန်။

သိပ်မကြာပါဘူး... မိုးဟာ အောင်နိုင်သူ အပြုံးတွေနဲ့ ဟေမာန်တို့ စားပွဲဆီကို ပြန်ရောက်လာတယ်။

အဲဒီအချိန် ဟေမာန်တောင့်တမိတာက မိုးနဲ့ဟေမာန့်ကို ကောင်မလေး အတူတူတွဲမြင်သွားပါစေဆိုတဲ့ ဆန္ဒ။

ဒါပေမဲ့ ကောင်မလေးဟာ သူမတို့ဖက်ကို ကျောခိုင်းထားတာ လုံးဝ လှည့်မလာတော့။

"ဟေမာန်... စော်လေးက Yes တဲ့သိလား။ ငါအခု သွားတော့မယ်... သူနဲ့..."

"ဘယ်ကိုလဲ?"

"အော် ဘယ်ကိုရှိရမလဲ... အနီးဆုံးဟိုတယ်တစ်ခုဆီပေါ့ဟာ... ငါ ဒီည အိမ်ပြန်မလာတော့ဘူးသိလား... မနက်ကျမှ ကောင်မလေးရဲ့အနမ်းဟာ ဘယ်လောက် ချိုမြိန်စူးရှတယ်ဆိုတာ နင့်ကိုပြန်ပြောမယ်... စောင့်နေနော်..."

"နေဦးမိုး..."

ပြောစရာရှိတာပြောပြီး စားပွဲမှ လှည့်ထွက်ဖို့ပြင်နေတဲ့ မိုးကို ဟေမာန် ဒုန်းခနဲ မတ်တပ်ရပ်မိရင်း တားမြစ်မိတယ်။

"ဘာလဲ ဟေမာန်... ဘာလဲ နင်ပြောတဲ့အချစ်ဆိုတာ တကယ်မရှိဘူးလို့ လက်ခံသွားပြီလား?"

"အေးပါ... နင် လက်ခံစေ့ချင် ငါ လက်ခံပါ့မယ်။ ဒါပေမဲ့ ကောင်မလေးကိုတော့ လွှတ်လိုက်ပါဟာ..."

"အာ... ငါ မာတိနီတစ်ခွက်ကြီးတောင်ရင်းထားရတာ။ ကောင်မလေးကို ဒီအတိုင်းလွှတ်လိုက်ရမှာ နှမျောစရာကြီး"

"ငါ... ငါ အရှုံးပေးတယ် မိုး။ နင် ကျေနပ်တော့ဟာ..."

ဟိုးအရင် ငယ်ငယ်တည်းက တော်ရုံနဲ့အရှုံးကိုလက်ခံလေ့မရှိတဲ့ ဟေမာန့်နှုတ်ဖျားမှ အရှုံးပေးတယ်ဆိုတဲ့စကား လွယ်လင့်တကူ စိုးရိမ်တကြီးပြောလိုက်သောကြောင့် မိုးမျက်ဝန်းတွေ ပြူးကျယ်ကုန်တယ်။

"ဘယ်လို ဘယ်လို ဘယ်လို... အခုလေးတင်တွေ့တဲ့ ကောင်မလေးကြောင့် နင်က အရှုံးပေးတယ်ဟုတ်လား ဟေမာန်... ဟယ် နင့်လည်း သနားစရာကောင်းလိုက်တာ။ ဟေမာန်... သူက ငါနဲ့လိုက်ခဲ့ဖို့ လက်ခံပြီးသွားပြီလေ။ နင် ဒါကို မမြင်တာလား။ သူက နင်ချစ်ဖို့ မထိုက်တန်တဲ့လူမျိုး ဟေမာန်ရဲ့။ နင် သိပ်ကိုဖြစ်နေတယ်ဆိုလည်း ဒီည ငါ့အစား နင် သူနဲ့ ဟိုတယ်သွားလိုက်ပေါ့။ နောက်နေ့တွေကျ မေ့ချင် မေ့လိုက်ပေါ့ဟာ... အချစ်ဆိုတာ One Night Stand ပဲ ကောင်းပါတယ်။ ခဏပဲတွေ့၊ ခဏပဲပျော်၊ အဲဒီတော့ အသစ်ဆန်းကိုဖြစ်လို့။ မဟုတ်ဘူးလား? အခု နင့်အဖြစ်ကိုကြည့်။ ရင်ခုန်မိသွားတာနဲ့ ပူလောင်နေရပြီ... အရှုံးကိုမုန်းတဲ့ နင့်လိုမိန်းမက အရှုံးကိုလက်ခံနေရပြီ... ဘယ်လောက် စိတ်ပျက်ဖို့ ကောင်းသလဲ?"

ချက်ကျလက်ကျပြောလိုက်တဲ့ မိုးရဲ့စကားကြောင့် ဟေမာန် ငြိမ်ကျသွားရတယ်။

ကောင်မလေးက မိုးကိုလက်ခံလိုက်တည်းက ဟေမာန်က ရှုံးနှင့်နေပြီးသားပါ။

ကိုယ်ရင်ခုန်မိတဲ့ ကောင်မလေးက နောက်နောင် ကိုယ့်ဆီပြန်လာမယ်ဆိုရင်တောင် ငါ့အမနဲ့ ငြိစွန်းခဲ့တဲ့လူဆိုတဲ့အသိကြီးနဲ့ ဟေမာန်ဘယ်လိုလုပ်ပြီး လက်ခံရဲမှာလဲ။

မိုးနဲ့ပတ်သတ်မှုကြောင့် ဟေမာန့်အပေါ် စိတ်ယိုင်တာများလားဆိုတဲ့ အတွေးနဲ့ ကောင်မလေးနဲ့ ပတ်သတ်နေမိသမျှ ဟေမာန် အကြိမ်ကြိမ်ခံစား သေဆုံးနေရမှာ။

အကောင်းဆုံး နည်းလမ်းကတော့ ခဏတာလေး ရင်ခုန်မိတာကို ကြိုးစားမေ့ဖျောက်ပြစ်လိုက်ဖို့ပါပဲ။

အချစ်ဆိုတာကို စတင် မထိတွေ့ခင်တည်းက ဟေမာန်ဟာ နာကျင်မှုကို ခံစားနေရပါပြီ။

မိုးကို ဟေမာန်တားလို့ ကောင်မလေးနဲ့တစ်ညတာဆိုတာ မဖြစ်ခဲ့ပေမယ့် ကောင်မလေးဟာ မိုးနဲ့တစ်ညတာဖြတ်သန်းဖို့ သဘောတူခဲ့တယ်ဆိုတဲ့အသိက ဟေမာန့်ကို အချိန်ပြည့်လှိုက်စားနေမှာလေ။

ကျောခိုင်းလိုက်တိုင်း သူ ငါ့အပြင် တခြားတစ်ယောက်ယောက်နဲ့များ ငြိစွန်းမလားဆိုတဲ့ နောက်ကျောမလုံမှုကြီးနဲ့ ဟေမာန် ဘယ်လိုလုပ်ပြီး ကောင်မလေးကို ရင်ဝယ်ပိုက်ရဲမှာလဲ၊ ဘယ်လိုလုပ်ပြီး ဆက်ချစ်ရဲမှာလဲ?

နောက်ဆုံး ဟေမာန့်ဆီက ဘာစကားတစ်ခွန်းမှ ထွက်ပေါ်မလာနိုင်တော့ပါဘူး။

ဒီတော့ မိုးလည်း ဟန်ပါပါ ပခုံးတစ်ချက်တွန့်ပြလိုက်ရင်း ကောင်မလေးအနားသို့လျှောက်ကာ ကောင်မလေးလက်ကို ပိုင်နိုင်စွာ ဆွဲခေါ်ပြီး ဘားထဲမှ ထွက်သွားတဲ့မြင်ကွင်းကို ငေးကြည့်ရင်း ဟေမာန့် မျက်ဝန်းတို့ စွတ်စွတ်စိုလာခဲ့တယ်။

အချစ်ဟာ ဒီလောက် နာကျင်မွန်းကြပ်စရာကောင်းနိုင်မယ်လို့ ဟေမာန်တစ်ခါမှ မတွေးဖူးခဲ့။

ဒါပေမဲ့လည်း ဘယ်တတ်နိုင်မလဲ?

အရာရာ ကံစီမံရာပဲပေါ့။

ကောင်မလေးကို သေလောက်အောင်ချစ်မိသွားပါစေ... သေချာတာကတော့ ဟေမာန်ဟာ ကောင်မလေးနဲ့ နောက်နောင် ပြန်မဆုံချင်တော့ပါ။

အမရဲ့ရင်ခွင်မှာ ပျော်မြူးခဲ့ဖူးတဲ့ ထိုမိန်းကလေးကို ဟေမာန် ဘယ်လိုစိတ်နဲ့ ပြန်လည်လက်ခံရဲမှာလဲ?

မိုးရဲ့အစားထိုးခံဆိုတဲ့ဘ၀မှာ ဟေမာန် ပျော်မွေ့နိုင်မှာ မဟုတ်ဘူးဆိုတာတော့ ခါးသီးစွာ သေချာလွန်းနေပါပြီ။

-------------------------------------

"တီ...တီ...တီ...တီ...တီ..."

မနက် (၄) နာရီလောက်မှာ ၀င်လာတဲ့ နံပါတ်စိမ်းဖုန်းမြည်သံကြောင့် ဟေမာန် အိပ်ပျော်နေရာမှ နိုးသွားရတယ်။

ညက ဘားမှ ဟေမာန် တစ်ယောက်တည်း ပြန်လာခဲ့ရတာ။

အိမ်ရောက်သည့်တိုင် ကောင်မလေးရဲ့မျက်နှာကို တစ်စက်လေးမှ မေ့မရခဲ့။

မိုးအစား သူမသာ ကောင်မလေးအနား သွားခဲ့မိရင်ကောင်းသားဆိုပြီးလည်း နောင်တ အကြိမ်ကြိမ်ရမိနေခဲ့တယ်။

ဒါပေမဲ့လည်း အရာရာကျော်လွန်သွားပြီဆိုတော့ ဟေမာန်ဘာများတတ်နိုင်မှာလဲဆိုတဲ့အတွေးနဲ့ စိတ်ညစ်မှုကို ဖြေဖျောက်ဖို့ အိမ်ရောက်တော့ ဟေမာန် ၀ိုင်တစ်လုံးလုံးကို အကုန်သောက်မိခဲ့တယ်။

ဝိုင်ကုန်သွားတော့ အိပ်ခန်းထဲထိတောင် မသွားနိုင်တော့ပဲ ဟေမာန်ဟာ ဧည့်ခန်းထဲမှာပင် အိပ်ပျော်ခဲ့တာ။

ခါတိုင်းဆို ဟေမာန်က အိပ်ခါနီး ဖုန်းကို Silent လုပ်ထားလေ့ရှိပေမယ့် မူးပြီးအိပ်ပျော်သွားခဲ့မိတာဆိုတော့ ဖုန်းကိုလည်း မကြည့်ဖြစ်အား။

အခုမှ ဖုန်းမြည်သံကြောင့် နိုးလာရတော့ ဟေမာန် ညက ဖုန်းကို Silent မလုပ်ခဲ့မိတဲ့အတွက် နောင်တရမိသွားတယ်။

ဒါပေမဲ့လည်း နိုးသွားရတဲ့နောက် ဒီဖုန်းကို ကိုင်လိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။

မနက်စောစောစီးစီး တကယ်အရေးကြီးလို့သာဆက်တာဖြစ်မယ်လို့လည်း တွေးထင်မိသေးတာဆိုတော့။

"ဟဲလို..."

"ဟဲလို... ဒါက ဘယ်သူ့ဖုန်းလဲ မသိဘူးရှင့်..."

ဖုန်းထဲမှ တစ်ဖက်ကမိန်းကလေးအသံက သိပ်ကို အလျှင်လို အလောကြီးနေလေတယ်။

"ကျမ ဟေမာန်ပါရှင်... ဘာဖြစ်လို့လဲမသိဘူး?"

"အော်... ကျမက ရန်ကုန်ဆေးရုံကြီးရဲ့ အရေးပေါ်ဌာနကပါ...ကျမတို့ဆီကို ကားနံပါတ် 9F/0000 ကားတစ်စီး အက်စီးဒင့်ဖြစ်ပြီးရောက်လာလို့ပါ။ ကားပေါ်မှာတွေ့ရတဲ့ဖုန်းက အိုင်ဖုန်းဖြစ်နေတော့ ကျမတို့ လော့လည်း ဖွင့်လို့မရဘူး။ ဒါနဲ့ Emergency ခလုပ်ကိုနှိပ်ရင်း အမကိုခေါ်မိသွားတာပါ..."

တဖက်မှ ရှည်ရှည်ဝေးဝေးရှင်းပြနေပေမယ့် မိုးရဲ့ကားက အက်စီးဒင့်ဖြစ်တယ်ဆိုတဲ့ စကားကြောင့် ဟေမာန် ကျန်တဲ့စကားတွေကို သိပ်သဲသဲကွဲကွဲမကြားရတော့။

"ဟို... ကားမောင်းသူ... ကားမောင်းသူ ဘာဖြစ်သွားလဲဟင်?"

"သူက အယ်ကိုဟောတွေ အလွန်အကျွံသောက်ပြီး ကားကို အရှိန်နဲ့မောင်းနှင်ခဲ့တာဆိုတော့ အက်စီးဒင့်ဖြစ်တာ အရမ်းပြင်းထန်တယ်။ ခေါင်းကိုထိတဲ့ဒဏ်ရာက အရမ်းကိုပြင်းထန်လွန်းတယ်။ အခုထိ ICU အခန်းထဲမှာ ဆရာဝန်တွေ အသက်လု ကုသနေရတုန်းပါရှင်... သူ သွေးတွေလည်း အများကြီး ဆုံးရှုံးထားရပါတယ်..."

"ဟုတ်ပြီ... ဟုတ်ပြီ... အခု ကျမ လာခဲ့ပါ့မယ်..."

အ၀တ်အစားပင် သေချာမလဲနိုင်တော့ပဲ ဟေမာန်တစ်ယောက် ရန်ကုန်ဆေးရုံကြီးရဲ့ အရေးပေါ်ဌာနသို့ အပြေးလေး သွားရတော့တာပေါ့။

-------------------------------------

ဟေမာန် အရေးပေါ်ဌာနကို ရောက်တာ အခုဆို ၅ နာရီတောင်ကြာနေပြီ။

ဒါပေမဲ့ မိုးရဲ့အခြေအနေမှန်ကို လုံးဝ မသိရသေး။

ဆေးရုံကော်ရစ်တာမှာထိုင်ရင်း တတ်သမျှ၊ မှတ်သမျှ ဘုရားစာတွေရွတ်ရင်း မိုးဘာမှမဖြစ်ဖို့ အကြိမ်ကြိမ်ဆုတောင်းနေခဲ့မိတယ်လေ။

"Sorry ပါဗျာ... ကျတော်တို့လည်း အတတ်နိုင်ဆုံးကြိုးစားခဲ့ပါသေးတယ်။ ဒါပေမဲ့ လူက ဆေးရုံရောက်တည်းက သွေးတွေ အတော်များများဆုံးရှုံးပြီးသားဖြစ်နေလို့... ကျတော်တို့ မကယ်နိုင်ခဲ့ပါဘူး။ လူနာ ဆုံးပါးသွားပါပြီ..."

အေးအေးလူလူနဲ့ ၀မ်းနည်းစွာရှင်းပြလိုက်တဲ့ ဒေါက်တာလေးရဲ့စကားလုံးတွေဟာ သိပ်မကျယ်လောင်ပေမယ့် ဟေမာန့် အကြားအာရုံထဲ ပြင်းထန်လှတဲ့ဗုံးတစ်လုံး ကပ်ဖောက်ခွဲလိုက်သလိုပါပဲ။

ဟေမာန်နဲ့မိုးတို့ဟာ နေပုံထိုင်ပုံ၊ အယူအဆ၊ ဘ၀ဖြတ်သန်းပုံခြင်း လုံးဝ မတူကြဘူးဆိုပေမယ့် သွေးရင်းသားရင်း ညီအမတွေလေ။

နောက်ပြီး ဟေမာန့်မှာ သွေးရင်းသားရင်းဆိုလို့ လောကမှာ မိုးတစ်ယောက်တည်းရှိတော့တာ။

အခု အဲဒီအမကိုပါ ဆုံးရှုံးရတယ်ဆိုတော့ ဟေမာန် ရူးမတတ်ခံစားရတယ်။

အသက်ရှင်စဉ်က အမနဲ့ အနီးကပ် မရှိခဲ့မိတာတွေအတွက်လည်း ဟေမာန် နောင်တရမိတယ်။

မိုးဟာ ဒီလိုအသက်ငယ်ငယ်နဲ့ လူ့လောကထဲကထွက်ခွာသွားလိမ့်မယ်လို့ ဟေမာန် ဘယ်တုန်းကမှ တွေးတောင် မတွေးဖူးခဲ့။

အခုတော့ ဘယ်လိုမှ မမျှော်လင့်ထားတဲ့ ကံကြမ္မာဆိုးကြီးကြောင့် ဟေမာန်ဟာ အရုပ်ကြိုးပြတ်ပါပဲ။

ငိုချလိုက်တာမျိုးလည်းမဟုတ်ပဲနဲ့ ခေါင်းထိ အဖြူရောင်ပိတ်စအုပ်ထားကာ သွေးကွက်တို့ စိုမြနေတဲ့ မိုးရဲ့အလောင်းကို ဒီအတိုင်း ငိုင်ငေးကာကြည့်ရင်း မျက်ရည်တွေ အလုံးလိုက် အလုံးလိုက်ကျဆင်းလာမိတယ်။

အနားကိုသွားဖို့လုပ်တော့ သူမကို နာစ့်အချို့က တားမြစ်တယ်။

အဖြစ်ဆိုးလိုက်တာ မိုးရယ်ဆိုပြီး အော်ဟစ်ပစ်လိုက်ချင်ပေမယ့် အသံတို့က လည်ချောင်းထဲမှာပင် ပျောက်ရှကုန်တယ်။

နှလုံးသားတစ်ခုလုံးတင်းကြပ်နေရင်း ဒီပူလောင်မှုကို ဟေမာန် ရွံမုန်းမိပြန်တယ်။

ဟေမာန် အရာရာတိုင်းအတွက် နောင်တရနေဖို့ကလွဲပြီး ဘာမှ မတတ်နိုင်တော့။

မျက်ရည်တွေ ရွှဲနေပေမယ့်လည်း ဟေမာန် ငိုနေတာမျိုးလည်း မဟုတ်ပြန်။

အသည်းနင့်အောင်... ချစ်တယ်Where stories live. Discover now