Part 8(Unicode+Zawgyi)

87.6K 10.2K 3.5K
                                    

UNICODE

အပိုင်း

သင်္ကြန်အကြိုနေ့...

"မောင်ရေ...ငါ ရွာဦးကျောင်းမှာ ဥပုသ်စောင့်မှာနော် နင်လိုက်ခဲ့အုံး..."

ကြိုပြီး လေ့လာဖြစ်နေတဲ့ အင်္ဂလိပ်ဖတ်စာအုပ်ကို ပိတ်ပြီးတော့ အမေ့နား ဆင်ခြေပေးဖို့ သွားရတယ်။ အမေကတော့ ယောဂီဝတ်စုံလေးနဲ့ ဘုန်းကြီးကျောင်းသွားဖို့ အဆင်သင့်ဖြစ်နေပြီ။

"ဪ ကဲ...မနေ့ကတည်းက ပြောထားတာကို မောင်ရယ်...နင် အခုထိ စွပ်ကျယ်နဲ့ပဲလား...သွား သွား အင်္ကျီအဖြူလေး လဲဝတ်ချည်။ သွားရအောင်လေ..."

ကျွန်တော့်ကိုတွေ့တာနဲ့ အမေက မျက်မှောက်ကုတ်ပြီး စိတ်မရှည်သလို ပြောလာတယ်။

"အမေ့ မောင်လေ..."

"အေး...ဘာတုံး...ဘာဆင်ခြေဆင်လက်တုံး...မောင်တစ်ယောက်က မရိုးရဘူးနော်.."

ကျွန်တော် သက်ပြင်းရှိုက်ပြီး...

"မောင် မလိုက်တော့ဘူး အမေရယ်...ညနေ လာကြိုဆို လာကြိုပါ့မယ်...အခု စာကျက်နေလို့ပါ..."

"ဟဲ့...အခုမှ လေးလပိုင်းပဲ ရှိပါသေးတယ် မောင်ရယ်...နင် စာတွေလဲ တော်တော်များများ သိနေပြီကို...ငါ့နှယ်...တကယ်ပါပဲ"

အမေက မျက်နှာလေးညိုပြီး ညည်းညူသလိုပြောတယ်။

"မဟုတ်ဘူးအမေ...မောင်..."

ပြောလက်စ စကားကို ကျွန်တော် ရပ်လိုက်‌တော့ အမေက သက်ပြင်းထပ်ရှိုက်ပြီး ဆက်မငြင်းချင်တဲ့ ပုံစံနဲ့...

"ကဲ...ကဲ သဘောပဲ... ဒါဆိုလဲနေခဲ့...အပြန်လဲ လာမကြိုနဲ့ရတယ်...ရေစိုနေအုံးမယ်...ရပ်ကွက်ထဲက ကောင်မလေးတွေက ကဲပါဘိသနဲ့...ဒါဆို အမေ သွားမယ် ညနေမှ ပြန်ရောက်မယ်နော်...ဖုန်း ထားခဲ့တယ်...အဖေ့ဆီက ဖုန်းလာရင် အမေ ဘုန်းကြီးကျောင်းရောက်နေတယ် ပြောလိုက်..."

"ဟုတ်အမေ့..."

အမေ ထွက်သွားတာနဲ့ ခြံထဲက ပက်လက်ကုလားထိုင်ပေါ် လှဲချပြီး စာအုပ်ကို မျက်နှာပေါ်မှောက်ချထားမိတယ်။

သင်္ကြန်ကို မုန်းတာတော့ မဟုတ်ပေမဲ့ တော်တော်ငယ်ငယ်က သင်္ကြန်တွင်းကြီး ခွက်စောင်းခုတ်ခံရပြီး နှာခေါင်းထဲ ရေဝင်ဖူးကတည်းက သင်္ကြန်ကို လန့်သွားတယ် ထင်ပါတယ်။ အသက်လေး ရလာပြီး နားလည်လာတော့ သိပ်မကြောက်တော့ပေမဲ့ သင်္ကြန်တွင်း ရေမစိုချင်တာက ရောဂါတစ်ခုလို ဖြစ်လာတယ်။ ဒီအစွဲကို သိတဲ့ အမေက သင်္ကြန်ရောက်တိုင်း အိမ်တွင်းအောင်းတတ်တဲ့ ကျွန်တော့်ကို မရမက ဘုန်းကြီးကျောင်းခေါ်လေ့ရှိတယ်။ ခေါ်တိုင်းလဲ ကျွန်တော်က ငြင်းဆန်ရင်းနဲ့ပဲ အဆုံးသတ်တာပါပဲ။

"မောင့်ရဲ့ဗီဇ သို့မဟုတ် ဘေးအိမ်က ကောင်လေး"(COMPLETED)Where stories live. Discover now