(Zawgyi code)
"ဟိတ်... လာဦး..."
"ဟင့်အင်း... မလာဘူး...သွား..."
"ဟာ... ဟေ့... မပြေးနဲ့လေ... ချော်လဲမယ်..."
"မသိဘူး... ပြေးမယ်...လဲချင် လဲပါစေ"
"နေဦး... ဟိတ်... နေဦးလို့... ဟိတ်... မင်းရပ်လိုက်စမ်း... အခုချက်ချင်းရပ်လိုက်စမ်း..."
ဘုကန့်လန့်ဂျစ်ကန်ကန်ကောင်မလေးက အခုလို ခပ်မာမာလေး ဖိဟောက်လိုက်တော့ ခြေလှမ်းတွေရပ်သွားရှာတယ်။
မျက်နှာက ဘူစူနေပြီး ခေါင်းငိုက်စိုက်ချလျက်ရှိတယ်။
အက်ဖီ ခပ်ရဲရဲလေး သူ့အနားတိုးလျှောက်သွားပြီး မေးစေ့ခပ်တင်းတင်းမော့ကာ သူမလေးကို စိုက်ကြည့်မိတယ်။
"ပြောစမ်း... မင်းကို ကျောင်းက တီချယ်ကြီးက တီချယ်တွေနေတဲ့အခန်းတွေဆီ မသွားဖို့ တားမြစ်မထားဘူးလား?"
မေးသံကိုကြားရဲ့သားနဲ့ ပြန်မဖြေဘူး။ ခေါင်းငိုက်စိုက်ချကြီးနဲ့ သူ့အင်္ကျီအောက်စကို လှမ်းဆွဲပြီး လိမ်ချိုးနေသေးတာ။
"မေးနေတယ်လေ... မဖြေဘူးလား။ တီချယ်ကြီးရုံးခန်းကို ပို့ပစ်လိုက်ရမလားပြော..."
"အာ.... အဲ့လိုတော့ မလုပ်နဲ့ တီချယ်ရယ်..."
မော့ကြည့်လာတဲ့မျက်နှာလေးက ဖြူဝင်းဝင်းလေး။
သနားစဖွယ်ကြောက်လန့်နေတဲ့ ကလေးမလေးကို စိုက်ကြည့်ရင်း အက်ဖီ ရယ်ချင်စိတ်ကို မနည်းကြီးထိန်းထားရတယ်။
တကယ်တော့ အက်ဖီက ထိုကလေးမကိုချောက်လှန့်ချင်ရုံသက်သက်သာ။
ဒီကလေးမလေးကို အက်ဖီသတိထားမိတာကြာပြီ။
ကျောင်းမှာဆို သင်းကွဲလို့တောင်ပြောလို့ရတယ်။
စကားပြောရင် ဘုဘောက်နဲ့။
အတန်းထဲမှာ သူနဲ့တည့်တဲ့လူကလည်း တော်တော်ရှားသေးတာ။
မနည်းကြီးသီးခံနိုင်တဲ့ကလေးလောက်ပဲ သူနဲ့ပေါင်းလို့ရတာ။
ဒါပေမဲ့ အဲဒီလိုပေါင်းလည်းအများဆုံး ၂ ရက်၊ ၃ ရက်ပေါ့။
သူ့ဒဏ်ကို ဘယ်ကျောင်းသားမှ မခံနိုင်တာ။
အစအနောက်သန်တာလားဆိုတော့လည်း မဟုတ်ဘူး။
မျက်နှာကတည်တာမှ မသိရင် သူ့ရှာစာပဲ တစ်ကျောင်းလုံးက ထိုင်စားနေရသလိုလိုပုံ။
စာကျတော့လည်း တော်နေတာမျိုးမဟုတ်။
စာကိုလိုက်လုပ်လားဆိုတော့လည်း လိုက်မလုပ်။
သူ့ဗလာစာအုပ်ထဲ အိမ်စာစစ်လိုက်တိုင်း တစ်ခါမှ စာအပြည့်လုပ်လာတယ်ဆိုတာမရှိဘူး။
အတန်းထဲ စာသင်နေရင်း အိပ်ငိုက်ချင် ငိုက်နေသေးတာ။
ထိုင်တော့လည်း စာသင်ခန်းရဲ့ဟိုးနောက်ဆုံးတန်း၊ ထောင့်မှာထိုင်တာ။
စာသင်နေရင်း မုန့်ခိုးစားလိုက စားနေသေးတာ။
စိတ်ထင်တိုင်းလုပ်နေတာမျိုး။
ဆရာမတွေဆိုဆုံးမရင်လည်း ငုံ့ခံနေတတ်ပြီး၊ ပြန်မပြောနားထောင်ဟာလေး။
နောက်တော့ ဆရာမတွေလည်း လက်လျော့ပြီး သူ့ဆို ဘယ်ဆရာမကမှ အရေးမလုပ်ချင်ကြတော့။
ဒါကို အက်ဖီ ဒီကျောင်းကိုစရောက်တည်းက သူ့ကိုသတိထားမိတာ။
သူ့ပုံစံကလေးက တစ်မျိုးလေးနော်ဆိုပြီး တီချယ်နော်ဖောကို မေးကြည့်သေးတယ်။
တီချယ်နော်ဖောက မသိရင် သရဲအကြောင်းမေးခံလိုက်ရသလို တကိုယ်လုံး တွန့်လိမ်သွားပြီး "အမယ်လေး... အဲဒါလေးနဲ့ ဝေးဝေးနေ... သူ တော်တော်ဆိုးတာ"ဆိုပြီးပဲ အတင်းကြီးကြောက်လန့်တကြားပြောနေလို့ အက်ဖီလည်း ရှည်ရှည်ဝေးဝေးဆက်မမေးဖြစ်တော့။
နောက်ပိုင်း အက်ဖီ သူ့စာသင်ခန်းကိုဝင်ပြီး သင်ဖြစ်တော့ သူ့ကိုလေ့လာမိတယ်။
ဟုတ်ပါ့။ တီချယ်တွေလက်လန်တာလည်းမပြောနဲ့။
စာသင်နေတဲ့အချိန် ဆော့ချင်ဆော့နေသေးတာ။
သူဆော့ပုံကလည်း အဆန်းသား။
ခန္ဓာကိုယ်ကတော့ ထိုင်ခုံပေါ်ပုံစံမပျက်ထိုင်နေပြီး မသိရင် စာကို တကယ်ပဲ စိတ်ဝင်တစား လိုက်နားထောင်နေပါတယ်ပေါ့၊ ဒါပေမဲ့ အောက်ပိုင်းမှာ ခြေထောက်က ဘဲလေးအက, ကသလို က,ပြီး ကစားနေတာမျိုး။
အဲ့တော့ အက်ဖီ့မှာ ငြိမ်ငြိမ်နေလို့ အော်ဖို့လည်း အခက်။ သူက ငြိမ်နေတာကိုး။
မဆော့နဲ့လို့ပြောဖို့ကလည်း သူဆော့နေတာ မသိသာ။
အဲ့လို တီချယ်တွေကို အခက်တွေ့အောင်လုပ်တတ်တဲ့ကလေးမ သေးသေးလေး။
တီချယ်တွေဆီက ပြန်ကြားရတဲ့စကားကြောင့်ရော၊ ဘယ်ကျောင်းသားနဲ့မှ မတည့်တဲ့ထိုကလေးကို အက်ဖီ သိသိသာသာ ခပ်တန်းတန်းနေခဲ့မိတယ်။
ဘာလို့လဲဆိုတော့ ကိုယ့်ကို မလေးမစားနဲ့ လာရိုင်းနေရင် ကိုယ်ပဲ အရှက်ကွဲမှာလေ။
ဒါပေမဲ့ တစ်ရက်မှာတော့ အဲဒီကလေးမလေးက အက်ဖီ့စာသင်နေတဲ့အချိန် စာအုပ်ကို တလေးတစားလိုက်ကြည့်နေတာကို အံ့အားသင့်ချင်စရာကောင်းစွာ မြင်ခဲ့ရတယ်။
အဲ့ဒီနေ့ကတည်းက အက်ဖီ ထိုကလေးမအပေါ်မြင်နေတဲ့ အမြင်ဆိုးကြီးက နည်းနည်းချင်းစီ လျော့ကျလာခဲ့တယ်။
အက်ဖီ့အတန်းချိန်မှာ သူ စာလိုက်ကြည့်တဲ့အကြောင်း တခြားတီချယ်တွေကို ပြောပြတော့ တီချယ်တွေ တစ်ခန်းလုံးဝိုင်းဟားတာကိုခံလိုက်ရသေးတာ။
"အက်ဖီရယ်... ငါတို့လို အရိုက်ကြမ်းပါတယ်ဆိုတဲ့ ဆရာမတွေရဲ့စာကိုတောင် သင်းကလေးက နည်းနည်းမှ မလုပ်တာ၊ ရှင့်လို သဘောကောင်း မနောကောင်းဆရာမရဲ့စာကို သင်းလာလုပ်မှာ..."
"အေးဟယ်.... စာလုပ်ချင်ဟန်ဆောင်ပြီး သူ ပုံဆွဲနေတာလားမှ မသိတာနော်"
"သူ့ကို မယုံနဲ့နော်။ မျက်နှာလေးက အရုပ်မလေးလို ချစ်စရာကောင်းပေမယ့် သူ့စိတ်က အရမ်းကြမ်းတမ်းတာ၊ အက်ဖီ မှန်တန်းပဲနေ... ကြားလား"
တစ်ယောက်တစ်ခွန်းဝိုင်းပြောကြတဲ့ တီချယ်တွေရဲ့စကားတွေဟာ အက်ဖီ့ကို စိုးရိမ်ကြလို့ဆိုတာ သိသာပါတယ်။
ဒါပေမဲ့ ထိုကလေးမလေးအပေါ် အမြင်ကြည်လင်ချင်နေတဲ့ အက်ဖီ့အတွင်းစိတ်ကိုတော့ ဘယ်သူမှ တားမရ။
နောက်ရက်တွေမှာ အက်ဖီသတိထားမိတာ အက်ဖီ့အခန်းရှေ့မှာ တောရိုင်းပန်းလေးတစ်ပွင့်တစ်ပွင့်ရောက်နှင့်နေတာ။
မနက်ကျောင်းသွားခါနီးတိုင်းရောက်ရောက်နေတဲ့ထိုတောပန်းလေးတွေဟာ တစ်ရက်နဲ့တစ်ရက် အရောင်မတူဘူးရယ်။
ဘာပဲဖြစ်ဖြစ် အဲဒီပန်းလေးတွေမြင်လိုက်ရရင်တော့ အက်ဖီ့စိတ်ထဲ လန်းဆန်းသွားခဲ့ရတယ်လေ။
အဲ့ဒီပန်းလေးတွေဟာ တစ်ပတ်ဆက်တိုက် အက်ဖီ့အခန်းရှေ့ရောက်နှင့်နေပြီး စနေ၊ တနင်္ဂနွေနေ့တွေကျတော့ ရောက်မလာဘူး။
ဒါပေမဲ့ တနင်္လာနေ့ရောက်ပြန်တော့ ပန်းလေး ပြန်ရောက်လာတယ်။
ဒီတော့ အက်ဖီတွေးမိတာဟာ ဒီပန်းလေးတွေကို လာလာထားပေးနေတဲ့လူဟာ စနေနဲ့ တနင်္ဂနွေမှာတော့ ပန်းလာပေးဖို့ မအားရှာဘူးလို့ပေါ့။
ဒီလိုနဲ့ ပန်းလေးတွေ အက်ဖီ့ဆီရောက်ရောက်နေတာ ၁ လတောင်ကျော်ချင်ချင်ဖြစ်နေပြီ။
ဒါပေမဲ့ ယနေ့ အက်ဖီ့ဆီရောက်လာတဲ့ ဒေစီပန်းခရမ်းရောင်လေး။
မနက်စောစော ပန်းလေးကိုမြင်လိုက်ရတော့ အက်ဖီသိပ်ကိုအံ့သြသွားခဲ့ရတာ။
ဘာလို့လဲဆိုတော့ ပန်းလေးတွေက စနေ့၊ တနင်္ဂနွေဆို ခွင့်ယူတတ်ကြတာလေ။
ဒါပေမဲ့ ဒီနေ့က စနေ နေ့။
ပန်းကို အံ့သြတကြီးကြည့်နေရင်း ခြေသံကြားလို့ လှမ်းကြည့်လိုက်တော့ ဂါဝန်ပန်းနုရောင်လေးဝတ်ထားတဲ့၊ မပြင်မဆင်ဆံပင်ခွေလိမ်လိမ်လေးတွေ ကျောလယ်ထိကျနေတဲ့ ဖြူဝင်းဝင်း အရုပ်မလေးနဲ့တူတဲ့ ကလေးမလေးက ထွက်ပြေးနေတာ။
ဒါကိုလှမ်းမြင်လို့ အက်ဖီ လှမ်းအော်ပြီးခေါ်တော့ သင်းက မလာဘူးဆိုပြီး ဆက်ပြေးနေသေးတာ။
နောက်မှ အသံခပ်မာမာနဲ့ ငေါက်အော်လိုက်မှ သူ့ခြေလှမ်းလေးရပ်သွားတာ။
အခုတော့ အက်ဖီ့ကို အသနားခံမော့ကြည့်နေတဲ့ကောင်မလေးဟာ အတန်းထဲမှာ အဆိုးတကာ့အဆိုးဆုံး ကျောင်းသူလေးလို့ ခေါင်းစဉ်တပ်ရမှာတောင် အားနာရမလိုလို။
တကယ့်ကို ဖြူစင်အပြစ်ကင်းလှတဲ့မျက်ဝန်းနက်နက်ဝိုင်းဝိုင်းကြီးတွေက သူ့ကိုမြင်တဲ့လူတိုင်း ချစ်ချင်စရာကြီး။
အက်ဖီ ခပ်တည်တည်နဲ့ လက်တစ်ဖက်ရှေ့တိုးသွားရင်း ကောင်မလေးရဲ့ပါးကို ခပ်မာမာလေး ဆွဲဖျစ်ညှစ်ပလိုက်တယ်။
"အား... နာတယ်ရှင့်..."
"မင်းအသက်က ဘယ်လောက်လဲ?"
"မာမီပြောတာတော့ ၅ နှစ်တဲ့..."
"အဲဒါဆို မင်းဒယ်ဒီပြောတော့ ဘယ်နှစ်နှစ်တဲ့လဲ?"
"မသိဘူးလေ... ဒယ်ဒီမှ မရှိတာ..."
"ဒယ်ဒီက ဘယ်သွားလို့လဲ..."
ကောင်မလေးက ကောင်းကင်ပေါ် ရုတ်တရက်မော့ကြည့်ပြီး လက်ညိုးလေးထိုးပြရှာတယ်။
"မိုးပေါ်တက်သွားတာ..."
လေယဉ်ပိုင့်လော့လုပ်တာတော့ မဖြစ်နိုင်လောက်ဘူးလို့ အက်ဖီတွေးရင်း ကောင်မလေးအတွက် စိတ်မကောင်းဖြစ်မိတယ်။
အော် ငယ်ငယ်ရွယ်ရွယ်နဲ့ ဖခင်မဲ့နေရတဲ့ဘဝလေး။
"ဒါနဲ့ မင်းနာမည် ဘယ်လိုခေါ်လဲ?"
"ဟေမာန်..."
ကလေးမလေး တစ်ခွန်းထဲ ခပ်တိုးတိုးလေးပြောလိုက်တဲ့ ဟေမာန်ဆိုတဲ့အသံဟာ အက်ဖီအကြားအာရုံထဲမှာတော့ မောင်းတစ်ခုကို အားနဲ့အထုခံလိုက်ရသလို တုန်ခါရီဝေကုန်တယ်။
အဲဒီနာမည်... အဲဒီနာမည်... ဟုတ်တယ် အဲဒီနာမည်။
အက်ဖီ အဲ့ဒီနာမည်ကို မေ့ထားခဲ့တာ ကြာပြီ... ကြာပြီဆိုမှ တော်တော့်ကိုကြာပြီ။
ဘယ်နှစ်နှစ်လောက်ရှိပြီလဲဆိုတော့ အနည်းဆုံးတော့ ၄ နှစ်ကျော်လောက်ပြီပေါ့။
ဟုတ်တယ်နော်... အက်ဖီတောင် ဆရာမတစ်ယောက်အဖြစ် ဒီတောင်ပေါ်မြို့လေးကိုရောက်နေတာ အခုဆို ၃ နှစ်တောင်ကျော်နေပြီပေါ့။
အော်... အချိန်တွေဟာ ကုန်ဆုံးတာမြန်လိုက်တာလို့ လွယ်လင့်တစ်ကူပြောတတ်ကြတဲ့လူတွေကို အက်ဖီပြန်မေးကြည့်ချင်တယ်သိလား။
လူတစ်ယောက်ကို လွမ်းဆွတ်နေရင် အဲဒီအကုန်မြန်ပါတယ်ဆိုတဲ့အချိန်တွေက အေးစက်တုံ့ခဲနေပြီး တော်တော်နဲ့ မကုန်တတ်ကြဘူးဆိုတာ ခင်ဗျားတို့သိလားဆိုပြီးပေါ့။
ဘာဖြစ်လို့လဲဆိုတော့ အဲဒီနေ့က ဆေးရုံအခန်းထဲက သမင်လည်ပြန်လှည့်ကြည့်သွားတဲ့ တီချယ့်မျက်နှာလေးကို အက်ဖီဟာ မနေ့တနေ့က လတ်လတ်ဆတ်ဆတ်မြင်ဖူးထားသလိုကို မှတ်မိနေတာ။
ဒီ ၄ နှစ်တာကာလအတွင်း တီချယ့်ကို သတိလက်လွတ်မေ့ထားမိရင်း တစ်ရက်မပြောနဲ့ တစ်နာရီလောက်ကိုတောင် မဖြတ်သန်းဖူးတာ။
မေ့ထားတယ်ဆိုတာ လူကြားကောင်းအောင်ပြောတာပါ။
မေ့ထားလို့မှ မရတာ။ မေ့ထားချင်တယ်လို့ပြောရမှာ တကယ်က။
အခု တီချယ်နဲ့ဝေးရာမှာ နေနိုင်သွားပြီလို့ တီချယ်ထင်ကောင်းထင်နေတယ်။
ဒါပေမဲ့ ဝေးရာမှာ နေနိုင်သွားတာမဟုတ်ရပါဘူး။
တီချယ်နဲ့ဝေးပြီး နေတတ်သွားတာပါ။
YOU ARE READING
အသည်းနင့်အောင်... ချစ်တယ်
Romanceချစ်ခြင်းကို နူးညံ့မှုလို့ ခေါင်းစဉ်တပ်မယ်ဆိုရင် ကျမ ရယ်မောမိပါလိမ့်မယ်။