"ပါပါးကြီးက သားကိုပေးထားတဲ့ အချိန်..စေ့တာထက်လွန်နေခဲ့ပြီ။ သားမှာရွေးချယ်စရာနှစ်ခုပဲ ရှိတော့တယ်။ "
ကမ်းပေးလာတဲ့ စာရွက်ဖိုင်ကို ရိပေါ်လှမ်းယူလိုက်တယ်။ ရှယ်လီက သူ့လက်မောင်းပေါ်လက်ယှက်ထားရင်း ဘေးမှာထိုင်နေတယ်။
စာချုပ်စာတမ်းတွေကို ကြည့်ပြီး သူငိုရမလား ရယ်ရမလားတောင်မသိဘူး။
"ကျေးဇူးတင်ပါတယ် ပါပါး"
"ပါပါး ဒီလိုဆုံးဖြတ်ခဲ့တာ ဘယ်သူ့အတွက်လဲ ဆိုတာ သားသိမှာပါ။ ချုပ်ချယ်တဲ့ မိဘမျိုးထဲမှာ မပါခဲ့ဘူးဆိုတာလည်း သားသိတယ်။ မင်္ဂလာပွဲက အဲ့ဒီရက်အတွင်းပဲ ဖြစ်လိမ့်မယ်။ သားလိုတာကို ပေးလိုက်ဖို့ ဂေဟာမှူးကို ပါပါးဖုန်းဆက်ပြီးပြီ။"
နောက်ဆုံးတော့ ဒီလိုနေ့တွေရောက်လာခဲ့ပြီ။
........
ကုတင်ပေါ်က ဆေးသွင်းပိုက်တန်းလန်းတွေကြားထဲမှာ စာအုပ်တစ်အုပ်ကို တည်တည်ငြိမ်ငြိမ်ပဲ ဖွင့်ဖတ်နေတဲ့ အဲ့ဒီဆရာဝန်။ သူမ ဘဝမှာ အလိုချင်ခဲ့ဆုံးက ဝမ်ရိပေါ်တစ်ယောက်ပဲ ရှိတာ။ တစ်ချိန်မှာ ရိပေါ်တွေ့လာရမယ့် မိန်းကလေးတိုင်းထက်သူမ သာအောင်ကြိုးစားခဲ့တယ်။ ကံကြမ္မာက လှည့်ဖြားသွားတာပဲ။
"ရှောင်းကျန့်လား"
သူမကိုမော့ကြည့်လာတဲ့ မျက်ဝန်းတွေကို ကြည့်ပြီး ရိပေါ် ဘာ့ကြောင့် ဒီလူကိုမြတ်နိုးသွားခဲ့ရသလဲ ဆိုတာ သူမသဘောပေါက်သွားခဲ့တယ်။
အသာအယာပဲ ပြုံးယူလိုက်ရင်း...
"ရှယ်လီ ပါ။"
ရှောင်းကျန့်ရှေ့မှာ ပညာတတ် အမျိုးသမီးကလေးတစ်ယောက် က ခပ်မတ်မတ်ကလေး။ ကျော့ရှင်းနေတဲ့ ရွေအိုရောင်ဆံနွယ်တွေနဲ့။ တန်ဖိုးကြီးတဲ့ နာရီခပ်သေးသေးကလေးကပဲ သူမလက်မှာ နေရာယူထားတယ်။ လက်သူကြွယ်က ငွေရောင်မောင်းကွင်းကလေးက စေ့စပ်လက်စွပ်ဖြစ်မှာပဲ။
ရှောင်းကျန့်က ခေါင်းငြိမ့်ပြတယ်။ ဖတ်နေတဲ့စာအုပ်ကို အသာပိတ်လိုက်ပြီး စားပွဲပေါ်လှမ်းတင်ဖို့ပြင်တော့ သူမကလှမ်းယူပြီးတင်ပေးတယ်။ ကုတင်ဘေးကခုံမှာ ဒူးတိကျနေတဲ့ ခန္ဓာကိုယ်နဲ့အတိ စကတ်အဖြူကလေးကို သိမ်းယူပြီးထိုင်တယ်။ မျက်နှာကလေးက ပြုံးနေတာပဲ။