[ Unicode ]
ပြားဒင်္ဂါးကို ခေါင်းပန်းမလှန်
ကျား၊ဗိုလ်၊သေနတ် မဆွဲပါလည်း
ဒုတိယလူ တစ်ပန်းရှုံးလို့
ခပ်စိမ်းစိမ်းလေးနောက်ဆုတ်လိုက်သည်
ပေးဆပ်ခြင်းဖြင့် ချစ်ပါ့မည် ။___________________
နေ့လယ်က အကြီးအကျယ်စကားများပြီးကြကတည်းက လက်ယာအိမ်မပြန်။ သုပိုင်ရဲ့တိုက်ခန်းမှာ သောင်တင်နေသည်။ အခုလည်း ပုလင်းတစ်လုံးထောင်၍ မှောက်နေခြင်း ။ ရင်နာတိုင်းအရက်သောက်ရမယ်လို့ ဘယ်ပညာရှိသုခမိန်ကများဟောခဲ့လေသနည်း ။
" ရော့ အမြည်းလေးလည်းစား ၊ အရည်တွေချည်းစွတ်သောက်နေလို့ တစ်ခါတည်းကြွသွားဉီီးမယ် "
ငါးခြောက်ပန်းကန်ကို စားပွဲပေါ် ဆောင့်ချလိုက်ရင်း တင်ပလ္လင်ချိတ်ပြီး မျက်နှာချင်းဆိုင် ရှေ့တည့်တည့်မှာ ထိုင်ချလိုက်ကာ ရင်ဖွင့်တာတွေနားထောင်ဖို့အသင့်စောင့်နေလိုက်သည် ။ ကြာကြာမစောင့်လိုက်ရပါ ။ ရေမရောဘဲ ပုလင်းကိုပါးစပ်စွပ်သောက်လိုက်ပြီး...
" သုပိုင်...မင်းသိလား "
အာလေးလျှာလေးဆိုနေပေမဲ့ မျက်လုံးတွေကတောင်ကြည့်မြောက်ကြည့်ဖြစ်မနေပါ။ ဒါက အသိစိတ်လွတ်တဲ့အထိ မူးတာမျိုးမဟုတ်။ သို့သော် မကြာခင်မှာပင် မှောက်တော့မည့်အနေအထားမှာ ရှိနေသည် ။
" မင်းမပြောဘဲ ငါကဘယ်လိုသိမှာလဲဟ "
သုပိုင် စကားထောက်ပေးရင်း ပန်းကန်ထဲက ငါးခြောက်တိုတစ်ချောင်းကိုနှိုက်စားလိုက်သည်။
" အေး မင်းမှန်တယ် ၊ ငါမပြောဘဲ မင်းကဘယ်လိုလုပ်သိမှာလဲ အခု ငါပြောမယ် ၊ နားထောင် "
'နားထောင်'ဟုဆိုပြီး တစ်ငုံမော့သောက်နေသေး၏။
" ကိုကိုကလေ...ကိုကိုက..ငါ့ကိုမုန်းတယ်တဲ့ ၊ မင်းသိလား...သုပိုင်...သူ..သူ ငါ့ကို တကယ်မုန်းနေပြီ "
နေ့ခင်းကြောင်တောင် အရက်တစ်လုံးဝယ်ပြီး သူ့ဆီရောက်လာကတည်းက ထပ်တလဲလဲ ပြောနေ၍ ကြားပြီးသားစကားတွေဖြစ်သော်လည်း သုပိုင် ထပ်နားထောင်နေလိုက်သည် ။
YOU ARE READING
မောင့် အလိုကျ [Completed]
Romance[This fiction is written with both Unicode and Zawgyi]