Episode 25 (Z+U)

5.5K 284 60
                                    

(Zawgyi code)

အက်ဖီ့ဆီ ၀မ်းနည်းတဲ့အကြည့်တွေနဲ့ လှမ်းကြည့်တယ်လေ။

"ချစ်သူတဲ့လား အက်ဖီ"

တီချယ့်မေးသံလေးက ခပ်တိုးတိုးလေး။

အက်ဖီ ချက်ချင်းတော့ ဘယ်လိုတုန့်ပြန်ရမှန်း မသိနိုင်သေးဘူး။

ဟေမာန်လေးကတော့ အနိုင်ရသူလို မျက်နှာပေးနဲ့ အက်ဖီ့လက်တစ်ဖက်ကို ဆွဲယူဖက်လိုက်သေးတာ။

ဒါကိုတီချယ်က ငေးကြည့်ရင်း ကြိုးစားအားယူပြုံးတယ်။

မုဒိတာပွားပေးရမယ်ဆိုတဲ့အပြုံးမျိုး။

"အင်း လိုက်ပါတယ်။ သမီးနဲ့ အက်ဖီတို့ လိုက်ပါတယ်။ နှစ်ယောက်လုံးက ဘိုမရုပ်လေးတွေအတိုင်းပဲဆိုတော့ သိပ်လိုက်ဖက်လှပါတယ်..."

"ဟုတ်...နော်... အန်တီတီချယ်။ ဟီးဟီး... ကဲ ချယ်... အ၀တ်လဲတော့။ ကျောင်းတူတူသွားမယ်လေ။ သမီး စောင့်နေမယ်"

"ညည်းနောက်ကျမယ်... သွားပါ။ ကိုယ့်ဘသာ သွားနှင့်။ နော်..."

"ဟင့်အင်း... သမီး ချယ်နဲ့အတူတူ ကျောင်းသွားမယ်။ စောင့်နေမယ် ဧည့်ခန်းထဲမှာ။ တကယ်လို့ နောက်ကျမယ်ဆိုရင်လည်း အတူတူနောက်ကျကြတာပေါ့..."

ဟေမာန်လေးကပြောပြီး ဧည့်ခန်းထဲသို့ ထွက်သွားလေပြီ။

အက်ဖီလည်း ထိုနားတွင်ဆက်ရပ်မနေတော့ပဲ ရေချိုးခန်းထဲဝင် မျက်နှာသစ်၊ သွားတိုက်လိုက်တယ်။

ပြီးတော့ အိပ်ခန်းထဲဝင်ကာ အ၀တ်စားလဲပြီး ထွက်လာခဲ့လိုက်တယ်။

ကျောင်းသွားဖို့ အဆင်သင့်ဖြစ်နေတဲ့အက်ဖီ့ကို တီချယ်ဟာ ကော်ဖီခွက်လေးကို လက်နှစ်ဖက်နဲ့ကိုင်ထားရင်း ထမင်းစားခန်းမှာပဲ ထိုင်နေလျက် ဆွေးဆွေးမြေ့မြေ့လေး လှမ်းကြည့်တယ်။

တီချယ့်မျက်ဝန်းထဲမှာ နှုတ်ဆက်တော့မယ်ဆိုတဲ့စကားလုံးအဓိပ္ပါယ်တွေ ကိန်းအောင်းနေပြီ။

အက်ဖီ ထမင်းစားခန်းထဲဝင်သွားမိရင်း အားနာတဲ့အကြည့်တွေနဲ့ တီချယ့်ကိုကြည့်မိတယ်။

"တို့ မနက်စာစားလို့ပြီးတာနဲ့ သွားတော့မှာပါ..."

"မဟုတ်သေးဘူး။ အက်ဖီနဲ့ တီချယ့်ကြားမှာ ပြောစရာစကားတွေရှိနေသေးတယ်..."

"မင်း မနေ့ညက ကိစ္စအတွက် အားနာနေတာလား အက်ဖီ...အဲဒီကိစ္စကို အားနာလို့ တို့နဲ့အဆင်ပြေပြေလေး ဆက်ဆံပေးနေတယ်ဆိုရင်တော့... ထားလိုက်ပါတော့ အက်ဖီရယ်။ တို့ အဲဒီကိစ္စနဲ့ပတ်သတ်ပြီး မင်းကို အပိုင်မကိုင်ထားချင်ပါဘူး။ မင်းစိတ်ထဲကနေ တကယ့်စိတ်အရင်းအမှန်ကိုပဲ တို့ မျှော်လင့်မိနေတာပါနော်..."

"တီချယ်ရယ်... အက်ဖီပြောတာကိုလည်းနားထောင်ပါဦး။ တီချယ့်ဆီက အက်ဖီအချိန်လေးနည်းနည်းပဲတောင်းတာပါ။ အခု အက်ဖီ ကျောင်းသွားရတော့မယ်။ ဒီတော့ ကျောင်းပြန်ဆင်းချိန်အထိ တီချယ် ဒီမှာပဲ နေနေပေးပါနော်။ ပြီးမှ အက်ဖီတို့ စကားပြောပြီးမှ ဆုံးဖြတ်ချက်တစ်ခုခုချကြတာပေါ့... အခုတော့ အက်ဖီ့ကို ခွင့်ပြုပါဦးနော်..."

အက်ဖီ့ကို တီချယ် ချက်ချင်း ဘာမှမတုန့်ပြန်သေး။

မမှိတ်မသုန် မျက်လုံးကြီးတွေနဲ့စိုက်ကြည့်နေသေးတယ်။

ပြီးတော့မှ "အင်းပါ..."ဆိုပြီး ခေါင်းဖွဖွညိတ်တယ်။

ဘာပဲဖြစ်ဖြစ် အိမ်မှာပဲ တီချယ်ဆက်နေနေမှာပါလားဆိုတဲ့အသိက အက်ဖီ့ကို နွေးထွေးတက်ကြွစေတယ်။

"ပြီးပြီလား ချယ်..."

"အင်း ပြီးပြီ မိမာန်... ကဲ သွားကြတာပေါ့..."

"အန်တီတီချယ်... သမီးတို့ ကျောင်းသွားတော့မယ်..."

"အော် အေးကွယ်... အေးအေး..."

ရင်ဘတ်ထဲမှာတော့ အပူပင်တွေရှိနေရဲ့သားနဲ့ အပေါ်ယံ ဟန်ဆောင်အပြုံးနဲ့ တီချယ်က ဟေမာန့်ကို တုန့်ပြန်တယ်။

တီချယ့်ကိုဆို အတွင်းသိအဆင်းသိဖြစ်နေလေတော့ အက်ဖီဟာ တီချယ့်ကို မနှုတ်ဆက်ဖြစ်တော့။

ကျောင်းလာတဲ့လမ်းတစ်လျှောက်လုံး အက်ဖီ တိတ်ဆိတ်လွန်းနေသလို... အရင်ကဆို ဘေးနားကနေ လက်လေးကို ခပ်ဖွဖွဆုတ်ကိုင်ထားရင်း ပေါက်ပေါက်ဖောက်နေတတ်တဲ့ ဟေမာန်လေးကလည်း ဒီနေ့ ထူးဆန်းစွာ တိတ်ဆိတ်လို့ နေပြန်တယ်။

"ဟား... တီချယ်လေးအက်ဖီ... ကောင်းသောမနက်ခင်းပါခင်ဗျ..."

အားရပါးရ နှုတ်ဆက်သံကြားလို့ လှည့်ကြည့်လိုက်တော့ မြို့ထဲက "ကောင်းကင်ဘုံ"ဆိုတဲ့ တစ်ခုတည်းသော တည်းခိုခန်းကိုပိုင်တဲ့ အန်ကယ်ဒေးဗစ်ဖြစ်နေတယ်။

"အိုး... အန်ကယ်ဒေးဗစ်... ကောင်းသောမနက်ခင်းပါရှင့်..."

"အော်... ဒါနဲ့ မနေ့ညက တီချယ်လေးရဲ့ဧည့်သည် တီချယ်လေးဆီ ဆိုက်ဆိုက်မြိုက်မြိုက်မှ ရောက်ပါလေစ..."

"ရောက်ပါတယ် အန်ကယ်ဒေးဗစ်... ဒါနဲ့ အန်ကယ်ဒေးဗစ်တို့များနော် ခရီးသွားရာသီတောင် မရောက်သေးဘူး၊ အခုတည်းက တည်းခိုခန်းမှာ လူပြည့်နေပြီ..."

အက်ဖီ့စကားကြောင့် အန်ကယ်ဒေးဗစ်ရဲ့မျက်လုံးတွေ ပြူးကျယ်ကုန်တယ်။

နားမလည်မှုကြောင့် ပါးစပ်အဟောင်းသားနဲ့။

"တီချယ်လေး ဘာကိုဆိုလိုချင်တာလဲခင်ဗျာ..."

"မနေ့ညက ကျမဆီလာတဲ့ဧည့်သည်တောင် အန်ကယ်ဒေးဗစ်ရဲ့ တည်းခိုခန်းမှာ နေရာမရလို့ ကျမဆီမှာပဲ လာတည်းရတယ်လေ..."

"အိုး...တစ်ခုခုတော့လွဲနေပြီ တီချယ်လေးရေ။ တကယ်တော့ မနေ့က ကျတော့်တည်းခိုးခန်းမှာ အခန်းမရှိတာ မဟုတ်ဘူးဗျ။ အခန်းက ရှိပါတယ်။ လိုချင်သလောက်ကို ရှိနေတာပါ။ ခရီးသွားရာသီမဟုတ်တဲ့အတွက် အခန်းလွတ်ရှိနေတာက မဆန်းပါဘူးဗျာ..."

"ဟင်... အခန်းလွတ်ရှိနေတာ...ဟုတ်လား?"

"ဟုတ်ပါတယ်။ တီချယ်လေးရဲ့ဧည့်သည်ကိုလည်း ကျတော်က အကောင်းဆုံးအခန်းကို ကမ်းလှမ်းပါသေးတယ်။ ဒါပေမဲ့ သူက တည်းခိုးဆောင်ရဲ့ဧည့်ခန်းမှာ ခဏတာနားခိုပြီးတာနဲ့ တီချယ်လေးဆီမှာပဲ သွားတည်းမယ်လို့ပြောလို့သာ ကျတော် တီချယ်လေးရဲ့ လိပ်စာကိုပေးလိုက်ရတာပါ။ ဒါတောင်ကျတော် တီချယ်လေးရဲ့အိမ်ခန်းဆီ လိုက်ပို့ပေးဖို့ ကမ်းလှမ်းမိပါသေးတယ်။ သူက သူ့ဘာသာသူ သွားမယ်ဆိုလို့ ကျတော် ဒီအတိုင်း လက်ပိုက်ကြည့်နေရခဲ့ရတာပါ။ တီချယ်လေးက ကျတော်တို့မြို့လေးထဲက ကလေးလေးတွေကို ပညာတတ်အောင် လာသင်ကြားပေးနေတဲ့အတွက် ကျတော်တို့မြို့လေးပေါ် ကျေးဇူးတွေရှိနေတယ်ဆိုတာ နားလည်ပါတယ်ဗျာ။ ဒါ့ကြောင့် ကျတော် တီချယ်လေးရဲ့ ဧည့်သည်ကို အကောင်းဆုံးဂရုစိုက်ပေးဖို့ ကြိုးစားခဲ့တာပါ။ ဒါပေမဲ့ သူကိုယ်တိုင်က တီချယ်လေးဆီမှာပဲ တည်းမယ်ဆိုလို့..."

မနေ့ညက တီချယ်ပြောတော့ အခန်းမရလို့ လာတည်းတာတဲ့။

အခု ဒီမှာ အန်ကယ်ဒေးဗစ်ပြောနေတာက တီချယ်ဟာ အက်ဖီ့ဆီမှာ တည်းချင်လို့ကို လာတည်းတဲ့ပုံစံ။

စိတ်ထဲမှာ ကျေနပ်တဲ့ခံစားမှုတစ်ခုက ရိပ်ခနဲ ဖြတ်သန်းသွားပေမယ့် ဘာဖြစ်လို့ အက်ဖီ့ဆီမှာပဲ တည်းပါရစေဆိုတဲ့ခေါင်းစဉ်နဲ့ ရောက်မလာတာလဲဆိုပြီး တွေးမိသေးတယ်။

အင်းပေါ့လေ... တီချယ်မှာ လက်ကျန်မာနလေးတွေတော့ ရှိနေဦးမှာပေါ့။

ဘာပဲဖြစ်ဖြစ် ဒီလောက်ကြီးအထိ မာနတွေခ၀ါချပြီး အက်ဖီ့ဆီရောက်လာတယ်ဆိုတည်းက တီချယ့်ချစ်ခြင်းရဲ့ အတိမ်အနက်ကို အက်ဖီ ခန့်မှန်းနိုင်နေပါပြီ။

"ချယ်... သွားရအောင်လေ။ ကျောင်းနောက်ကျတော့မယ်"

"အော်... အင်း အင်း..."

ဟေမာန်လေးဆွဲခေါ်နေလို့သာ အက်ဖီကျောင်းသို့ရောက်ခဲ့ပေမယ့် အက်ဖီ့စိတ်ကို တီချယ်သာ ကြီးစိုးနေတယ်။

စာသင်နေလည်း စိတ်မပါနိုင်။

ဘေးနားက လူတွေ ဘာမေးလဲ၊ ဘာလှမ်းပြောလဲဆိုတာကိုလည်း အက်ဖီ မသိနိုင်။
လတ်လတ်ဆတ်ဆတ်ထိတွေ့ခွင့်ရခဲ့သော မနေ့ညက တီချယ့်ပုံရိပ်တွေဟာ အက်ဖီအာရုံထဲ တ၀ဲလယ်လယ်။

"အက်ဖီ... နေကောင်းရဲ့လား..."

"အက်ဖီ... ဒီနေ့ကြည့်ရတာ တမျိုးပဲနော်။ နေမကောင်းဘူးလား?"

"အက်ဖီ အိမ်ပြန်နားချင် နားလိုက်ပါလား။ မင်းကိုကြည့်ရတာ အိပ်ရေးပျက်ထားသလိုကြီး... လူကိုကြည့်ရတာတော့ တက်ကြွနေပါတယ်။ ဒါပေမဲ့ စိတ်နဲ့လူက မကပ်သလိုပဲ..."

နောက်ဆုံးတော့ အက်ဖီဟာ နေ့လည် ထမင်းစားချိန်မတိုင်ခင်မှာပဲ အိမ်သို့ပြန်လာမိသွားတယ်လေ။

အိမ်ခန်းကိုပြန်ရောက်တော့ ရှုတ်ပွနေတယ်လို့ ခေါင်းစဉ်တပ်လို့ရတဲ့ အက်ဖီ့ စာကြည့်စားပွဲက စာအုပ်အချို့နဲ့ အိပ်ခန်းထဲက အ၀တ်စားအချို့ကို သန့်ရှင်းရေးလုပ်၊ သိမ်းဆည်းနေတဲ့ တီချယ့်ကိုတွေ့လိုက်ရတယ်။

"ဘာလို့ပြန်လာတာလဲဟင်... ဒီနေ့ကျောင်းဆင်းချိန်စောလို့လား..."

"မနေ့ညက တီချယ်တည်းခိုဆောင်မှာ အခန်းရရဲ့သားနဲ့ အက်ဖီ့ဆီမှာ ဘာလို့လာတည်းခဲ့တာလဲ?"

"အဲဒီမေးခွန်းကို မနေ့ညတည်းက ဖြေပြီးခဲ့ပြီလေ..."

တီချယ်ဟာ လက်ထဲက ခေါက်လက်စအ၀တ်လေးကို နီးစပ်ရာခုံပေါ်သို့တင်ရင်း အက်ဖီ့ရှေ့သို့ တိုးလျှောက်လာတယ်။

"မင်းဆီကို တို့လိုက်လာခဲ့တာပါ အက်ဖီ။ အရာရာကို ခ၀ါချခဲ့ပြီး မင်းကိုလိုအပ်လွန်းလို့ မင်းဆီလိုက်လာခဲ့တာပါ။ အရှုံးပေးပါတယ်လို့ လက်နှက်ချထားတာကိုတောင် အလံဖြူမထောင်ဘူးလားဆိုပြီး အပြစ်တင်ချင်နေသေးတာလား?"

တီချယ်ဟာ အက်ဖီနဲ့အနီးဆုံးနေရာမှာ ရပ်တံ့လိုက်တယ်။

ပြီးတော့ အက်ဖီ့ ပခုံးတွေဆီ လက်ကို သိုင်းတင်လိုက်ရင်း အက်ဖီမျက်နှာကို သူမနဲ့အနီးဆုံးဖြစ်အောင် ဆွဲယူလိုက်တယ်။

အက်ဖီဟာ အံ့သြမှင်သတ်မိနေတုန်းမှာပဲ တီချယ်ဟာ အက်ဖီနှုတ်ခမ်းကို ခပ်ဖွဖွလေး နမ်းစုပ်လိုက်တယ်လေ။

"တို့... မင်းနဲ့အတူအိပ်ချင်လို့ မင်းဆီလာခဲ့တာ အက်ဖီ။ တည်းခိုဆောင်မှာ အခန်းလွတ်နေတွေ အများကြီးရှိနေပါတယ်"

အက်ဖီ အံ့အားသင့်ရင်း မျက်လုံးတွေပြူးကျယ်သွားတယ်။

"မနက်တည်းက မင်းကိုတို့ပြောတယ်လေ။ မနေ့ညက ကိစ္စကြောင့်... မနေ့ညက တို့တွေအိပ်မိသွားတာကြောင့် မင်းအားတုန့်အားနာ ဖြစ်မနေပါနဲ့လို့။ ဘာဖြစ်လို့လဲဆိုတော့ မနေ့ညက အဖြစ်ပျက်အကုန်လုံးဟာ တို့ကြည်ကြည်ဖြူဖြူ လက်ခံခဲ့တာပါ။ တို့သာ ခွင့်မပြုရင် မင်းနဲ့ဘာမှဖြစ်ခဲ့မှာမဟုတ်ပါဘူး။ အဲဒီလို အိပ်မိသွားတယ်ဆိုတာကလည်း တဏှာရာဂတစ်ခုတည်းနဲ့တော့ မဟုတ်ရပါဘူး။ လွမ်းဆွတ်မှုတွေဟာ သိပ်သည်းပါများတော့ ပွင့်အန်ကုန်တဲ့အခါ စိတ်ကူးတွေ ရိုင်းစိုင်းသွားရုံပါ အက်ဖီ။ တို့ မင်းကို သိပ်ချစ်လှပါတယ်"

ပွင့်လင်းလှတဲ့ ၀န်ခံမှုကြောင့် အက်ဖီတုန့်ပြန်ဖို့ စကားလုံးတွေ ဆွံ့အကုန်တယ်။

"အက်ဖီ... မင်းကိုတို့ သိပ်ချစ်တယ်ဆိုတာ သာမာန်နက်ရှိုင်းမှုမဟုတ်ပါဘူး။ အဲဒါ တို့ကျိန်ဆိုဝံ့ပါတယ်။ နောက်ပြီး တို့ လုပ်ရပ်တွေနဲ့လည်း သက်သေပြသွားမှာပါ။ ဘာပဲဖြစ်ဖြစ်... မနေ့ညက တို့ကို မင်း လိုလိုလားလား အပိုင်သိမ်းယူခဲ့တဲ့အတွက် တို့ ကျေနပ်ပါတယ်။ ကျေးဇူးလည်းတင်ပါတယ်။ မင်းရင်ခွင်ကို တို့ တမ်းတနေခဲ့မိတာ ကြာလှပါပြီ..."

"တီချယ်..."

"အင်း... ဟုတ်တယ်။ အဲဒီ တီချယ်ဆိုတဲ့စကားလုံးနဲ့ပတ်သတ်ပြီးလည်း တို့မှာပြောစရာကျန်သေးတယ်။ မင်းတို့ကို အမြတ်တနိုးနဲ့စပြီးချစ်မိတည်းက မင်းတို့ကို ချယ်လို့ပဲခေါ်ချင်နေခဲ့တာ တစ်ချိန်လုံး။ မင်း ခေါ်လည်း ခေါ်ခဲ့ပါတယ်။ ဒါပေမဲ့ မင်းကို ထားခဲ့ဖို့ဖွင့်ပြောလိုက်တဲ့နေ့တည်းက မင်းဟာ တို့ကို တီချယ်လို့ မှတ်မှတ်ရရပြောင်းခေါ်ခဲ့တယ်။ အခုတို့တွေ ပြန်တွေ့တော့လည်း မင်း တီချယ်လို့ ခေါ်နေတုန်းပဲ။ မနေ့ညက တကယ့်ကို အနီးကပ်ဆုံးအနေအထားကိုရောက်နေတုန်တောင် မင်းရဲ့ ညီးငြူသံတွေထဲမှာ ချယ်ဆိုတဲ့ခေါ်သံကို တို့ရှာဖွေကြည့်မိနေသေးတယ်။ ဒါပေမယ့် မင်းဆီက တီချယ်ဆိုတဲ့ ခေါ်သံလွဲပြီး တခြားအသံထွက်မလာခဲ့ဘူး။ ဒီတော့ အက်ဖီ... မင်းပြန်ပေးတဲ့ တို့နေရာ အတိမ်အနက်ကို တို့ ခန့်မှန်းမိပါတယ်။ ဒါပေမယ့် မင်းတစ်ခုတော့ သေသေချာချာ မှတ်သားထားပါ။ မင်းနှုတ်ကနေ စိတ်လိုလက်ရ ချယ်လို့ပြန်ခေါ်မယ့်နေ့အထိ တို့ မင်းအနားမှာရှိနေမှာပါ... အားနာမှုတွေ၊ သနားမှုတွေမပါပဲ၊ ခေါ်ချင်လို့ကို စိတ်လိုလက်ရခေါ်တာမျိုးကိုပဲ တို့မျှော်လင့်ထားပါတယ် အက်ဖီ... အဲဒီတော့ မင်း အဆင်ပြေမယ့်နေ့မှပဲ တို့ကို ချယ်လို့ခေါ်ပါနော်။ တို့ စောင့်နိုင်ပါတယ်"

"တီချယ်.... ဒီမှာပဲဆက်နေပါနော်..."

"မင်း ခွင့်ပြုရင် နေမယ်လေ..."

"နောက်ပြီး... တစ်ချို့အပြုအမူတွေအတွက် ရိုင်းစိုင်းတယ်လို့ထင်ရင် ကြိုပြီး တောင်းပန်ပါရစေ... မက်မောစွာ တောင့်တမိရင်း ခံစားချက်တွေက နာကျင်မှုတွေအဖြစ်ပြောင်းသွားတော့လေ... အက်ဖီ ရိုင်းမိတာတွေ ရှိမှာပါ..."

"မနေ့ညက ခင်ဗျားလို့ ခေါ်မိတာမျိုးကိုပြောတာလား အက်ဖီ..."

အက်ဖီ အားတုန့်အားနာဖြစ်ရင်းခေါင်းညိတ်ပြတော့ တီချယ်က ဖွဖွလေးပြုံးတယ်။

"မင်းကိုဆို တို့ အပြစ်ကို မယူတတ်တာ... အဲ့လောက်ချစ်တာ..."

တီချယ့်ဆီက ချစ်တယ်ဆိုတဲ့စကားသံတစ်ခါကြားတိုင်း အက်ဖီ့ရင်ထဲ ရှိန်းခနဲ၊ ရှိန်းခနဲ။

ပျော်သွားတာလား ကျေနပ်သွားတာလားဆိုတာတော့ အက်ဖီလည်း မခွဲခြားတတ်။

ကျေနပ်မိတာတော့ အမှန်ပါ။

"ကဲ... အဲဒါဆို မင်းအ၀တ်စားအရင်လဲဦး။ တို့ မင်းအတွက် ထမင်းနဲ့ဟင်း ပြင်ဆင်ပေးမယ်။ တို့တွေ အတူတူစားကြတာပေါ့"

"ဟုတ်ကဲ့..."

အက်ဖီအ၀တ်စားလဲကာ မီးဖိုခန်းထဲ တီချယ်နဲ့အတူတူ ချက်ပြုခြင်းများကို ကူညီပေးခဲ့သေးတယ်။

တီချယ့်အပြုအမူ၊ အသံတွေ၊ အငွေ့သက်တွေကို ပြန်လည်ထိတွေ့ခွင့်ရတာကိုပဲ အက်ဖီကျေနပ်နေမိတယ်။

တကယ်တော့ တီချယ်မျှော်လင့်နေတဲ့ ချယ်ဆိုတဲ့အခေါ်အဝေါ်ကို အက်ဖီတကယ့်ကို တွန့်ဆုတ်ဆုတ်ဖြစ်မိနေတာ။

မခေါ်ချင်တာလည်းမဟုတ်။

ခေါ်လိုက်ဖို့ကျပြန်တော့လည်း ဘာကိုဝန်လေးနေမိမှန်းမသိ။

ဘာပဲဖြစ်ဖြစ် တီချယ်ဟာ အက်ဖီ့အတွက် စိတ်ပါမှခေါ်ပါဆိုတဲ့အခွင့်ရေးမျိုးပေးထားပြီဆိုတော့ အက်ဖီစိတ်အေးမိပြန်တယ်။

နှစ်ယောက်သား အတူတူချက်ပြုတ်နေရင်း အပြူအမူတွေ၊ စကားလုံးတွေ သိသိသာသာပြန်ရင်းနှီးခွင့်ရခဲ့ကြပြီ။

နေ့လည်စာကိုလည်း အတူတူစားဖြစ်ကြတယ်။

စားသောက်ပြီးသား ပန်းကန်တွေဆေးရင်း တီချယ်က အက်ဖီ့အတွက်ဝိုင်တောင်ငှဲ့ပေးသေးတာ။

တီချယ်နဲ့ အခုလို တမိုးအောက်ထဲမှာ အတူတူနေခွင့်ရလိမ့်မယ်လို့ အက်ဖီ တခါဖူးမှ မမျှော်လင့်ရဲခဲ့တာ။

အခု အက်ဖီ အိပ်မက်မက်နေသလားပဲ။

ထမင်းစားပြီး နေပူရှိန်ကလည်း သိပ်မပြင်းဘူးဆိုတော့ တီချယ့်ကို မြို့ထဲမှာ လမ်းလျှောက်မလားဆိုပြီးခေါ်ကြည့်မိတယ်။

ဒီမြို့လေးဆီကို စရောက်တည်းက ကျောက်တုံးတွေညီညီညာညာခင်းထားတဲ့ မြို့ထဲကလမ်းတွေကို ငေးကြည့်မိတိုင်း တီချယ့်လက်ဖ၀ါးကိုကိုင်ပြီး လျှောက်ချင်ခဲ့တာလေ။

အဲဒီဆန္ဒလေးကို ဒီနေ့ အကောင်ထည်ဖော်ဖို့ အက်ဖီကြိုးစားမိတာ ။

တီချယ်ကလည်း ခပ်ဝင်းဝင်းလေး ပြုံးရင်း "မင်းသဘောလေ..."ဆိုပြီး ခွင့်ပြုပေးတယ်ဆိုတော့ အက်ဖီ့အတွက် အတိုင်းထက်အလွန်ပေါ့။

ဒီလိုနဲ့ တီချယ့်လက်ဖ၀ါးလေးကို ကိုင်ပြီး အက်ဖီဟာ မြို့ထဲက ကျောက်တုံးတွေခင်ထားတဲ့လမ်းမပေါ် လမ်းလျှောက်ခွင့်ရခဲ့တယ်။

တကယ်တော့ အက်ဖီဟာ တီချယ့်လက်ဖ၀ါးကို အတင့်ရဲစွာ လှမ်းကိုင်ခဲ့တာမျိုးမဟုတ်။

အိမ်ထဲက ထွက်တည်းက တီချယ်ကိုယ်တိုင် အက်ဖီလက်တစ်ဖက်ကို မက်မက်မောမောလေး လှမ်းကာဆုတ်ကိုင်နေခဲ့တာ၊ တစ်ချက်လေးမှ မလွှတ်ခဲ့။

ဒီလိုနဲ့ အက်ဖီ့စိတ်ဆန္ဒလေးတစ်ခု ပြည့်ခဲ့ရပြီဆိုပါတော့။

အက်ဖီဟာ မြို့လယ်ပန်းဆိုင်က ဟေမာန့်မာမာနဲ့လည်း တီချယ့်ကို မိတ်ဆက်ပေးမိသေးတယ်။

"ဟယ်... တီချယ်လေးရဲ့တီချယ်က ကျက်သရေရှိလိုက်တာနော်... အမြင်ကိုအေးနေတာပဲ..."

ဟေမာန်လေးမာမာရဲ့ ကောက်ချက်ကိုကြားရတော့ အက်ဖီဟာ သူ့အပိုင်ပစ္စည်းတစ်ခုကို ချီးကျူးခံရသလို ဂုဏ်ယူတဲ့အပြုံးနဲ့ တီချယ့်ကို စိုက်ကြည့်မိသေးတာ။

မြို့ထဲက တစ်ချို့ အက်ဖီ့အသိတွေနဲ့လည်း တီချယ့်ကို မိတ်ဆက်ပေးမိသေးတယ်။

ညနေပိုင်းသိပ်မစောင်းခင်မှာပဲ အက်ဖီနဲ့ တီချယ်တို့ အိမ်ပြန်ခဲ့တယ်။

အိမ်ရောက်ပြီး သိပ်မကြာဘူး တီချယ်ဟာ အက်ဖီ့ညစာအတွက် ချက်ပြုတ်ဖို့ပြင်ဆင်တယ်လေ။

ထိုစဉ် ဧည့်ခန်းထဲမှ လိုင်းဖုန်းဟာ သိသိသာသာ ထမြည်လာတယ်။

အက်ဖီ့ဟန်းဖုန်းကိုမဆက်ပဲ အခုလို လိုင်းဖုန်းကိုဆက်တယ်ဆိုတည်းက တီချယ်ကြီးဆက်တယ်ဆိုတာ သေချာနေပြီလေ။

အက်ဖီလည်း ခပ်သွက်သွက်လေးဖုန်းဆီသို့ ပြေးကာ ကောက်ကိုင်လိုက်တော့ တစ်ဖက်မှ တီချယ်ကြီးရဲ့အသံကို ကြားလိုက်ရတယ်လေ။

"အက်ဖီ... မြို့ထဲက သုခိတာဆေးခန်းကို အမြန်ဆုံးလိုက်သွားပေးပါနော်"

"ဘာ... ဘာများဖြစ်လို့လဲ တီချယ်ကြီး..."

"ဟေမာန်ရယ်လေ... စာသင်နေချိန် ဘေးက ကျောင်းသူတွေကို ရန်ရှာလို့ ဆရာက သူ့ကို ပြစ်ဒဏ်ပေးတဲ့အနေနဲ့ အတန်းရှေ့ထွက် မတ်တပ်ရပ်ခိုင်းတာကို မကျေမနပ်တွေဖြစ်ပြီး စားပွဲပေါ်က ပန်းအိုးနဲ့ သူ့ခေါင်းသူရိုက်ခွဲတာ၊ ခေါင်းကွဲသွားတယ်။ အခု အဲဒါဆေးခန်းပို့ထားရတယ်... အက်ဖီ့ကိုပဲခေါ်ပေးပါလို့ အတန်တန်ပြောနေလို့ တီချယ်ကြီး ဖုန်းလှမ်းဆက်လိုက်ရတာ အက်ဖီ... ဖြစ်နိုင်ရင် အမြန်ဆုံး ဆေးခန်းကို လိုက်သွားပေးပါနော်..."

-------------------------------------

ဆက်ရန်...

-------------------------------------

(Uni code)

အသည်းနင့်အောင်... ချစ်တယ်Where stories live. Discover now