"ကောင်းသောညပါ"
ကျွန်မ၏ ဝစီပိတ်ကျင့်စဉ်ကို ကျင့်သားရနေ ပြီဖြစ်သော လုပ်ဖော်ကိုင်ဖက် အစ်မမှာလည်း အစဉ်အလာမပျက် တဖက်သတ် နှုတ်ဆက်ပြီးသည်နှင့် လိုရာလမ်းသို့ ကြွမြန်းသွားသည်မှာ လစ်ခနဲ။
ဆောင်းနှင့် နီးကပ်လာသဖြင့် သိသိသာသာ အအေးပိုလာသော ပြင်ပလေနှင့် ထိတွေ့လိုက်သည်နှင့် စိမ့်ကနဲ အေးတက်လာသဖြင့် လက်ကို ပိုက်ကာ ကိုယ်ကို တတ်နိုင်သမျှ ကျုံ့ထားလိုက်သည်။
အီကွေတာ အနီးတွင် နေရောင်ထိန်ထိန်ဖြင့်သာ ကျင့်သား ရသူမို့ ဒီဒေသ၏ ဆောင်းရာသီတွင် ကျွန်မသည် အရိုးကွဲမတတ်၊ အသည်းခိုက်မတတ် ဟူသော ဝေါဟာရများနှင့် အဖော်ပြုစမြဲ။
"ရီ!"
တဖက်လမ်းဆီမှ လက်ပြကာ နှုတ်ဆက်နေသော ကိုမိုးသောက်၏ ပုံရိပ်လေးမှာ ဖြတ်သန်းနေသော ကားမီးရောင်များကြောင့် လင်းတခါ၊ မှောင်တလှည့် ဖြစ်နေသည်။
"သွားကြရအောင်"
အနားသို့ ရောက်လာသောသူက ကျွန်မ ပခုံးကို အသာဖက်ကာ ပြောသည်။
"ကားမပါလာဘူးလား"
"အင်း ကိုယ် မင်းနဲ့ လမ်းအတူတူ လျှောက်ချင်လို့"
ကျွန်မ အလုပ်လုပ်သော ဆိုင်လေးနှင့် တိုက်ခန်းမှာ နှစ်လမ်းကျော်မျှ ကွာဝေးသဖြင့် မဝေးဘူးဆိုသော်လည်း အနည်းငယ်တော့ လှမ်းသည့် အခြေအနေ။
အေးစက်နေသော ကျွန်မ၏ လက်ဖဝါးငယ်သည် သူ့ အင်္ကျီအိတ်ကပ်ငယ် အတွင်းသို့ ရုတ်တရက် ရောက်ရှိသွားပြီး သူ့လက်ဖဝါးအကြား၌ အနွေးဓာတ်ကို ခိုလှုံနေသည်။
"မင်း လက်တွေ အေးနေလို့။
ကိုယ့်ကို ဒီလောက်တော့ ခွင့်ပြုပေးမယ် မဟုတ်လား"
ခြေလှမ်းများကို ရပ်ကာ သူ့ထံသို့ ခေါင်းကို စောင်း ငဲ့ကာ ကြည့်လိုက်တော့ သူက မျက်နှာငယ်လေးဖြင့် ခပ်တိုးတိုး ပြောသည်။
YOU ARE READING
အချစ်ရူးသူ၏ အချစ်ဦးပုံပြင်( Completed)
Randomနှလုံးသားနှစ်ခု၏ တရားစီရင်ခန်းကို အကြင်သူက နှလုံးသားတစ်ခုကို ထပ်မံရင်း၍ ဆုံးဖြတ်ပါလိမ့်မည် Zawgyi နှလုံးသားနှစ်ခု၏ တရားစီရင်ခန်းကို အကြင်သူက နှလုံးသားတစ်ခုကို ထပ်မံရင်း၍ ဆုံးဖြတ်ပါလိမ့်မည်
