(Zawgyi code)
'အံမယ်... သူကြီးပိုင်တော့ ဆယ်အိမ်ခေါင်းကို လူမထင်တဲ့အခွက်မျိုးနဲ့ နင်က... နေစမ်းပါဦး နင်က တီချယ့်ဆီ ဘာသွားလုပ်ဖို့လဲ?'
'သူ ငါ့ကိုပေးမယ့်ပန်းကို သွားယူဖို့...'
ဂုဏ်ယူသလိုလေးပြောရင်း မျက်လုံးများမှေးစင်းသွားတဲ့အထိ ပြုံးရင်း ပခုံးတွန့်ပြတော့ ထက်ယံဒေါသထွက်ပြီး အက်ဖီ့လက်မောင်းကို လက်သီးနဲ့ဖွဖွထိုးတယ်။
'သေနာကောင်... စွခွက်ကိုက... အခုတမျိုးတော်ကြာတမျိုးနဲ့...'
'ဟဲ...ဟဲ... နင်လည်း အဲ့လိုမျိုးလေးခံစားချင်ရင် တစ်ယောက်ယောက်ဆီ စီးမျောကြည့်ပေါ့... ဟဲ့ ခံစားရတယ်နော်... သိလား... ငိုရတယ်၊ နာကျင်ရတယ်... ဒါပေမဲ့လည်းလေ သူ့ကြောင့်ရလာတဲ့ကြည်နူးမှုက ဘာနဲ့မှ နှိုင်းယှဉ်လို့မရဘူးဟ။ ရေလည်ခံစားလို့ကောင်းတာ။ အတိုင်းဆမဲ့ ကောင်းကင်ပြင်အေးအေးလေးထဲ လွင့်မျောနေရသလိုပဲ...'
'အမယ်လေး မယ်လေး... စာတွေဘာတွေတောင် ဖွဲ့လို့ပါလားနော်။ ကဲ ကဲ ကြွ... ကြွတော့... ကြည့်ရတာ အဆင်မပြေတော့ဘူး'
'ဟား...ဟား... မနာလိုကောင်ကြီး...'
အက်ဖီသဘောကျစွာရယ်မောရင်း အတန်းထဲက ခပ်သွက်သွက်လေး ထွက်ခဲ့လိုက်မိတယ်။
ဒါပေမဲ့ တီချယ့်အခန်းဆီသွားရင်းနဲ့တော့ မျက်နှာပိုးကို မနည်းသတ်သွားလိုက်ရတယ်လေ။
တော်ကြာ မျက်နှာက ပြုံးဖြီးနေတာပဲ၊ ဘယ်သူနဲ့တွေ့ခဲ့လို့ ဒီလောက်တောင် ပျော်နေတာလဲဆိုပြီး မေးလာရင် ပြဿနာက ဖြစ်ဦးမယ်။
တီချယ့်အခန်းဝရောက်တော့ တီချယ်ဟေမာန်က သူ့စားပွဲလေးမှာထိုင်ပြီး စာအုပ်တစ်အုပ်ထဲ စာလေးတွေချရေးနေတယ်။
အက်ဖီ ပထမတော့ တံခါးထောင့်ကိုခေါက်ပြီး အသံပေးဖို့ပါပဲ။
ဒါပေမဲ့ စိတ်ဝင်တစားနဲ့ စာရေးနေတဲ့ တီချယ့်မျက်နှာလေးက အရမ်းကို အေးချမ်းလွန်းနေတယ်။
တပ်ထားတဲ့ မျက်မှန်ဝိုင်းဝိုင်းလေးက အနည်းငယ် ငိုက်စိုက်နေတယ်။
ဆံလုံးကြီးတဲ့ ဆံပင်ဖြောင့်ဖြောင့်လေးတွေကို နောက်မှာ စုချည်ထားပေမယ့် နဖူးနဲ့နားသယ်စပ်နားက ဆံပင်မွှေးညှင်းလေးတွေက ဝေ့၀ဲကာ မျက်မှန်ကိုင်းနားမှာ ကျနေတယ်။
အခန်းထဲ အဲကွန်းဖွင့်မထားလို့ တီချယ့် နဖူးစပ်နားမှာ ချွေးစက်ပါးပါးလေးတွေ ထွက်လို့နေတယ်။
စာကိုခပ်သွက်သွက်ရေးနေပုံပါပဲ။
တီချယ့်ညာဖက်လက်လေးရဲ့လှုတ်ရှားမှုက သိပ်ကို မြန်ဆန်လွန်းနေတယ်။
အက်ဖီ အရဲစွန့်ပြီး အခန်းထဲ ခြေလှမ်းကိုဖွပြီး ၀င်ခဲ့လိုက်တယ်။
ပြီးတော့ တီချယ်ဘာတွေများရေးနေတာလဲဆိုပြီး သိချင်စိတ်ဖြင့် တီချယ့်ကျောဖက်မှ မိုးပြီး အသာလေး ငုံ့ကြည့်မိတယ်။
အံမယ်... တီချယ်က ကဗျာတစ်ပုဒ်ကိုရေးနေတာပါလား။
'လောင်မြိုက်ခြင်းမှာ အဓိပ္ပါယ်ရှိတယ်ဆိုရင်တောင် ကျမ မသိချင်တော့ပါဘူး...'
ထိုစာသားက ဘာကိုရည်ရွယ်မှန်း အက်ဖီမသိဘူး။
ဒါပေမဲ့ တီချယ်ကတော့ ထိုစားသားကို တစ်ကြောင်းပြီးတစ်ကြောင်းထပ်ခါထပ်ခါရေးချနေတာ။
မသိရင် စာရေးကျက်တဲ့ကလေးတစ်ယောက်လိုပေါ့။
'ချယ်...'
အက်ဖီအသံပေးလိုက်တော့ ရေးနေတဲ့ တီချယ့်လက်တွေ ရပ်တံ့ကုန်ပြီး ခေါင်းထောင်သွားတယ်။
ပြီးမှ အသံလာရာလှည့်ကြည့်တော့ သူ့ပေါ်ကို မိုးပြီး ငုံ့ကြည့်နေတဲ့ အက်ဖီမျက်ဝန်းတွေနဲ့ ရင်ဆိုင်လိုက်ရတယ်။
တီချယ် အက်ဖီ့မျက်ဝန်းတွေကို ပြန်လှန်ကာ ငေးစိုက်ကြည့်တယ်။
'ချယ်... အဲဒီစာတမ်းအဓိပ္ပါယ်က ဘာလဲဟင်?'
'မင်း... မင်း နောက်နဲနဲဆုတ်စမ်း...'
တီချယ်က တံတွေးတစ်ချက်မျိုချရင်း သက်မရှိုက်ကာ အက်ဖီ့ရင်ဘတ်ကို လက်ညိုးတစ်ချောင်းနဲ့ထိုးရင်း တွန်းထုတ်တယ်။
ဒါပေမဲ့ အက်ဖီက နောက်သို့ ယိမ်းသွားတာမျိုးမဟုတ်ပဲ တီချယ့်လက်ညိုးကို လှမ်းကာဆုတ်ကိုင်လိုက်တယ်။
'မင်း ဒါဘာလုပ်တာလဲ?'
'တီချယ့်လက်ညိုးကို ကိုင်လိုက်တာလေ...'
'မကိုင်နဲ့... လွှတ်လိုက်...'
'လွှတ်ဆို လွှတ်မယ်... ဒါပေမဲ့ မတွန်းနဲ့တော့...'
'မတွန်းရင်... မင်းက ဖယ်မှာလား?'
'မဖယ်ပါဘူး... ဒီတိုင်းလေး ချယ့်ကို မိုးပြီး ကြည့်နေချင်လို့...'
'တခြားလူတွေမြင်သွားလို့ တမျိုးထင်ကုန်ပါဦးမယ်...'
'တမျိုးဆိုတာ ဘာကိုပြောတာလဲဟင်... နမ်းနေကြတယ်လို့ထင်မှာလား... စကားပြောနေကြတယ်လို့ထင်မှာလား?'
'အက်ဖီ...'
တီချယ်ဒေါသထွက်ထွက်နဲ့ ၀ုန်းခနဲ ထရပ်ပစ်လိုက်တော့ အက်ဖီ နောက်ဆုတ်သွားရတယ်။
အခြေအနေက အဆင်ပြေနေရဲ့သားနဲ့ သွားပြီး အထွန့်တက်မိလို့ ပြဿနာဖြစ်ရတော့မယ့်ပုံ။
အေးအေးလူလူနဲ့ နှုတ်ဆက်လိုက်ရင်တော့ ပိုအဆင်ပြေလောက်မယ်ထင်ပြီး မျက်စိတစ်ချက်ဆော့လိုက်မိတော့ စားပွဲပေါ်မှာတင်ထားတဲ့ နှင်းဆီပန်းစည်းလေးကို သတိထားမိသွားတယ်။
'ဟို... ပန်းယူမယ်နော်...'
'အက်ဖီ ... မင်းကိုတို့မေးမယ်... ဘာလဲ တို့ရဲ့ဂုဏ်သိက္ခာက မင်းအတွက် အရေးမပါတာလား?'
'အာ... အာ... အာ... ချယ်... ချယ်... အက်ဖီ့ကို အဲဒီလို အကြီးကျယ်ကြီးတွေ မပြောနဲ့နော်... အက်ဖီ ဘာမှ အကြီးကြီးရည်ရွယ်တာမျိုးမရှိဘူး... ဒီတိုင်း ချယ့်နားကို ကပ်ချင်ရုံသက်သက်ပဲ... အဲဒါကို ပုဒ်မအကြီးတွေတော့ မတပ်ပါနဲ့ ချယ်ရယ်... မကြိုက်ဘူးဆိုလည်း မကပ်တော့ပါဘူး'
'မင်းက ခွေးလေးအရောဝင် ပါးလျက် နားလျက်ဆိုတာမျိုးပါလား။ မင်းကို တခြားကျောင်းသူတွေလို တန်းတူအခွင့်ရေးပေးမယ်လို့ပဲ တို့ပြောခဲ့တာနော်... မင်းကို အခွင့်ထူးပေးမယ်လို့ ပြောခဲ့တာ မဟုတ်ဘူး...'
ချယ်က ဒေါသထွက်စွာဖြင့် မျက်ထောင့်နီပြီးပြောနေပေမယ့် အသံကတော့ အရမ်းကျယ်လောင်နေတာမျိုးမဟုတ်ဘူး။
အံကျိတ်ပြီး မာန်တင်ထားရလို့ တီချယ့်မေးရိုးမှာ သွေးကြောလေးများ ထောင်နေလို့နေတယ်။
'အက်ဖီလည်း ချယ့်အနားရောက်ပြီး ဒီအတိုင်း အသည်းယားလာလို့...'
'အဲဒါ အသည်းယားလာတာမဟုတ်ဘူး... မင်းက တို့ကို တန်ဖိုးမထားတာ...'
'ဟာ... ဟာ... မဆိုင်တာတွေ မပြောနဲ့နော် ချယ်... ချယ့်ကိုဘယ်လောက်တန်ဖိုးထားလဲဆိုတာ အက်ဖီ့ကိုယ်အက်ဖီပဲ သိတယ်... ချယ် မဟုတ်တာတွေကို မတရားကြီး နိုင်ရတယ်ဆိုပြီး ဖိမပြောနဲ့...'
'သွားတော့... မင်း ဒီအခန်းထဲက ထွက်သွားတော့...'
'မောင်းထုတ်ပါ... မောင်းထုတ်ပါ။ တစ်ခုခုဖြစ်ပြီဆို မောင်းထုတ်မယ်... ရှောင်မယ်... နောက်ပြီး မတရားတွေ တစ်ဖက်သတ်ပြောမယ်... ချယ်ဒါပဲ လုပ်တတ်တာ မဟုတ်လား။ လုပ်ပါ... ဒါက ချယ့်အကျင့်ပဲဥစ္စာ...'
အက်ဖီ မကျေမနပ်နဲ့ပြောချင်တာပြောပြီး တီချယ့် အခန်းထဲကထွက်ခဲ့လိုက်တယ်။
အက်ဖီ ပန်းတစ်ပွင့်ယူဖို့ သတိရှိရဲ့သားနဲ့ကို ယူမလာခဲ့တော့ဘူး။
ဟုတ်တယ်လေ။
တီချယ့်ကို ဘယ်လောက်တန်ဖိုးထားလဲဆိုတာ အက်ဖီကလွဲပြီး ဘယ်သူသိနိုင်မှာလဲ။
ဘာမဟုတ်တာလေးကို ပုဒ်မအကြီးကြီးတွေတပ်ပြီး အပြစ်ကြီးအောင်လုပ်ဖို့လောက်ပဲ သိတဲ့ ချယ့်ကို အက်ဖီဒေါသထွက်မိတာ တကယ်ပါ။
ထားလိုက်။
သူတောင် ဒီလိုတွေပြောရက်တာ။
အက်ဖီလည်း ချယ့်ကို သိပ်ကြည့်ရတော့တာ မဟုတ်ဘူး။
ဘယ်နှယ့်... သူထင်တာကို အမှန်ဆိုပြီး ဇွတ်ပြောတာ။
ကြည့်နေ... အက်ဖီလည်း ချယ့်ကို မခေါ်တော့ဘူး။
အတန်းထဲပြန်ရောက်တော့ ထက်ယံက အက်ဖီ့ကို ဟားတိုက်တော့တာပေါ့။
'ဟား...ဟား...ဟား... အက်ဖီ နင်လည်းနော် သွားတုန်းကတော့ အောင်နိုင်သူစစ်သူကြီးဒီဇီုင်းနဲ့။ ပြန်လာတော့ ကြက်ကြီးလည်လိမ်ထားတဲ့အတိုင်းပဲ... ဘာလဲ နင် ချယ်နဲ့ ရန်ဖြစ်လာပြန်ပြီလား...'
'နင်နော်... ချယ့်ကို ချယ်လို့ ငါပဲခေါ်မှာ။ နင် တီချယ်ပဲခေါ်။ ဟွန်း...'
'အောင်မာ... လာပြီး သ၀န်က တိုနေပြန်သေးတယ်... ဟိုက နင့်ကို သိတောင် သိတာ မဟုတ်ဘူး'
'သိသိ...မသိသိဟာ... ထားလိုက်။ နင့်အပူမပါဘူး။ ၀င်မပြောနဲ့...'
'ဟား...ဟား...ဟား... အက်ဖီရေ နင်လည်း ဘယ်ဘ၀က ၀ဋ်ကြွေးလဲနော်။ တစ်ကျောင်းလုံးက ကောင်တွေက နင့်ကို ၀ိုင်းကြွေနေကြတဲ့အချိန် နင်က တီချယ့်ကြောင့် ခဏခဏ အသည်းကွဲနေရတဲ့အဖြစ်။ သနားစရာလေးဟာ... နင့်ကိုကြည့်ရတာ'
'သေနာကောင်... ကြည့်ရတာ သနားရင် မကြည့်နဲ့ပေါ့ဟာ... ငါလည်း နင့်ကို သနားပါလို့ ပြောနေလို့လား...'
အဲဒီနေ့က တကယ့်ကို အက်ဖီ ငေါင်းဆင်းဆင်းကြီးဖြစ်နေတာပါ။
အခန်းထဲကနေ ဘယ်ကိုမှလည်း မထွက်ဘူး။
နေ့လည် ထမင်းစားချိန်ရောက်တာတောင် Canteen ကိုမသွားခဲ့တာ။
ညနေ ကျောင်းဆင်းခါနီး ဟိုဖက်ခန်းက သီသီဆိုတဲ့ကောင်မလေး အခန်းထဲရောက်လာတယ်။
လက်ထဲမှာ ပန်းလေး တစ်ပွင့်ကို ကိုင်လျက်ပေါ့။
'အက်ဖီရေ... နင့်ကို တီချယ် ဒီပန်းပွင့် ပေးခိုင်းလိုက်လို့။ နင် ဟိုနေ့က တောင်းထားတယ်ဆို...'
'တီချယ် ... ဟုတ်လား ဘယ်တီချယ်လဲ? တီချယ်ဟေမာန်လား?'
'ဟဲ့ တီချယ်ဟေမာန်လား... ဟုတ်လား?'
'အက်ဖီက တီချယ့်ဆီက ပန်းတွေဘာတွေတောင်းလို့ပါလား'
'ဟဲ့ ဘာလို့ ပန်းတောင်းတာလဲ အက်ဖီ...'
သီသီလာပေးတဲ့ပန်းက အက်ဖီ့လက်ထဲမရောက်သေးဘူး။
အတန်းထဲက စိတ်ဝင်စားကြတဲ့ အတန်းသားအတန်းသူတွေရဲ့မေးခွန်းတွေက အက်ဖီ့ဆီ တန်းဆီပြီးရောက်လာတယ်။
ပျော်သွားကြတဲ့လူနဲ့။ အံ့သြသွားကြတဲ့လူနဲ့။
အက်ဖီလည်း အံ့သြတဲ့လူတွေထဲမှာပါတယ်။
မနက်က ပန်းသွားယူတုန်းကတော့ ရန်ဖြစ်လွှတ်ပြီး၊ အခုမှ သီသီနဲ့ လူသိရှင်ကြား ပန်းပေးခိုင်းတဲ့ တီချယ့်လုပ်ရပ်ကို အက်ဖီ နားကို မလည်နိုင်တော့။
နောက်ဆုံး အက်ဖီလည်း ဘာမှမပြောတော့ပဲ သီသီလက်ထဲက ပန်းကို ကောက်ယူပြီး တီချယ့်အခန်းဆီသို့ ခြေလှမ်းသွက်သွက်တွေနဲ့ ထွက်ခဲ့လိုက်မိတယ်လေ။
အနောက်ကနေ အက်ဖီ့ကို ဘယ်သွားမှာလဲ၊ တီချယ့်ဆီလား ဆိုတဲ့မေးခွန်းတွေကိုတောင် အက်ဖီတစ်ချက်လေးမှ လှည့်မဖြေပဲ ထွက်ခဲ့လိုက်တာပေါ့။
'ချယ်...'
အက်ဖီက တီချယ့်အခန်းထဲရောက်တာနဲ့ အခန်းဝကနေ ခပ်မာမာလေး လှမ်းခေါ်လိုက်တယ်။
တီချယ်ကတော့ သူ့ပုံစံအတိုင်း၊ သွေးအေးအေးနဲ့ အက်ဖီ့ကိုလှည့်ကြည့်တယ်။
'ဘာလို့ ပန်းပေးခိုင်းလိုက်တာလဲ? ဘာအဓိပ္ပါယ်လဲ?'
'မင်းမနက်က ယူမသွားလို့ပေးခိုင်းလိုက်တာလဲ... ဘာအဓိပ္ပါယ်ရှိရမှာလဲ?'
'ပြောတော့ သိက္ခာကျမှာစိုးလို့ဆို။ အခု သီသီက အခန်းဝကနေ လှမ်းအော်ပြီး လာပေးတာ။ အဲဒါကျတော့ရော တီချယ့်သိက္ခာက မထိခိုက်တော့ဘူးလား?'
'ထိခိုက်မလား... မင်းက ပန်းတောင်းလို့ တို့က ပေးတာလေ...'
'သူများတွေဘယ်လိုမြင်မလဲ?'
'စိတ်မ၀င်စားဘူး။ တို့ဖက်ကလည်း ထွေထွေထူးထူးဘာရည်ရွယ်ချက်မှမရှိတဲ့အတွက် တို့လိပ်ပြာ တို့လုံတယ်...နောက်ပြီး ဒီပန်းစည်းက လွှင့်ပစ်တော့မှာ။ မင်းကိုမပေးလည်း လွှင့်ပစ်ရမယ့်အတူတူ မင်းအတွက် ပန်းတစ်ပွင့်ပေးလိုက်တာ။ ဒါကိုလည်း သီသီအသိပဲ။ မယုံရင် သွားမေးကြည့်ပေါ့...'
ခပ်မာမာလေး ပြန်တုန့်ပြန်နေတဲ့ တီချယ့်မှာ အက်ဖီ့အပေါ် စွပ်စွဲချက်တွေ ပြင်းထန်နေခဲ့တယ်ဆိုတာကို မသိကျိုးကျွန်ပြုထားလို့နေပြန်တယ်။
ဒီအပြုအမူကိုပဲ အက်ဖီ အသည်းယားလှတာ။
ဒါ့ကြောင့် အက်ဖီလည်း လက်ထဲက ပန်းပွင့်ကို ဆတ်ခနဲ ဆုတ်ကိုင်ရင်း တီချယ်နဲ့အနီးဆုံးဆီသို့ တိုးကပ်လာခဲ့လိုက်တယ်။
'မင်း... မင်း ဒါဘာလုပ်ဖို့လဲ?'
'နမ်းဖို့... ခင်ဗျားကို အသည်းယားလို့ နမ်းပစ်ဖို့... ကဲ...'
-------------------------------------
ဆက်ရန်...
-------------------------------------
![](https://img.wattpad.com/cover/352978268-288-k646816.jpg)
YOU ARE READING
အသည်းနင့်အောင်... ချစ်တယ်
Romanceချစ်ခြင်းကို နူးညံ့မှုလို့ ခေါင်းစဉ်တပ်မယ်ဆိုရင် ကျမ ရယ်မောမိပါလိမ့်မယ်။