UNICODE
ပြတင်းမှန်က တစ်ဆင့် မနက်ခင်း နေရောင်ခြည်က မျက်နှာပေါ် ဖြာကျလာမှ အသိဝင်လာပြီး အိပ်ရာက လူးလဲထမိတယ်။ ဟုတ်သားပဲ ညက လူဆိုးလေးကြောင့် ပင်ပန်းသွားပြီး ညနက်နက်မှ အိပ်ပျော်သွားမိတာ။ နာရီကြည့်တော့ မနက် ၇ နာရီ။ တော်ပါသေးရဲ့ အရမ်းနောက်မကျသေးလို့ ဆိုပြီး ဘေးကို ဝေ့ကြည့်ပေမဲ့ ဇကို မတွေ့။
တစ်ခန်းလုံး နှံ့နေအောင် လိုက်ရှာလဲ မတွေ့တော့ ခေါင်းကို နာနာကုတ်ပစ်မိတယ်။ အိမ်ရှင်ဖြစ်ပြီး အလိုက်ကန်းဆိုး မသိတတ်တဲ့ ဇက ဘယ်လိုကောင်လေးလဲ၊ သူ မရှိဘဲ ဘယ်လိုမျက်နှာပေးနဲ့ ဒီအခန်းထဲက ထွက်ရမှာလဲ။ ဘယ်သူကမှ ဘာမှ မပြောရင်တောင် ညက ကိစ္စကြီးကြောင့် ကိုယ့်လိပ်ပြာ ကိုယ်မလုံချင်။ ဧည့်သည်က ဧည့်သည်လို မနေခဲ့မိတဲ့ ဖြစ်ရပ်ကြီးမို့လား။ ဇကြောင့် အသံထွက် ညည်းညူခဲ့မိတာအထိ ပြန်တွေးမိတော့ တစ်ယောက်တည်း ပူထူလာပြန်တယ်။ သူများ အိမ်ကြီးမှာ ချစ်ပွဲဝင်ခဲ့သတဲ့။ ဗီဇနဲ့ဆိုတိုင်း မငြင်းဆန်နိုင်တဲ့ သွေးသားဆန္ဒတွေကိုလဲ ဩချမိပါရဲ့။ သူ့အိမ် သူ့ပိုင်နက်မှာ ကျွန်တော့်ကို သိမ်းပိုက်ခဲ့တဲ့ လူဆိုးလေး။ ကြည့်ပါအုံး ဒီလို မောင့်ဗီဇလေးက ကိုယ့်တာဝန် ကိုယ်မယူဘဲ မနက်စောစော ဘယ်ရောက်နေပါသလဲ။
ဘယ်သူမှ မကြားနိုင်တာ သိပေမဲ့ အိပ်ခန်းထဲ ခြေဖျားထောက်ပြီး လျှောက်နေမိတဲ့ ကိုယ့်ကိုယ်ကိုယ်လဲ ရယ်စရာကောင်းနေမှန်း သတိမထားမိ။ အခန်းထဲက မထွက်ရဲဘဲ ချောင်းကြည့်ပေါက်ကနေ အပြင်ကို ကြည့်တော့ တိတ်ဆိတ်နေတာက လွဲလို့ ဘာသံမှ မကြားရ။ ဒီအချိန်ထိ မနိုးကြသေးတာတော့ မဟုတ်လောက်ပါဘူး။ ဒါနဲ့ ဇ ပြောသလို ဦးလက်ယာ တကယ် ပြန်သွားလောက်ပြီလား။ ညက အတော်ညဉ့်နက်မှ ဦးလက်ယာအကြောင်း ဇနဲ့ ပြောဖြစ်ကြတာ ပြန်တွေးမိတယ်။
"ဇ အဖေနဲ့ ငါ ထပ်တွေ့သင့်တယ်နော်"
"မောင်က တွေ့ချင်လို့လား"
"အင်း...စိုးရိမ်ပေမဲ့ တွေ့ဖို့ လိုတယ် ထင်တယ်၊ ဟိုတစ်ခါ ပြီးပြတ်အောင်မှ မပြောလိုက်ရတာ"
"တွေ့ကြရင် ဘာထပ်ပြောမှာလဲ"
"မင်းကို ပေးဖို့ ထပ်တောင်းရမှာပေါ့"
YOU ARE READING
"မောင့်ရဲ့ဗီဇ သို့မဟုတ် ဘေးအိမ်က ကောင်လေး"(COMPLETED)