ငွေနှုင်းမှုန်တို့ကို လုံးလုံးလျားလျား မမြင်ရသေးသော်လည်း ဆောင်းလေ၏ အအေးဒဏ်က မသေးလှချေ။
သစ္စာရှိစွာ အချိန်မှန် ဆန္ဒပြသော ဝမ်းဗိုက်တော်ကို ဖြေသိမ့်ရန် ရေပဲ ရှိသည်မို့ သူ့ခမျာ အအေးဒဏ်ကို အံတုကာ လမ်းထိပ်က စတိုးဆိုင်သို့ ဈေးဝယ် ထွက်လာရခြင်းဖြစ်သည်။
"ကျွီ"
လေအဝှေ့တွင် သိသိသာသာ ကြားလိုက်ရသော အသံလေး။
အလာတုန်းက ခပ်သုတ်သုတ် လျှောက်လာသောကြောင့် ဘာကိုမျှ သတိမထား မိသော်လည်း အပြန် လမ်းတွင်တော့ အညှောင့်ပေါက်လာသော စပ်စုချင် စိတ်ကြောင့် အသံလာရာ ရပ်ကွက် ပန်းခြံလေး အတွင်းသို့ ဝင်လာလိုက်သည်။
"မ"
အရှောင်ကောင်းသော မ ကို ကိုမိုးသောက် ထွက်သွားသည့် နေ့မှစ၍ အရိပ်ပင် ဖမ်းမမိခဲ့သည်မှာ တပတ်ကျော်လောက်ပင် ရှိရော့မည်။
အိမ်တိုင်ရာရောက် ဒုက္ခလာပေးသော အရှုပ်ထုပ် ဟူ၍ ရာထူး မတိုးချင်၍ ကပ်ရပ်ဖြစ်သော မ ၏ အခန်းဘက်သို့ သူ မျက်စောင်းပင် မရွယ်ခဲ့။
ဒန်းကလေး ပေါ်တွင် ထိုင်နေသော မ ကတော့ သူ့ခေါ်သံကို အာရုံမရှိသည့်အလား ဒန်းလေးကိုသာ လှုပ်လီလှုပ်လဲ့ လွှဲရင်း ကောင်းကင် ကိုသာ ငေးမျှော် ကြည့်နေသည်။
"ဒီလောက်အေးတာကို ဘာလို့ အပြင်ထွက်နေတာလဲ "
ဆတ်ကနဲ တုန်သွားသော ခန္ဓာကိုယ်လေးကို မသိချင် ယောင်ဆောင် ရင်း လည်ပင်းမှ မာဖလာကို သူမ လည်တိုင်တွင် ရစ်ပတ်စေသည်။
"မ"
သတိပြန်ဝင်လာ ဟန်တူသော မ က သူ့လက်ကို တွန်းဖယ်ရင်း ဒန်းလေးမှ ထသည်။
"ကျွန်တော့်ကို ဘာလို့ ရှောင်နေတာလဲ"
ထွက်သွားရန် ပြင်နေသော သူမ လက်ကလေးကို လှမ်းဆွဲကာ မေးလိုက်တော့ အတင်းအကျပ် ရုန်းထွက်သည်မှ လွဲ၍ လေသံမျှပင် မဟ။
YOU ARE READING
အချစ်ရူးသူ၏ အချစ်ဦးပုံပြင်( Completed)
Randomနှလုံးသားနှစ်ခု၏ တရားစီရင်ခန်းကို အကြင်သူက နှလုံးသားတစ်ခုကို ထပ်မံရင်း၍ ဆုံးဖြတ်ပါလိမ့်မည် Zawgyi နှလုံးသားနှစ်ခု၏ တရားစီရင်ခန်းကို အကြင်သူက နှလုံးသားတစ်ခုကို ထပ်မံရင်း၍ ဆုံးဖြတ်ပါလိမ့်မည်
