Part 20 ( Unicode+Zawgyi)

108K 10.2K 2.1K
                                    

UNICODE

အဝေးပြေး ကားဂိတ်ကနေ ကယ်ရီငှားစီးပြီးနောက် မိနစ် ၂၀ လောက် အကြာမှာ နယ်မြို့လေးကို ရောက်တယ်။ သင်္ကြန်ပိတ်ရက်က နောက်ရက် စပြီဖြစ်ပေမဲ့ ပိတ်မဲ့ရက်အထိ တောင့်မခံနိုင်လို့ ဆေးရုံမှာ ခွင့်တင်ပြီးနောက် ကျောပိုးအိတ်တစ်လုံး ကောက်လွယ်ပြီး ထွက်ပြေးလာခဲ့တာပဲ။ လူတစ်ယောက်ကို မေ့ဖို့ လူတစ်ယောက်နဲ့ သင်ပုန်းချေလို့ရပါသလား။ အပြစ်မကင်းတဲ့ စိတ်ဟာ ကျွန်တော့်တစ်ကိုယ်လုံးကို တရိပ်ရိပ် တိုးဝှေ့လှိုက်စားလာတယ်။ တကယ်ဆို ဇကြောင့် ရောက်လာတာမဟုတ်ဘဲ မကိုဋ်ကြောင့် ထွက်ပြေးလာခဲ့တာဆို ပိုမှန်ပါမယ်။ အချစ်ဦးလေးကို အားနာပေမဲ့ ဒီလူမိုက်က မျက်နှာပြောင်တိုက်ပြီး ဒီအထိ ရောက်လာခဲ့ပါပြီ။

အနားက ဖြတ်တိုက်သွားတဲ့ လတ်ဆတ်တဲ့ လေနုအေးကို တဝကြီး ရှိုက်မိတယ်။ ကြာပြီပဲ တကယ်ကို ဆယ်စုနှစ် တစ်ခုကျော်မှ ခြေပြန်ချမိတဲ့ မြို့လေး။ လှည့်မကြည့်စတမ်း ထားပစ်ခဲ့တဲ့ မြို့ငယ်လေး။ အများကြီး တိုးတက်လာပေမဲ့ အငွေ့အသက်တွေ ထင်ကျန်နေဆဲ ချစ်ခဲ့ရတဲ့ နယ်မြို့လေး။ ပတ်ဝန်းကျင်ကို အားရအောင် ဝေ့ဝဲကြည့်တော့ လူအချို့က ပြုံးပြနှုတ်ဆက်ကြတယ်။ ဘယ်သူတွေမှန်း သေချာမမှတ်မိတော့ပေမဲ့ နယ်မြို့လေးကတော့ ရောက်ကာစမှာ နွေးထွေးမှုနဲ့ ဆီးကြိုပြီး အချစ်ရှုံးသမားကြီးကို နှစ်သိမ့်နေတဲ့အလား။

မွေးဖွားရာအရပ်၊ အရွယ်ရောက် လူလားမြောက်ခဲ့ရာအရပ်ကို သေချာပေါက် ဇာတိလို့ ခေါ်ကြတယ်မလား။ ဇာတိချက်ကြွေ မွေးရပ်မြေလေးဆီ အချစ်ရှုံးသမားကြီးက တစ်ခေါက်ပြန်လည် ခိုဝင်ခဲ့ပါပြီ။ ဆယ်စုနှစ်တစ်ခုကျော် ထွက်ပြေးခဲ့ပေမဲ့ နယ်မြို့လေးကတော့ မေတ္တာမပျက် ကျွန်တော့်ကို ပွေ့ဖက်ဆဲပါပဲ။

လမ်းသွယ်လေးထဲ ဝင်ကာနီးတော့ ဆိုင်ကယ်သမားကို ရပ်ခိုင်းမိတယ်။ ရပြီ ဒီလောက်ဆို လုံလောက်ပြီ။ လမ်းဆင်းလျှောက်မယ်။ ပြောင်းလဲလာတဲ့ ရှူခင်းတွေကို ငေးရင်း တစ်စုံတစ်ယောက်လေးကို တမ်းတမယ်။ မျက်နှာအကျလေးကို ပုံဖော်ကြည့်မယ်။ အတိတ်တွေကို အရိပ်တွေအဖြစ် ပြန်ခေါ်ရင်း ပြုပြင်ထားတဲ့ လမ်းဘေးအုတ်ခုံလေးပေါ် ခဏထိုင်မိတယ်။

"မောင့်ရဲ့ဗီဇ သို့မဟုတ် ဘေးအိမ်က ကောင်လေး"(COMPLETED)Where stories live. Discover now