(Zawgyi code)
နာမည်ကြောင့်လား၊ သူမလေးကပဲ ချစ်စရာလေးမို့လို့လားမသိ။
ဟေမာန်နဲ့ အက်ဖီတို့ အချိန်တိုလေးအတွင်းသိသိသာသာခင်မင်သွားကြတယ်။
အက်ဖီ့အိမ်ခန်းလေးရှေ့ ပန်းလေးတွေ လာလာထားတာ ဟေမာန်ဆိုတာသိလိုက်ရတဲ့နေ့တည်းက ဟေမာန်ဟာ သိသိသာသာ အက်ဖီ့စိတ်ထဲ ရင်းနှီးသွားတယ်။
ဒါပေမဲ့ အခုမှ ရုတ်တရက်ကြီး စိတ်ထဲရင်းနှီးမိတာတော့မဟုတ်ပါဘူး။
အက်ဖီဟာ အရင်တည်းက အဲဒီဟေမာန်လေးကို သတိထားမိနေတာပါနော်။
အတူတူလုပ်တဲ့အက်ဖီ့ထက် သက်တမ်းရင့်ဆရာမတွေရဲ့ တားမြစ်မှုကြောင့်သာ အက်ဖီဟာ ဟေမာန်လေးနဲ့ ခပ်တန်းတန်းနေခဲ့မိတာ။
ဒါပေမဲ့ အက်ဖီ ကျောင်းသားတွေထဲ ပထမဆုံး သတိထားမိတာ ဟေမာန်ပဲလေ။
အခုတော့ ဆရာမတစ်ယောက်အတွက် ပန်းလာပေးရမယ်ဆိုတဲ့အသိရှိနေတဲ့ ဟေမာန်ဟာ တခြားဆရာမတွေပြောသလို မဆိုးလောက်ဘူးလို့ အက်ဖီယုံမိတယ်။
ဒီလိုနဲ့ ပထမဆုံး အက်ဖီ့ခြေလှမ်းက ကောင်မလေးကို စာသင်ခန်းထဲမှာ ငြိမ်ငြိမ်ထိုင်ခိုင်းတာ။
"ဟေမာန်..."
မနက်က ပန်းလာပေးရင်း သိခဲ့တဲ့ သူ့နာမည်ကို အက်ဖီမှတ်မိနေတဲ့အတွက် ဟေမာန်သိပ်ကိုအံ့အားသင့်သွားတယ်။
ခါတိုင်း "ဟဲ့ ဟိုကလေးမ"လို့လှမ်းခေါ်ရင် သူ့ခေါ်မှန်းသိရဲ့သားနဲ့ လှည့်တောင်မကြည့်တဲ့ ဟေမာန်ဟာ ချက်ချင်းဆိုသလို အက်ဖီ့ခေါ်သံကြားတာနဲ့ နေရာမှာတင် မတ်တပ်လေးရပ်၊ လက်လေးပိုက်ပြီး "ရှင်...တီချယ်"လို့ ပြန်ထူးပုံလေးက တကယ့်ကို လိမ္မာရေးခြားရှိတဲ့ ကျောင်းသူလေးတစ်ယောက်နှယ်။
"မင်းကို တီချယ်တစ်ခုပြောမယ်။ ဒီနေ့ကစပြီး စာသင်နေချိန်ဆို အတန်းထဲမှာ မဆော့ပါနဲ့လားလို့... မင်း နားထောင်ပေးလို့ အဆင်မှပြေပါ့မလား..."
"အော်... ဟုတ် တီချယ်... ဟုတ်... နောက် မဆော့တော့ဘူး"
ဟေမာန် ချက်ချင်း ပြန်ဖြေလိုက်တုန်းက အက်ဖီဟာ ဒီလောက်လွယ်မယ်လို့ကို မထင်ခဲ့တာ။
ဒါပေမယ့် ဘာသားချောမလေးက တကယ်ပါ... နောက်အက်ဖီ့အချိန်ဆို ဆော့ကို မဆော့တော့ပဲ စာလိုက်ကြည့်ရှာတာ။
ဒီလိုနဲ့ စာလိုက်လုပ်ဖို့၊ အိမ်စာလုပ်ဖို့၊ စာကျက်ဖို့ တဆင့်ချင်းစီ အက်ဖီ ကြိုးစားခဲ့တာ။
ဘယ်တုန်းမျှ စာလိုက်မလုပ်တဲ့ ဟေမာန်ဟာ အက်ဖီသင်တဲ့ အင်္ဂလိပ်စာဘာသာမှာ အမှတ်အများဆုံးရတဲ့အထိပေါ့။
အဲဒီနောက်ပိုင်းမှာတော့ ဟေမာန့်ကိုမနိုင်တဲ့ တခြားဆရာမတွေကလည်း သူတို့တစ်ခုခုပြောစရာရှိရင် အက်ဖီ့ဆီလာအကူညီတောင်းကြတယ်လေ။
"အက်ဖီရေ ညည်းဟာလေးကို ပြောစမ်းပါဦးဟယ်။ ငါ့ဘာသာကို အိမ်စာလေးဘာလေးလုပ်ခဲ့ပါဦးလို့"
"အက်ဖီရေ... ဟေမာန်ရယ် ဟိုဖက်ခန်းက ကျောင်းသားတွေကို သွားအနိုင်ကျင့်နေတယ်။ အဲဒါ နည်းနည်းပါးပါး ဆုံးမပေးပါဦး"
"အက်ဖီရေ... ငါ့အတန်းချိန်မှာ ဟေမာန်က ဆော့ဆော့နေတယ်ဟယ်။ အဲဒါ နင်ပြောပေးပါဦးနော်။ သူ ဆော့နေတော့ တခြားကျောင်းသားတွေလည်း အာရုံနောက်ရတယ်လေ"
ဒီလိုနဲ့ အက်ဖီလည်း ဟေမာန့်ကို လူတွေနဲ့ ဘယ်လိုပေါင်းသင်းဆက်ဆံရမယ်... ဆရာမတွေဆို ဘယ်လိုအရိုသေပေးပြီးဆက်ဆံရမယ်ဆိုတာတွေ တဖြည်းဖြည်းနဲ့ သင်ပေးမိတယ်။
ဟေမာန်လေးကလည်း လိုလိုချင်ချင်ပဲ လိုက်သင်တယ်၊ နားထောင်တယ်၊ လက်ခံကျင့်သုံးပေးတယ်။
တခါခါ မကျေနပ်ရင် မကျေနပ်သလို တလွဲလုပ်တာလေးကလွဲလို့ပေါ့။
အက်ဖီဟာ ဟေမာန့်စိတ်ကို သိသိသာသာနားလည်နေမိတာတော့ အံ့ဖွယ်တစ်ရပ်ပါပဲ။
မြို့လယ်က ပန်းရောင်းတဲ့မိန်းမက ဟေမာန့်အမေ။
ဟေမာန်က စနေ၊ တနင်္ဂနွေဆို အမေကို ဆိုင်ဝိုင်းကူဖွင့်ပေးရတယ်။
အဲဒါကြောင့် အက်ဖီ့ဆီပန်းကို စနေ၊ တနင်္ဂနွေဆို လာမပို့ပေးနိုင်ခဲ့ရှာတာ။
ဟေမာန့်အဖေဟာ ဟေမာန်ငယ်စဉ်တည်းက တောလိုက်ရင်း ၀က်ဝံ့နဲ့ ထိပ်တိုက်တိုးပြီးသေဆုံးခဲ့ရတာ။
ငယ်စဉ်တည်းက အဖမဲ့ခဲ့တော့ ဟေမာန်ဟာ ဘဝကြီးကို အရွဲ့တိုက်နေတာ။
ဟေမာန့်ကိုသူ့အမေလည်း မနိုင်ဘူးရယ်။
ပထမဆုံး အိမ်မှာ ဟေမာန် စာကျက်တော့ သူ့အမေက ကျောင်းကို မအားတဲ့ကြားက တကူးတကန့်လိုက်လာပြီး သူ့သမီးလေး ဘာများဖြစ်လို့လဲ... ရူးများသွားပြီလားဆိုပြီး ဆရာမတွေကို လာမေးရတဲ့အထိပဲဆိုပါတော့။
အဲဒီနောက်ပိုင်းမှာတော့ ဟေမာန်ဟာ မသိရင် လူသစ်တစ်ယောက်လို့တောင် ပြောယူရလိုအထိ လိမ္မာသွားရှာတာ။
အခုဆို ဟေမာန်က အတန်းထဲစာလည်းလိုက်လုပ်တယ်၊ စာတော်ပါတယ်ဆိုတဲ့စာရင်းထဲ မပါသေးပေမယ့် အရင်ကလောက်တော့ မဆိုးတော့ဘူးပေါ့။
ပြီးတော့ ဟေမာန်ဟာ အကြောင်းအမျိုးမျိုးပြပြီး ညနေပိုင်းဆို အက်ဖီ့အိမ်ခန်းလေးထဲရောက်ရောက်လာတတ်သေးတာ။
စာလာမေးမယ်၊ ဟင်းလာပေးမယ်၊ ၀ိုင်လာပေးမယ်၊ ပန်းလာပေးမယ်၊ မနက်ဖန် ဘာစာတွေသင်မှာလဲဆိုပြီးလာမေးမယ်... စတဲ့ စတဲ့ အကြောင်းပြချက်တွေနဲ့ ရောက်ရောက်လာတာ။
ရောက်လာရင်လည်း အက်ဖီ့ကို လေးလေးနက်နက်လေး ငေးကာ ငေးကာကြည့်နေတတ်သေးတာ။
ဟေမာန်ဟာ အက်ဖီ့ကြောင့်ပြောင်းလဲလိမ်မာလာတယ်ဆိုတာကို ဟေမာန့်မာမာသိရတဲ့နေ့က အက်ဖီ့ဆီရောက်လာပြီး ၀ိုင်တွေမှ အများကြီးရယ်၊ လက်ဆောင်လာပေးသွားတာ။
သူ့သမီးလေးကို ကိုယ့်ရင်ဝယ်သားလိုသဘောထားပြီး ဆုံးမဖို့ကိုလည်း အပ်သွားသေးတာ။
အခုဆို ဟေမာန့်ကို တစ်ခုခုပြောချင်ပြီဆို "အေး... ညည်းကိုတီချယ်အက်ဖီနဲ့တိုင်ပြောမှာနော်"လို့သာခြောက်လိုက်တာနဲ့ ဟေမာန်ဟာ တကယ့်ကိုလက်ညိုးထောင်ခေါင်းညိတ်ဖြစ်သွားတာ။
ကျောင်းမှာဆို အက်ဖီ့ကို တခြားတီချယ်တွေနဲ့ အက်ဖီ့ကလေး၊ အက်ဖီဟာလေး၊ အက်ဖီ့ဘော်ဒါဆိုပြီးပြောတဲ့အထိ ဖြစ်လာခဲ့တာ။
ဟေမာန်အခုလိုပြောင်းလဲသွးတယ်ဆိုတာ အချိန်အများကြီးလည်း မကြာလိုက်ဘူးရယ်... ။
အများဆုံးကြာ ၂ လပေါ့။
တစ်ရက်ထက်၊ တစ်ရက်လည်း အက်ဖီနဲ့ ဟေမာန်ဟာ သိသိသာသာပိုပိုပြီးရင်းနှီးလာခဲ့တယ်။
အရင်ကဆို ကျောင်းကို ဆံပင်ဖားလျားနဲ့ လာလေ့ရှိတဲ့ ဟေမာန်ဟာ မနက်ဆို သူအိမ်ကတကူးတကန့်လာပြီး အက်ဖီ့ဆီမှာ သူ့ဆံပင်ကို ကျစ်ဆံမြှီးကျစ်ခိုင်းတဲ့အထိပဲဆိုပါတော့။
အခုဆို ဟေမာန်ဟာ အတန်းထဲက ကျောင်းသား/သူတွေနဲ့လည်း သင့်တင့်အောင် ပေါင်းသင်းတတ်နေပြီလေ။
ဘာပဲဖြစ်ဖြစ်.... တခြားကျောင်းသားတွေနဲ့မတူပဲ တမူပိုပြီး ဟေမာန့်အပေါ် အက်ဖီသံယောဇဉ်တွယ်မိတယ်ဆိုတာ ဟေမာန်ဆိုတဲ့နာမည်ကြောင့်လား?
ကံကြမ္မာကြောင့်လားဆိုတာတော့ အက်ဖီလည်း ဝေဝေခွဲခွဲ မသိနိုင်ပါဘူး။
ဒါပေမဲ့ ဟေမာန်ဆိုတဲ့ ဒီနာမည်ပိုင်ရှင်လေးကလည်း ပထမဟေမာန်ဆိုတဲ့နာမည်ပိုင်ရှင်လိုပဲ အက်ဖီ့ဘဝထဲကို သိသိသာသာ ခပ်သွက်သွက်လေးရောက်ရှိလာတယ်လေ။
-------------------------------------
"နင် အခုထက်ထိ မမေ့နိုင်သေးတာလား အက်ဖီ?"
နားမလည်မှုမျက်ဝန်းတွေနဲ့မေးလာတဲ့ ထက်ယံရဲ့မေးခွန်းကြောင့် အက်ဖီ အဟင်းလို့ အသံထွက်အောင်ပြုံးမိသွားတယ်။
"ထက်ယံရယ်.... နင်ကလည်း မေးတတ်လိုက်တာနော်။ နင် မသိတာလားဟင်? ငါ တီချယ့်ကို ပျော်ဝင်ခဲ့မိတာ ခပ်တိမ်တိမ်လေးမှ မဟုတ်တာဟာ။ နင့်နင့်နဲနဲနဲ့ကို ပျော်ဝင်ခဲ့မိလို့ ဘဝတစ်ခုလုံးကိုတောင် ပြောင်းပြစ်ပြီး ဒီတောင်ပေါ်မြို့လေးမှာ လာပုန်းနေမိတာပေါ့။ ဘယ့်နှယ့်ဟယ်... ငါလည်း မေ့ချင်တာပေါ့... ဒါပေမဲ့ ဘယ်လို မေ့နိုင်မလဲ ? နင့်မှာ သူ့ကိုမေ့လို့ရမယ့် နည်းလမ်းလေးဘာလေးရှိရင်လည်း ပြောလေ... ငါ ကြိုးစားကြည့်ချင်တယ်"
"ငါက မဖြစ်နိုင်တာကို မေးလိုက်တာမဟုတ်ပါဘူးဟာ... အချိန်တွေလည်း ကြာလာပြီဆိုတော့လေ... နင်များ မေ့နေပြီလားလို့ပါ။ နောက်ပြီး နင် ခုနောက်ပိုင်း တီချယ့်အကြောင်းလည်း သိပ်မပြောတော့ဘူးဆိုတော့လေ..."
"အချိန်တွေသာကြာသွားတာ သိလား။ သူက ငါ့နှလုံးသားထဲကို မျှားတစ်စင်းလို နင့်နင့်ပြီး ၀င်ဝင်လာနေတာ။ အဲဒီ နစ်ဝင်မှုက ဘယ်တော့မှ မရပ်တံ့ဘူး။ အချိန်ကြာလေ နစ်ဝင်လေ။ ပါးစပ်က ထုတ်ဖော်မပြောတော့ဘူးဆိုတာ လွမ်းပါတယ်ဆိုတဲ့ စကားလုံးကို တခြားဘယ်လိုစကားလုံးတွေသုံးပြီး ထပ်ပြောရမလဲဆိုတာ မသိတော့လို့ပါ။ ဒါပေမဲ့ သူက ငါ့နှလုံးသားထဲ နေရာအပြည့်ကိုယူပစ်ထားတာလေ..."
"အခု ငါက သူ့ကို ဒီစာသွားပေးရမှာဟုတ်လား..."
ထက်ယံလက်ထဲရောက်နှင့်နေပြီဖြစ်တဲ့ အက်ဖီပေးလိုက်တဲ့စာလေးက တစ်ညလုံးရေးထားရလို့ ခပ်နွမ်းနွမ်းဖြစ်နေရှာတယ်။
ဒါ့အပြင် ရေးရင်းကျလာတဲ့မျက်ရည်စက်များကြောင့် ရေစက်ရေပေါက်တွေလိုလိုဖြစ်နေပြီး တချို့ မှင်ရည်တွေလည်း ပျက်လုလုဖြစ်နေသေးတယ်လေ။
"ငါက သူ့ကိုဘယ်တော့မှ လာမရှာဘူး၊ သူ့ရှေ့ဘယ်တော့မှ ပေါ်မလာဘူးဆိုတဲ့စကားကိုပြောခဲ့ဖူးတယ် ထက်ယံ၊ အဲဒီစကားဟာ ငါတို့နောက်ဆုံးတွေ့တဲ့နေ့မှာပြောခဲ့တာ။ ငါ အဲဒီစကားကိုတည်ချင်တယ်ဟာ။ အဲဒီတော့ နင်ဒီတစ်ခါလည်း ငါ့ကိုကူညီမှပဲဖြစ်မယ်"
"နင်ပေးတဲ့စာမို့ သူ မယူရင်ရော?"
"ငါပြောခဲ့ပါတယ်။ ငါ သူ့ကို စာတစ်စောင်ပေးမယ်ဆိုတာ... သူ လက်ခံမှာပါ"
"အေးပါဟာ... အဲဒါဆို ငါပေးပေးပါ့မယ်..."
"တီချယ်..."
မထင်မှတ်စွာ အခန်းဝပေါ်လာတဲ့ ဟေမာန်လေးက အခန်းထဲမှာ ထက်ယံကိုတွေ့လိုက်ရတော့ မလိုလားသလို မျက်မှောင်ကြီးကုတ်ပြီး အက်ဖီ့ကို ပိုင်စိုးပိုင်နင်းလေး လှမ်းခေါ်တယ်။
သူ ထက်ယံကို မလိုလားဘူးဆိုတာ အရမ်းကိုသိတာတယ်။
ခွေကောက်နေတဲ့ သူ့ဆံပင်အောက်သားလေးတွေကို လက်နဲ့ ထိုးချေနေရင်း ဆူပုတ်နေတဲ့ မျက်နှာက နှုတ်ခမ်းလေးဟာ သိသိသာသာဆူထော်နေတယ်။
ထက်ယံကတော့ အကြောင်းမသိသူဆိုတော့ သူမလေးကိုမြင်လိုက်တာနဲ့ မျက်နှာက ၀င်းခနဲဖြစ်ပြီး ချစ်ခင်မှုတွေ တိုးပွားသွားတယ်လေ။
"ဟယ်... ကလေးမလေးက ချစ်စရာလေး... သမီး... သမီးက အက်ဖီ့ ကျောင်းသားတွေထဲက တစ်ယောက်လား... သမီးက ချစ်ဖို့ကောင်းလိုက်တာ... နာမည်ဘယ်လိုခေါ်လဲ... ..."
"သိချင် တီချယ့်ကိုမေး..."
ထက်ယံကို ဘုဘောက်တောလွှတ်လိုက်တော့ ထက်ယံမျက်နှာက အင့်ခနဲဖြစ်သွားတယ်။
အက်ဖီတော့ မရယ်မိအောင်အံကျိတ်ထားပင်မဲ့ ကျိတ်ပြုံးမိသွားတယ်။
"တီချယ်... သူ ဘယ်သူလဲ?"
ဟေမာန်ဆက်ဆံနေပုံက မသိရင် သူ့အပိုင်ပစ္စည်းကို သူများလာသုံးတဲ့အခါ လုံးဝ လက်မခံနိုင်တဲ့ အူတိုတတ်တဲ့ကလေးလေးပုံစံ။
"သူက တီချယ့် သူငယ်ချင်း... ဦးဦးထက်ယံတဲ့...ထက်ယံ... အဲဒါ ငါ့ကျောင်းသား... နာမည်က ဟေမာန်တဲ့"
"ဟင်?"
ထက်ယံမျက်ခုံးတွေပင့်သွားပြီး အံ့သြစွာ ကလေးမလေးကို လှည့်ကြည့်ဖြစ်တယ်။
"နင်လည်း ၀ဋ်ကျွေးက မသေးဘူးနော်... သူနဲ့လွတ်အောင်ဒီမှာလာပုန်းတယ်... အခု သူနဲ့နာမည်တူတဲ့လူနဲ့ လာဆုံနေရတယ်"
"ငါပြုခဲ့သမျှ ငါ့ကံပဲလို့ပဲ သတ်မှတ်ထားပါတယ်ဟာ... နေဦး... ငါ ကလေးကိုမေးလိုက်ဦးမယ်... မိမာန်... ပြော... ဘာကိစ္စလဲ?"
"ဒီဦးလေးကြီးက တီချယ်တို့အိမ်ခန်းဖက်သွားတာကို သမီးမြင်လိုက်လို့... အဲဒါ စိုးရိမ်လို့ လိုက်ကြည့်တာ။ တီချယ် သမီး ဘာကူညီပေးရမလဲ?"
"အမယ်လေး... မိဟေမာန်... ကျမခုလေးတင်ပြောတယ်လေတော်... သူက တီချယ့်သူငယ်ချင်းပါလို့။ ဒါတောင်ဘာလို့ ထက်ယံကို လူဆိုးလိုလိုပုံစံကြီးနဲ့ဆက်ဆံနေတာလဲ... တီချယ်ဘာပြောထားလဲ မေ့သွားပြန်ပြီလား?"
"မမေ့ပါဘူး..."
"မမေ့ရင် ပြန်ပြောပြ..."
"ကိုယ့်ဘေးပတ်ဝန်းကျင်ကလူတွေနဲ့ အကောင်းဆုံးဆက်ဆံရမယ်ဆိုပြီး..."
"အင်း... အဲဒီတော့ ညည်းအခု ဒီဦးလေးကိုဘာပြောသင့်လဲ?"
ဟေမာန့်မလိုတမာမျက်လုံးတွေက ထက်ယံကိုကြည့်တယ်။
ပြီးတော့ ချက်ချင်းကြီး ဒိန်းခနဲ အသက်မပါစွာမျက်နှာကြီးကို ဖြဲကာပြုံးချလိုက်ရင်း ထက်ယံကို နှုတ်ဆက်စကားဆိုပြတယ်လေ။
"ဦးလေးကြီးထက်ယံ... သမီးက ဟေမာန်ပါ။ တီချယ့်အချစ်ဆုံး ကျောင်းသူပါ... ဒီကျောင်းမှာ တီချယ်ဟာ သမီးထက် ခင်မင်တဲ့ကျောင်းသားတစ်ယောင်မှ မရှိပါဘူး။ ဒီတော့ ဦးလေးကြီး ဒီည ပြန်မှာမို့လား?"
"ဟောတော့... ဟေမာန်..."
"ဟား...ဟား...ဟား... နေနေ အက်ဖီ... ရတယ်။ အားမနာနဲ့။ ငါတို့က အားနာစရာလူတွေမှ မဟုတ်တာ။ နင်လည်းနော် နင့်တပည့်ဆိုတိုင်း နင်နဲ့တထေရာတည်းပဲ..."
"အေးဟာ... သူလေးက မန်းလေပြဲလေဆိုတာမျိုးလေးဟ"
"ဦးလေးကြီး... ဦးလေးကြီးက တီချယ့်ကိုကြိုက်နေတာလား?"
ဆိုင်းမဆင့်ဘုံမပါ မေးခွန်းကြောင့် အက်ဖီမျက်လုံးအပြူးသား။
ထက်ယံလည်း ဟာခနဲဖြစ်ရင်း ပါးစပ်အဟောင်းသား။
"ဟေမာန်... ညည်း ဘယ်လိုလဲဟယ်... ဒီလောက်ပြောနေတာတောင်?"
"သမီးဘာမှားလို့လဲ တီချယ်ရဲ့။ ဒီဦးလေးကြီးဘယ်တော့ပြန်မလဲမေးတာ သမီးမှားလို့လား... တီချယ်က ဒီမှာနေတာ တစ်ယောက်တည်းလေ... သမီးစိုးရိမ်တာပေါ့... နောက်ပြီး ခုက မှောင်နေပြီဆိုတော့။ သမီးအခုပြန်ရင် တီချယ်က တစ်ယောက်တည်းလေ..."
"ဒါပေါ့...ဒါပေါ့... စိုးရိမ်ပါ ခင်ဗျာ။ မမလေး စိုးရိမ်ပါ။ ကျတော် ခဏနေပြန်တော့မှာပါ။ စိတ်မပူပါနဲ့။ နောက်ပြီး မမလေးရဲ့ တီချယ်နဲ့ ကျတော်က သူငယ်ချင်းတွေပါဗျာ... ကျတော်တို့သိခဲ့တာ ဟိုးကောလိပ်ကျောင်းမှာတည်းကပါ"
"တော်ပြီ...ဟေမာန်။ ညည်းပြန်တော့။ သွား... မနက်ကျ ကျောင်းမှာတွေ့မယ်"
ထက်ယံကို မတော်မတရားဘုဘောက်ကျပြီးဆက်ဆံနေလို့ ဟေမာန့်ကို အက်ဖီ ဟိန်းဟောက်မိပေမယ့် စိတ်ထဲတော့ မကောင်း။
ကောင်မလေးက အက်ဖီ့ကိုစိုးရိမ်လိုခုလိုပြောနေတာလေ။
သူ့စိတ်ကိုသိတဲ့ အက်ဖီတော့ သီးခံနိုင်ပေမယ့် ထက်ယံကတော့ အားနာစရာ။
အက်ဖီ့စကားကြောင့် ဟေမာန့်မျက်နှာက သိသိသာသာပိုခက်ထန်သွားတယ်။
ခက်ထန်မှုတွေကြားမှာ ၀မ်းနည်းမှုအချို့ကိုလည်း အက်ဖီမြင်လိုက်ရတယ်။
ဟေမာန်ဟာ ချက်ချင်းပဲ ချာခနဲ အိမ်ခန်းပေါက်ဝကနေ လှည့်ထွက်သွားတာ နောက်ကိုတစ်ချက်လေးမှ လှည့်မကြည့်တော့။
ထက်ယံကိုအားနာလို့သာ သူ့ကိုအော်လိုက်ရတာ၊ နောက်နေ့တွေ ကျောင်းမှာ အရင်လိုပြန်ဆိုးနေမှာကိုလည်း အက်ဖီ့မှာ ကိုယ့်ထမင်းကိုယ်စားပြီး ကြောက်ရသေးတယ်။
ဟေမာန်ပြန်သွားတော့ ထက်ယံနဲ့ သူ့ကြောင်းပဲဆက်ပြောဖြစ်ကြသေးတာ။
"ကောင်မလေးက တစ်မျီုးလေးနော်။ ဘောက်ဆတ်ဆတ်လေး..."
"အမယ်လေး အရင်က အရမ်းဆိုးတာ... ခုမှ တော်တော်လေး အဆင်ပြေလာတာ..."
"သူလေးက နင့်တော့ အတော်ခင်ပုံရတယ်နော်... သူ့မှာ သူ့ခန္ဓာကိုယ်လေးမှ အားမနာ နင့်ကို စိုးရီမ်နေသေးတာ၊ မသိရင် ငါသာ ရန်ပြုမယ့်လူဆို သူက နင့်ကိုကာကွယ်သွားမယ့်ပုံစံလေးနော်၊ သတ္တိလေးကိုတော့ ရေလည်ချီးကျူးမိတယ်"
"စိတ်ထားလေးက ဖြူစင်ပါတယ်ဟာ။ ချစ်စရာလေးပါ..."
"ကလေးမလေးကို နင် အခုလို သံယောဇဉ်ဖြစ်မိတာ သူ့နာမည်ကြောင့်မို့လား?"
ထက်ယံမေးခွန်းအတွက် အက်ဖီပြန်မဖြေနိုင်ခဲ့။
![](https://img.wattpad.com/cover/352978268-288-k646816.jpg)
YOU ARE READING
အသည်းနင့်အောင်... ချစ်တယ်
Romanceချစ်ခြင်းကို နူးညံ့မှုလို့ ခေါင်းစဉ်တပ်မယ်ဆိုရင် ကျမ ရယ်မောမိပါလိမ့်မယ်။