(Zawgyi code)
"ကောင်းပြီ... အက်ဖီ့ကြောင့် ဒီမေဂျာမှာ ရန်ပွဲဖြစ်တာတွေ... လူစည်ကားနေတာတွေ ပျောက်ကွယ်ဖို့ အက်ဖီ မဖြစ်မနေ တစ်ယောက်ယောက်ကို ရွေးချယ်ရမယ်ဆိုရင်တော့... အက်ဖီ... တီချယ့်ကိုပဲ ရွေးမယ်... တီချယ်... အက်ဖီနဲ့ တွဲမလား?"
တကယ့်ကို အက်ဖီ အတင့်ရဲစွာဖြင့် မေးချလိုက်တာပဲဖြစ်ပါတယ်။
"ဟာ..."
"ဟယ်..."
"အက်ဖီ..."
"အို... ကြမ်းတယ်ဟ..."
အက်ဖီ့စကားကြောင့် အတန်းထဲက လူတွေ အရမ်းကို အံ့သြသွားကြသလို အရမ်းလည်း ထိတ်လန့်သွားတယ်။
အက်ဖီလည်း ထိုစကားကို ပြောသာပြောလိုက်ရတာ၊ ဘာလို့ပြောလိုက်မိမှန်း မသိနိုင်တော့ဘူး။
ရင်ထဲက ခံစားချက်တွေကို မျိုသိပ်ရလွန်းလို့ ပွင့်အန်မိသွားတာမျိုးများလား?
ဒါပေမဲ့ လွန်သွားပြီဆိုတာတော့ သိတယ်။
တီချယ်လည်း အက်ဖီ့စကားကို ချက်ချင်းတုန့်ပြန်ရကောင်းမှန်း မသိဘူး။
ခဏတော့ အက်ဖီ့ကိုကြောင်ငေးကြည့်နေမိရင်း အရာရာတို့ ရပ်တံ့ကုန်တယ်။
ဒါပေမဲ့ ထိုသို့ ငြိမ်သက်မှုက ခဏတာလေးပါပဲ။
ချက်ချင်းပဲ အက်ဖီပြောလိုက်တဲ့စကားဟာ ဘယ်လိုအဓိပ္ပါယ် သက်ရောက်တယ်ဆိုတာကို ဦးနှောက်က နားလည်လိုက်တာနဲ့ တပြိုင်နက် ရှက်စိတ်နဲ့အတူတူ ဒေါသမီးဟုန်းဟုန်းတောက်ကာ လျှင်မြန်လှတဲ့ခြေလှမ်းတွေနဲ့အတူ အက်ဖီရှေ့ ရောက်ချလာတယ်။
အက်ဖီလည်း ပြောလိုက်မိတဲ့စကားဟာ တော်ရုံထက်ပိုပြီး စည်းကျော်သွားတယ်ဆိုတာကို သတိထားမိသွားတော့ တီချယ်ပေးမယ့် ဘယ်အပြစ်ဒဏ်ကိုမဆို ရင်ဆိုင်ဖို့ ပြင်ဆင်ထားလိုက်မိပြီ။
တီချယ်ဟာ အက်ဖီ့ကို မုန်းတီးစွာဖြင့် စိုက်ကြည့်ရင်း တီချယ့်ညာဖက်လက်တစ်ဖက် လေထဲ မြောက်သွားချိန်မှာ အက်ဖီလည်း အဆင်သင့် မျက်စိစုံမှိတ်ကာ မေးကို ကော့ထားပေးလိုက်မိတယ်။
တန်ပါတယ်။
တီချယ်တွေအချင်းချင်းတောင် လေးလေးစားစားဆက်ဆံလေ့ရှိတဲ့ တီချယ်ဟေမာန့်ကို အက်ဖီပြောလိုက်မိတဲ့စကားကြောင့် တီချယ်က အက်ဖီ့ကို ရိုက်မယ်ဆိုလည်း တန်ပါတယ်။
ဒီထက်တောင် မကတဲ့ အပြစ်ပေးမှုမျိုး ရသင့်ရထိုက်တာပါ။
အတန်းထဲက လူတွေလည်း ပွဲကြီးပွဲကောင်းကို လွတ်သွားမှာကို သေမတတ်ကြောက်သည့်အလား မျက်တောင်ပင် မခတ်ဝံ့ကြ။
အက်ဖီလည်း ရသမျှ အပြစ်ကို ခံယူဖို့ အသင့်ပဲပြင်ထားပြီဖြစ်လို့ လူရှေ့သူရှေ့ အရှက်ကွဲမယ်ဆိုလည်း ကွဲပါစေတော့။
"ဒေါက်... ဒေါက်... ဒေါက်... ဒေါက်..."
အက်ဖီ မျက်စိစုံမှိတ်၊ အားတင်းကာ မေးမော့ထာစဉ်မှာပဲ အထင်မှတ်စွာကြားလိုက်ရတဲ့ ခြေလှမ်းသံတစ်ချို့။
ထိုခြေလှမ်းတွေက အက်ဖီ့ဆီမှာ ဝေးရာသို့ လှမ်းသွားတဲ့ ခြေလှမ်းသံတွေ။
အက်ဖီအံ့အားသင့်စွာဖြင့် မျက်လုံးတွေ ဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ တီချယ်ဟာ အက်ဖီ့ကို ဘာအပြစ်မှ မပေးပဲ လှည့်ထွက်သွားပြီဆိုတာမြင်လိုက်ရတယ်။
ဒါဘာလုပ်တာလဲ တီချယ်ရယ်...
![](https://img.wattpad.com/cover/352978268-288-k646816.jpg)
YOU ARE READING
အသည်းနင့်အောင်... ချစ်တယ်
Romanceချစ်ခြင်းကို နူးညံ့မှုလို့ ခေါင်းစဉ်တပ်မယ်ဆိုရင် ကျမ ရယ်မောမိပါလိမ့်မယ်။