[ Unicode ]
မောင့်မွေးနေ့ရောက်တိုင်း ဘုရားသွားမယ်
သောကြာထောင့်မှာ ပန်းလှူမယ်
ပြီးရင် တိုးတိုးလေးဆုတောင်းမယ်
နောင်ဖြစ်လေရာ ဘဝဆက်တိုင်း
ဒုတိယလူဖြစ်ခြင်းမှ ကင်းဝေးပါရစေ...။____________________
ဒီနေ့က သူများတွေအတွက်တော့ company ပိတ်ရက် ။
ရိပ်ရောင်အတွက်တော့ ပြက္ခဒိန်မှာလည်း မှတ်မထား၊ Diary ထဲလည်း ရေးချမထားပါဘဲ နှလုံးသားက အမြဲမှတ်မိနေတဲ့ နေ့စွဲလေး ။
ဒီနေ့က မောင့်ရဲ့ 24နှစ်ပြည့်မွေးနေ့ပင် ။
မောင် ဆိုတဲ့လူသားလေး ရိပ်ရောင် ဘေးနားမှာရှိခဲ့တာ 24နှစ်တောင်ကုန်လွန်ခဲ့ပြီ ။ဆေးရုံပုခက်ထဲက ကလေးလေးကို ဖေဖေတို့နဲ့ သွားကြည့်ခဲ့တာအမှတ်ရမိ၏။ အဲ့ဒီတုန်းက 5နှစ်သားကလေး ရိပ်ရောင်မဲ့က ညီလေးတစ်ယောက်ရပြီဆိုပြီး သူငယ်ချင်းတွေကိုလိုက်ကြွားခဲ့တာ..။ ဘယ်သူထင်မလဲ ။ အဲ့ဒီကလေးလေးကို အသည်းနင့်အောင် ချစ်မိသွားလိမ့်မယ်လို့ ။
ဝတ်နေကျပုံစံနဲ့ ကွဲထွက်စွာ လည်ကတုံးအဖြူရောင်နှင့် မနှစ်ကမောင့်မွေးနေ့မှာ ဆင်တူဝတ်ခဲ့တဲ့ ပုဆိုးအပြာရင့်လေးကိုထုတ်လိုက်သည် ။ဒီတစ်နေ့တော့ မောင့်ရဲ့ဘေးနားမှာရှိဖို့အခွင့်မသာပေမဲ့ မောင့်အငွေ့အသက်လေး ရချင်သေးတာမလို့ ရိပ်ရောင်အလုပ်စဝင်ရတုန်းက မောင်ဝယ်ပေးထားတဲ့ Rolexနာရီလေးကို ပတ်လိုက်၏ ။
မနက်စာကို ဘုရားဘေးနားက စားနေကျ ခေါက်ဆွဲဆိုင်မှာစားမည်ဟုကြံရွယ်ကာ ရိပ်ရောင်နဲ့မောင့်ရဲ့မွေးနေ့ရောက်တိုင်း သွားနေကျဘုရားသို့ ထွက်ခဲ့သည် ။ ဘုရားမှာ မောင်နဲ့တွေ့ပါစေလို့လည်း ဆုတောင်းရင်းပေါ့... ။
" ညီမ ၊ သပြေပန်းနှစ်စည်းပေးပါ "
ကလေးမလေးကသွက်လက်စွာပင် ရိပ်ရောင်ထုတ်ပေးတဲ့ ထောင်တန်ကိုလှမ်းယူကာ သပြေပန်းနှစ်စည်းပေးရင်း လက်တစ်ဖက်က လွယ်အိတ်အဟောင်းလေးထဲက အကြွေတန်ကိုနှိုက်ရှာသည် ။
" ဟယ် ကိိုကိုချောချော ၊ တစ်ယောက်တည်းလား ၊ ဟို ဘုဆတ်ဆတ်နဲ့ ကိုကိုမောင်ရော မပါဘူးလား "
YOU ARE READING
မောင့် အလိုကျ [Completed]
Romance[This fiction is written with both Unicode and Zawgyi]