နေနိုင်သူက နေနိုင်ပေမဲ့ မနေနိုင်တဲ့ ကံတရားကတော့ ဆုံဆည်းစေတတ်စမြဲပါလား။
ညလေပြေတွေ၏ ရန်ကို လက်တစ်ဖက်ဖြင့် ကာ မီးပူဇော်နေသည့် ပုံရိပ်သေးသေးလေး။
သူမ လက်ထဲရှိ ဆီမီးတိုင်မှ အလင်းရောင်ကူးလိုက်သောအခါ စောင်းငဲ့ကြည့်လာသော မ။
မီးရောင်ငယ် ဟပ်နေသော မျက်နှာနုနုထက်တွင် သူ မျှော်လင့်ထားသော အံ့သြရိပ်တို့က လုံးဝ ကင်းမဲ့နေသည်။
တည်တည်ငြိမ်ငြိမ် မျက်နှာထားနှင့် စေတီတော်အား မီးဆက်လက် ပူဇော်နေသော မ ကို ကြည့်နေမိသည်မှာ ဖယောင်းစက်တို့ လက်ပေါ်သို့ ကျကာမှ ပြန်လည် သတိပြန်ဝင်လာရသည့် အဖြစ်။
လူချင်း တွေ့ဖို့ မဆိုထားနှင့် ဖုန်းတချက်ပင် အဆက်အသွယ် မရှိခဲ့သော တစ်လ ဟူသည့် အချိန်ကြာမှ ပြန်လည်တွေ့ဆုံခန်းက ဒီလောက်အထိ အေးစက် မနေသင့်ဘူး မဟုတ်လား။
"မတွေ့တာကြာပြီနော် မ"
အသိအမှတ်ပြုသလို ခေါင်းတချက်သာ ညိတ်ပြသော မ ကို သူ အားမလိုအားမရ ဖြစ်လှသည်။
ဘုရားဖူးများ ရှုပ်ယှက်ခက်ကာ သွားလာနေသော ရင်ပြင်တော်ထက်တွင် မ သည် စိန်ဖူးတော်ကို ငေးမျှော်ကာ ထိုင်နေသည်မှာ ကျောက်သား ကျောက်စိုင် ကြီးလို...
အရင်ကတည်းက ခန့်မှန်းရခက်သော မ ၏ မျက်ဝန်းများသည် ပိုမို အေးစက်နေသယောင်။
" ကျွန်တော် ဖုန်းဆက်တာကို ဘာလို့် မကိုင်တာလဲ မ"
"ငါ မင်းနဲ့ ထပ် ပတ်သက်စရာ အကြောင်း မရှိတော့ ဘူး ထင်လို့"
လေပြေအဝှေ့တွင် မ ၏ ဆံနွယ်ရှည်များသည် ပခုံးပေါ် တင်ထားသည့် ပုဝါစနှင့် အပြိုင်တလူလူ လွင့်ခါနေသည်။
"မ က တစ်ကိုယ်ကောင်းဆန် လိုက်တာ။ မ ကျွန်တော့်ကို မိတ်ဆွေအဖြစ် သတ်မှတ်လိုက်ပြီလို့ ထင်ထားတာ။
YOU ARE READING
အချစ်ရူးသူ၏ အချစ်ဦးပုံပြင်( Completed)
Randomနှလုံးသားနှစ်ခု၏ တရားစီရင်ခန်းကို အကြင်သူက နှလုံးသားတစ်ခုကို ထပ်မံရင်း၍ ဆုံးဖြတ်ပါလိမ့်မည် Zawgyi နှလုံးသားနှစ်ခု၏ တရားစီရင်ခန်းကို အကြင်သူက နှလုံးသားတစ်ခုကို ထပ်မံရင်း၍ ဆုံးဖြတ်ပါလိမ့်မည်
