"Hello ဖေဖေ"
နောက်ဆက်တွဲ နာမ်စားဝေါဟာရလေးကြောင့် သူမကို ငဲ့ကြည့်နေသော မိုးသောက်၏ အကြည့်များ ပြန်ရုတ်သိမ်းသွားပြီး ကားကို စက်နှိုးလိုက်သည်။
"နေကောင်းတယ် ဖေဖေ"
အသုံးပြုသော နာမ်စားမှာ ချိုမြိန်နေသော်လည်း လေသံမှာ အေးစက်နေသည်။
အရောဝင်လျှင် အရိုအသေတန်သည်ဟူသော ထုံးကို နှလုံးမူထားသော မိဘနှစ်ပါးနှင့် ကျွန်မ ကြားရှိ ဆက်ဆံရေးသည် ခပ်တန်းတန်းသာ ဖြစ်သည်။
သူများတွေလိုမျိုး အတီအတာပိုကာ ချွဲချွဲနွဲ့နွဲ့ ပြောချင်သော်လည်း ကျွန်မနှင့် ဖေဖေ ကြားရှိ လေ လှိုင်း ဆက်သွယ်ခန်းမှာ hello နှင့် အစပြုကာ စာကိုယ်၌ 'ဟုတ်'တစ်လုံးခံ၍ နိဂုံး၌လည်း ဟုတ် ဟူသော ဝေါဟာရနှင့်သာ အနှစ်ချုပ်လေ့ရှိသည်။
"သမီး မပြန်လာဖြစ်ဘူး"
'သြော်' ဟု တခွန်းတည်းဖြင့်သာ ခွန်းတုံ့ပြန်သော စကားသံက သိသိသာသာ တိုးလျော့သွားသည်။
အသက်၂၀ကျော်သည်အထိ အိမ်နှင့်တခါမှပင် မခွဲဖူးသော ကျွန်မသည် ဖေဖေ့အမြင်တွင်တော့ အခုထိ အရွယ်မရောက်နိုင်သေး။
ပညာရေးနှင့် လူမှုရေးကို အကြောင်းပြ၍ အိမ်မပြန်ဖြစ်သော ကျောင်းပိတ်ရက်များ နောက်တွင် တသီးတသန့် တည်ရှိနေသော ခေါင်းစဉ်တစ်ခုကို ဖေဖေ သိလျှင် ကျွန်မကို ခွင့်လွှတ်နိုင်ပါ့မလား။
"သမီးကို နားလည်ပေးပါ ဖေဖေ၊ သမီး လိပ်ပြာလုံလုံ နဲ့ သူတို့ရှေ့မှာ နေချင်တယ်"
စိတ်တွင်းမှပင် တောင်းပန်စကားကို ဆိုကာ လေ လှိုင်းဆက်သွယ်မှုလေးကို ဖြတ်တောက်လိုက်သည်။
" ရီ ဒီ ကျောင်းပိတ်ရက် အိမ်မပြန် ပြန်ဘူးလား"
"အင်း"
တရိပ်ရိပ် ဖြတ်ကျော်နေသော ရှုခင်းများကို ငေးရင်း
ပြန်ဖြေလိုက်သည်။
ESTÁS LEYENDO
အချစ်ရူးသူ၏ အချစ်ဦးပုံပြင်( Completed)
De Todoနှလုံးသားနှစ်ခု၏ တရားစီရင်ခန်းကို အကြင်သူက နှလုံးသားတစ်ခုကို ထပ်မံရင်း၍ ဆုံးဖြတ်ပါလိမ့်မည် Zawgyi နှလုံးသားနှစ်ခု၏ တရားစီရင်ခန်းကို အကြင်သူက နှလုံးသားတစ်ခုကို ထပ်မံရင်း၍ ဆုံးဖြတ်ပါလိမ့်မည်
