Part 18(Unicode+Zawgyi)

96.6K 9.2K 1.9K
                                    

UNICODE

နာရီအနည်းငယ် မောင်းပြီးနောက် ဖုန်အလိမ်းလိမ်းတက်လာတဲ့ ကျွန်တော့်ဆိုင်ကယ်လေးက တောစပ်မှာရှိတဲ့ မိဘမဲ့ကျောင်းလေးဆီ ရောက်တယ်။ မဖွံ့ဖြိုးသေးတဲ့ တောလမ်းမို့ လကမ္ဘာလိုပါပဲ။ တစ်လမ်းလုံး ဆိုင်ကယ်ကို ကဆုန်ပေါက်ပြီး မောင်းလာခဲ့ရတာ။ ကျောက်ခဲစားထားရင်တောင် အစာကျေသွားမဲ့ လမ်းမျိုး။

ခါတိုင်း ဒီကို ဆိုင်ကယ်နဲ့တစ်ခါမှ မလာဖူးပါဘူး။ အကြိုအပို့ကား စီစဉ်ပေးတာကြောင့် အသာလေးတက်လိုက်သွားရုံပဲ။ အခုတော့ ကြားဖြတ်ပေါ်လာတဲ့ကိစ္စမို့ ကျွန်တော့်ကြောင့် ဘယ်သူ့ကိုမှ အလုပ်မပိုစေချင်လို့ ဒီအတိုင်း အဆင်ပြေသလိုသွားလိုက်မယ်ဆိုပြီး ခေါင်းမာခဲ့တာ။ အခုတော့ လူတစ်ကိုယ်လုံး ဖုန်တွေအလိမ်းလိမ်း။

ကျောင်းဝန်းလေးထဲ ဆိုင်ကယ်ရပ်ပြီးတာနဲ့ ခန္ဓာကိုယ်က ဖုန်တွေ အရင်ခါချရတယ်။ အဝါနုရောင်စပို့ရှပ်နဲ့ ပုဆိုးကိုတွဲဝတ်ထားတာမို့ အင်္ကျီက ဖုန်အရောင်ကိုမသိသာပေမဲ့ ပုဆိုးအောက်ဖျားနားကို မနည်းခါချနေရတယ်။ ခါတိုင်းဆို ရောက်တာနဲ့ ဆော့ကစားနေရာက ပြေးကြိုတတ်ကြတဲ့ ကလေးတွေကို အရင်ဆုံးတွေ့ရတတ်ပေမဲ့ အခုတော့ ကျောင်းဝန်းကြီးက တိတ်ဆိတ် ငြိမ်သက်နေလိုက်တာများ။ ကလေးတွေမှ နေမကောင်းတာ။

ပါလာတဲ့ ဆေးအိတ်နဲ့ မုန့်ထုတ်တွေကို ဖုန်ခါပြီးနောက်...ကျောင်းဘက် လှမ်းဝင်လိုက်တာနဲ့ တာဝန်ခံအစ်မ ထွက်လာတယ်။

"အို ဆရာလေးရယ် တကယ်ရောက်လာတာပဲ...ဘာမှမဆက်သွယ်တော့ မလာဖြစ်လောက်ဘူး ထင်နေတာ"

"လာရမှာပေါ့ အစ်မရယ်...ကျွန်တော့်ကလေးတွေမှ နေမကောင်းတာ"

"သိရင် လာကြိုခိုင်းပါတယ် ဆရာလေးရယ်...နေ ဒီလောက်ပူနေတာ ပင်ပန်းလာမှာပဲ နားအုံးလေ ဒေါက်တာလေး"

"မနားတော့ဘူး အစ်မ...ကလေးတွေ ဘယ်မှာလဲ"

"သူတို့ အဆောင်မှာပဲ ဆရာလေး...ဖြစ်ကာစထက်တော့ အတော်လေး သက်သာလာကြပါပြီ...ကိုညီသစ်လဲ တော်တော်လေး ဂရုစိုက်ပေးပါတယ်...ကျွန်မ သွားခေါ်လိုက်ပါ့မယ် ဒေါက်တာလေး ဆေးခန်းကပဲစောင့်‌လေ"

"မောင့်ရဲ့ဗီဇ သို့မဟုတ် ဘေးအိမ်က ကောင်လေး"(COMPLETED)Where stories live. Discover now